Friday, October 24, 2014

ဝန်ကြီးချုပ်အား သမိုင်းဆိုး တွင်သွားစေနိုင် သည့် (၃)နှစ်ကြာမှပြန်လည်ပြုလုပ် မည့် မနောင်ပွဲ

(Kachin Wave)
မနောင်ဘရန်(မြစ်ကြီးနား)

အစိုးရနှင့် ကေအိုင် တို့စစ်ပွဲများဖြစ် ပွားပြီးနောက် (၃) နှစ်ကြာ ရပ်ဆိုင်းထား သည့် (၆၇) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောင်ပွဲတော် အား ကျင်းပရန် ကချင်ပြည်နယ် အစိုးရမှ ဦးဆောင်ပြီး ကျင်းပရန် ပြင် ဆင်နေပြီး ဒေသခံ များကြားတွင်လည်း လက်ရှိအချိန် တွင် စိတ်ဝင်စား စရာကောင်းသည့် အကြောင်းအရာ တစ်ခုဖြစ်လာ သည်။


ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှလည်း ကချင်ပြည်နယ်တွင် စစ်ပွဲကြောင့် တိမ်းရှောင်နေရပြီး ဒုက္ခရောက်နေသည့်ပြည်သူများ တစ်သိန်းကျော်ရှိနေသေးသည့်အတွက် လုပ်ဆောင်ရန် မသင့်တော် သေး ကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး သို့ စာတင်အကြောင်းကြားထားပြီ ဖြစ်သည်။ ဒေသခံများသည်လည်း မနောင်ပွဲ လုပ်ဆောင်ရန် အချိန်သည် ယခုအချိန်မဟုတ်သေးကြောင်း ပြောဆိုသံများ ဆက်တိုက်ကြားနေရသည်။


“ဒီနှစ်က အစိုးရသီးသန့်ပဲလုပ်မှာ။ ကျွန်တော်တို့ဝင်ရောက်စွက်ဖက်မှုမရှိဘူး။ မနောင်ပွဲဆိုတာ ခေါင်းစဉ်ရှိရတယ်။ ဒီအတိုင်းအပျော်ပဲတော့ လုပ်လို့မရဘူး။ သဘာဝလည်းမကျဘူး။ဒါကြောင့် ကျွန်တော်တို့ အခုအချိန်လုပ်ဆောင်ရန် မသင့်ကြောင်းလည်း အစိုးရကို စာပေးထားပြီးပြီ။”ဟု ကချင်လူမျိုးများ ရိုးရာ ယဉ်ကျေးမှုကော်မတီ မှဆိုသည်။


လတ်တလောအချိန်တွင် ဖားကန့်၊ တနိုင်း၊ ဗန်းမော်ခရိုင်များတွင် အစိုးရစစ်တပ်မှ ထိုးစစ်ဆင်နေပြီး ကေအိုင်အေနှင့် နှစ်ဖက်တင်းမာမှုများရှိနေဆဲဖြစ်သည်။ အများပြည်သူသွားသည့် လမ်းတော်တော်များများတွင်လည်း အစိုးရတပ်မတော်မှ လုံခြုံရေးကြောင့်ဟုဆိုကာ ပိတ်ပင်ထားဆဲဖြစ်သည်။


အမေရိကန်ဒေါ်လာ (၁၁)သန်းခန့် ကုန်ကျထားပြီဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲများလည်း အခြေအနေမကောင်းသည့်အပြင် မည်သည့် အချိန်မှာ ဆွေးနွေးပွဲအောင်မြင်မည်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသာမက သမ္မတဦးသိန်းစိန်လည်း အာမခံမှု မပေးနိုင်သေး။ ဒုက္ခသည်များဘယ်ချိန်မှာ အိမ်ပြန်ရမည်ကို မြောက်ပိုင်းတိုင်း တိုင်းမှူး ၀င်းဗိုလ်ရှိန်သာမက ကာချုပ်မင်းအောင်လှိုင်လည်း အာမခံမှု မပေးနိုင်။ 


ထိုကဲ့သို့အခြေအနေတွင် ခေါင်းစဉ်မရှိပဲ ဘတ်ဂျတ်ငွေ မြောက်များစွာသုံးပြီး မနောင်ပွဲကရန် ဆုံးဖြတ်လိုက်သည်မှာ ကချင်ပြည်နယ်အစိုးရ၏ မှားယွင်းသည့် ဆုံးဖြတ်ချက်ဖြစ်ပြီး ထိုသုံးမည့် ကျပ်ငွေများအား စစ်ဘေးဒုက္ခသည်များအား ကူညီပေးဖို့စဉ်းစားသင့်ကြောင့်လည်း ဒေသခံများကြား ဝေဖန်သံများ ထွက်ပေါ်လျှက်ရှိသည်။


