Thursday, December 11, 2014

ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားပူးပေါင်းတပ်နှင့် အစိုးရတပ် တိုက်ပွဲပြင်းထန်

(DVB)

ရှမ်းပြည်မြောက် ပိုင်း ကွတ်ခိုင် မြို့နယ် တာမိုးညဲ မြို့နယ် ခွဲမှာ ကချင်၊ တအာင်း (ပလောင်)၊ ကိုးကန့် စတဲ့ တိုင်းရင်း သား ပူးပေါင်းတပ်နဲ့ အစိုးရ တပ်ကြား ဒီနေ့ တနေကုန် နီးပါး ပစ်ခတ် မှု ဖြစ်ပွား ခဲ့ပါတယ်။

တအာင်းအမျိုး သား လွတ်မြောက်ရေး တပ်မတော် (တီအန် အယ်လ်အေ) ၊ ကေ အိုင်အေ ကချင် လွတ်လပ်ရေးတပ်မတော် နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု ( ကိုးကန့် ) တပ်ဖွဲ့တွေဟာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ် လက်မှတ်ရေး ထိုးနိုင်ရေး ဆွေးနွေးနေ တဲ့  ယူအဲန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်းသား လူမျိုး
များဖက်ဒရယ်ကောင် စီ ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
 
အစိုးရတပ်ဘက်က တပ်မ ၁၁၊ တပ်မ ၇၇၊ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဟာ ခုရက်ပိုင်းအတွင်း တအာင်းဒေသဘက်ကို စစ်အင်အား ဖြည့်တင်းလာတဲ့အတွက် သူတို့တပ်တွေနဲ့ မကြာခဏ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ရဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ခုရက်ပိုင်းအတွင်း အစိုးရတပ် အင်အား ၅၀၀ ကျော် ကျနော်တို့ ထိန်းချုပ်နယ်မြေဘက်ကို တက်လာတယ်ခင်ဗျ၊ အဲလိုတက်လာတော့ မိုဘိုင်းတပ်ဖွဲ့အဖြစ် လှုပ်ရှားနေတဲ့ ကျနော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ကြပါတယ်။ ဘယ်သူက အရင်ပစ်သလဲဆိုတာတော့ ပြောရခက်တယ်။ ဦးတဲ့ဘက်က ပစ်နေတာပါပဲ။ ဒီကနေ့ကတော့ ဆိုင်းခေါင်နဲ့ ဟိုပုံရွာကြားမှာ မနက် ၅ နာရီကနေ ညနေ ၃ နာရီခွဲထိ တနေကုန်ပစ်ကြတယ်။ လက်နက်ကြီးတွေလည်း ပါတယ်။ ဆက်တိုက်တော့ မဟုတ်ပါဘူး၊ ပစ်လိုက်နားလိုက်ပါ။ အခုလည်း ၂ ဘက်စလုံးက အဲဒီနေရာကနေ မဆုတ်သေးတော့ အချိန်မရွေး ပြန်ပစ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။”

ဒီမတိုင်ခင် ဒီဇင်ဘာ ၉ ရက် မနေ့ နေ့ခင်းပိုင်းကလည်း နမ့်ဆန်မြို့နယ် အုမ်းစွမ်ရွာနဲ့ အုမ်းတက်ရွာကြားမှာ၊ ဒီဇင်ဘာ ၈ ရက်က ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ ၊ လွယ်ဆာရွာနဲ့ နားလော်ရွာကြားမှာ တအာင်းတပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အစိုးရတပ်က အခုလို စစ်အင်အားတွေ ဖြည့်တင်းဝင်ရောက်လာတာကြောင့် ဒီ ၂၀၁၄ ဒီဇင်ဘာထဲမှာ ပစ်ခတ်မှုပေါင်း အနည်းဆုံး ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုနဲ့ ကျဆုံးမှုစာရင်းတွေတော့ မသိရသေးဘူးလို့ မိုင်အိုက်ကျော် က ပြောပါ တယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။