Monday, November 24, 2014

အစိုးရတပ်မတော် လက်နက်ကြီးပစ်မှုကြောင့် ကေအိုင်အေတပ်သားနှစ်ဦးဒဏ်ရာရ

(Kachin Waves)

လိုင်ဇာအနီး တ၀ိုက်နှင့် မိုင်ဂျာ အနီးရှိ ကေအိုင်အေ တပ်စခန်းများသို့ အစိုးရ တပ်မတော် တပ်ရင်းများမှ လက်နက်ကြီးဖြင့် (၁၁) ကြိမ် ပစ်ခတ်မှုကြောင့် လိုင်ဇာ အနီးရှိ ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းနှင့် မိုင်ဂျာယန်အနီးရှိ အင်ခေါင်ပါ စစ်ဘးဒုက္ခသည်စခန်းများအနီးသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး ကေအိုင်အေ တပ်စခန်းတွင်လည်း လက်နက်ကြီး ကျရောက်ခဲ့သည့်အတွက် ကေအိုင်အေ စစ်သားနှစ်ဦး လည်း ဒဏ်ရာရရှိသွားကြောင်း ကေအိုင်အေ ဗိုလ်မှူးကြီးတစ်ဦးမှဆိုသည်။


နိုဝင်ဘာ (၂၂) ရက်ညနေ (၆) နာရီအချိန်တွင် မိုင်ဂျာယန် ကေအိုင်အေ တပ်မဟာ (၃)မှ တပ်ရင်း (၁၅) ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်ရင်းများမှ လက်နက်ကြီးဖြင့် (၃) ကြိမ်ပစ်ခတ်ခဲ့ပြီး နှစ်ကြိမ်မှာ အင်ခေါင်းပါ စစ်ဘေးဒုက္ခသည်စခန်းအနီးတွင် ကျရောက်ပြီး တစ်ကြိမ်သည် ကေအိုင်အေတပ်စခန်းသို့ ကျရောက်ခဲ့သည့်အတွက် တပ်သားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆိုသည်။

ပြီးနောက် နိုဝင်ဘာ (၂၃) ရက် နံနက် (၄)နာရီကျော်အချိန်ခန့်တွင် လိုင်ဇာအနီးရှိ ခါယာဘွမ်( Hkaya bum)၊ ဖွန်ပြဲန်ဘွမ်(hpun hpyen bum) တို့တွင် ထိုင်နေသည့် အစိုးရတပ်ရင်းများမှ ၁၀၅၊ ၁၂၀၊ ၈၁၊ ၆၀ စသည့် လက်နက်ကြီးများဖြင့် (၈) ကြိမ်ပစ်ခတ်ခဲ့ပြီး ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းအနီးတွင်လည်း ကျခဲ့ကြောင်းလည်းဆိုသည်။

“အစိုးရတွေက တိုက်ပွဲပြန်ဖွင့်ပြီးဆိုတဲ့သဘောပဲ။ သူတို့က အခုလည်း နီးရင် (၆၀)နဲ့ပစ်တယ်၊ နည်းနည်းဝေးရင်(၈၁)နဲ့ပစ်တယ်။ ပိုဝေးရင် (၁၀၅ မမ)နဲ့ပစ်တယ်။”ဟု ကေအိုင်အေ ဗိုလ်မှူးကြီးတစ်ဦးမှဆိုသည်။

အိုဘားမားပြန်သွားသည့် နောက်တစ်ရက် ၂၀၁၄ နိုဝင်ဘာ ၁၆ ရက်နေ့မှ
စတင်ပြီး ယနေ့ အထိ ကချင်ပြည်နယ်တွင် ငါးလခန့် ငြိမ်းသက်နေသည့် တိုက်ပွဲများ ခါရှန်နှင့် မန်ပင့်ကျေးရွာကြားတွင် ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) ၊ (၂၇) နှင့် အစိုးရစစ်တပ် ခမရ (၃၁၇)တို့ကြားမှ ပြန်လည်စတင်ခဲ့သည်။

၂၀၁၄ နိုဝင်ဘာလ ၁၉ ရက်နေ့လည်းပိုင်းတွင် ခါရာတောင်ခြေတွင် အခြေစိုက်နေသည့် အစိုးရတပ်မတော်မှလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်းတက်နေသည့် သင်တန်းသားများ ဦးထဲမှ ၂၃ သေဆုံးကာ ၂၀ ဦးဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ကေအိုင်အေ အရာရှိများမှဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။