Tuesday, November 11, 2014

အစိုးရနှင့် တိုင်းရင်းသားတို့ အပစ်ရပ်ရေး အကြိုဆွေးနွေးပွဲ နေပြည်တော်တွင်လုပ်

(Mizzima)

သတ္တမအကြိမ်မြောက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲ ကျင်းပရန်  အကြို အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၀ ရက်က နေပြည်တော်တွင် ဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန တွဲဖက်ညွှန်ကြားရေးမှူး ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

 
၇ ကြိမ်မြောက်ကျင်းပမည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် မူကြမ်းအတွက် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ရန် ဆွေးနွေးခဲ့သည်ဟု ၎င်းကဆိုသည်။
"NCCT ဘက်က ခေါင်းဆောင်တွေ အဆင်ပြေရင် နိုဝင်ဘာနောက်ဆုံးပတ်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲက ကျန်ရှိတဲ့အချက်တွေကိုလည်း ညှိနှိုင်းခဲ့ပါတယ်။ အသေးစိတ်ကတော့ အလွတ်သဘော တွေ့ဆုံခဲ့တာဆိုတော့ ပြောလို့မရပါဘူး” ဟု ၎င်းက ပြောသည်။

ယင်းအလွတ်သဘော တွေ့ဆုံပွဲသို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ခွန်ဥက္ကာနှင့် နိုင်ဟံသာ အပါအဝင် လေးဦးတက်ရောက်ခဲ့ပြီး ရက်တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) မှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)  တွဲဖက်ညွှန်ကြားရေးမှူး ဦးညိုအုန်းမြင့်၊ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ နည်းပညာအထောက်အကူပြု အလုပ်အဖွဲ့မှ ဒေါက်တာမင်းဇော်ဦးတို့ တက်ရောက်ခဲ့သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်လည်း NCCT နှင့် UPWC တို့  ၇ ကြိမ်မြောက် ပြုလုပ်မည့် အပစ်အခတ်ရပ်စဲရေးအတွက် နိုဝင်ဘာ ၃ ရက်တွင် အလွတ်သဘော ဆွေးနွေးခဲ့ကြသေးသည်။

စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက်အထိ ပြုလုပ်သည့် အပစ်ရပ်ဆွေးနွေးပွဲတွင် သဘောတူ ညီမှု တစ်စုံတစ်ရာ မရရှိခဲ့ဘဲ အောက်တိုဘာလတွင် ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ကြသည်။   

တစ်နိုင်ငံလုံး အပစ်ရပ်ဆဲရေးသဘောတူညီချက်အတွက် ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်များမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ် ရပ်စဲပြီးနောက် နှစ်ဖက်စစ်သည်တော်များ အပြန်အလှန်လိုက်နာရမည့် ကတိကဝတ်များ၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့ သတ်မှတ်ရေးနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည့်သူများ သတ်မှတ်ရေးတို့ ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။