အစိုးရသက်တမ်း (၄)နှစ်အတွင်း နာမည်ပျက်မရှိခဲ့သည့် ၀န်ကြီးချုပ်အပါအ၀င် ကချင်ပြည်နယ်အစိုးရတစ်ခုလုံးသည် ယခုမနောင်ပွဲပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ယခင် (၄) နှစ်လုံးလုံး နာမည်ပျက်မရှိခဲ့သော်လည်း ထိုကြိုးစားခဲ့သမျှသည် သဲထဲရေသွန်ဖြစ်သွားလိမ့်မည်ဖြစ်သည်။


ဦးလဂျွန်ငန်ဆိုင်းသည်လည်း ၀န်ကြီးချုပ်သက်တမ်းပြီးနောက် ကချင်တစ်မျိုးသားလုံး၏ မုန်းတီးခြင်းကိုခံရမည်သာမက ပြန်အဖတ်ဆယ်လို့မရသည့် နာမည်ပျက်တစ်ခုနှင့် ကျန်ရစ်ခဲ့နိုင်ကြောင်း မြစ်ကြီးနားဒေသခံများမှ ပြောဆိုနေကြသည်။


လက်ရှိအချိန်တွင်လည်း အမှန်တစ်ကယ်မနောင်ပွဲဆိုသည်မှာ ရိုးရာအဖွဲ့မှသာဆိုင်သည်ဖြစ်သော်လည်း ယခုနှစ် မနောင်ပွဲသည် ကချင်ပြည်နယ်အစိုးရ မှသာ ဦးဆောင်ပြီး လုပ်ဆောင်သွားမှာဖြစ်သည့်အတွက် ရိုးရာအဖွဲ့များမှာမူ မည်သည့် အစီ အစဉ်ဖြင့် မည်သည့်နေရာတွင် ကျင်းပမည်ကိုလည်း မသိရှိ ကြောင်း သိရသည်။


ယခုလက်ရှိ ရှိနေသည့် မနောင်ကွင်းတွင် ပြုလုပ်မည်ဆိုပါက ရိုးရာအဖွဲ့များကို အကြောင်းကြား ရမည်ဖြစ် သော်လည်း ယခုအချိန်ထိ ဘာတစ်ခုမှ အကြောင်းကြားထားခြင်းမရှိသေးကြောင်းလည်းသိရသည်။


သို့သော် မြစ်ကြီးနားမြို့မနောင်ကွင်းရှေ့တွင် မနောင်ပွဲပြုလုပ်မည့် ကြော်ငြာဆိုင်းဘုတ်များအား တပ်ဆင်ထားသည်သာမက မနောင်ကွင်းအထဲတွင်လည်း ကော်မတီရုံးအားဖွင့်လစ်ထားပြီဖြစ်သည်။


“မနောင်ပွဲကို လုပ်မယ်ဆိုတာ နိုင်ငံရေးအမြတ်ထုတ်တာပဲ။ မနောင်ပွဲဆိုတာ ခေါင်းစဉ်ရှိတယ်။ ဖဂျီးမနောင် (hpaji manau )၊ ဆွတ်မနောင်(sut manau) ၊ ပါဒန်မနောင်(padang manau ) စသည့်ခေါင်းစဉ်ရှိရတယ်။ အခုဟာက ဘာခေါင်စဉ်နဲ့ကမလဲ။ ကျွန်တော်တို့ကအခုအချိန်မှာဘာလုပ်နေလဲ ဘယ်လိုအခြေအနေရှိနေလဲ ဆိုတာလဲကြည့်ရမယ်။ မနောင်ကလိုက်တာနဲ့ကျွန်တော်တို့ ကို တစ်ကမ္ဘာလုံးက ကျွန်တော်တို့ပြည်နယ်အရမ်းအေးချမ်းသွားပြီလို့ ထင်နေအုံးမယ်။”ဟု လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးမှဆိုသည်။


မနောင်ပွဲတော်အား ၂၀၁၅ ဇန်န၀ါရီလ ၅ ရက်မှ ၁၁ နေ့အထိ နိုင်ငံတော်အဆင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကုလအထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယား အပါအ၀င် ပြည်ထောင်စုဝန်ကြီးများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း မနောင်ပွဲကျင်းပရေးကော်မတီ မှသိရသည်။


“ကချင်ပြည်နယ်နေ့ကျင်းပတဲ့အချိန်မှာ ကျွန်တော်တို့ကချင်လူမျိုးတွေရဲ့ ရိုးရာအကဖြစ်တဲ့ မနောင်အကနဲ့ ဂုဏ်ပြုတာပဲ။ မနောင်ပွဲလုပ်တာမဟုတ်ဘူး။ “ဟု မနောင်ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးမှဆိုသည်။


မည်သို့ဆိုစေကာမူ မနောင်ပွဲအား ဆက်လက်ကျင်းပသွားမည်ဆိုပါက ကချင်ပြည်နယ်အစိုးရအနေဖြင့် အစိုးရသက်တမ်း (၄)နှစ်အတွင်း တစ်ခါမှ မကြုံဖူးသည့် ပြသာနာများ ကြုံတွေ့လာနိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။