Wednesday, October 8, 2014

ထိုးစစ်ဆင် လာမှုကြောင့် ကေအိုင်အေမှ ပရင်းမှော် သွားလာမှုပြန်လည်ပိတ်ပင်

(Kachin Waves)

တနိုင်းဟူးကောင်းဒေသ ကေအိုင်အေ ထိန်ချုပ်နယ်မြေရှိ လွန်ခဲ့သည့် တစ်လခန့်မှ အသစ်စတင်ဖွင့်လစ်ခဲ့သည့် ရာမွတ် ပရင်းမှော်အား ကေအိုင်အေမှ ပြန်လည်ပိတ်ပင်လိုက်သည့်အတွက် အလုပ်လာလုပ်ကိုင်သူများ ပြန်လာကြပြီး တနိုင်းမြို့တွင် တည်းခိုးခန်းများမဆန့်သည့်အတွက် ဘုရားကျောင်းများတွင် နေနေရကြောင်း သတင်းရရှိသည်။

“ ပရင်းမှော်ပိတ်လို့ ပြန်လာကြတဲ့သူတွေများတယ်။ တည်းခိုခန်းမဆန့်တော့ ဘုရားကျောင်းမှာနေတဲ့လူတွေလည်းရှိတယ်။ (၃) ရက်အတွင်း အပြီးပြန်ခိုင်းတယ်လို့ကြားတယ်။ ”ဟု တနိုင်းနှစ်ခြင်းအသင်းတော်မှ လူငယ်တာဝန်ခံ ကိုနော်ဆိုင်းမှဆိုသည်။


ထိုမှော်သို့သွားရာလမ်းတစ်လျှောက်တွင် အစိုးရစစ်တပ်များမှ စစ်ကြောင်းထိုးလာသည့်အတွက် ကေအိုင်အေအဖွဲ့ မှပိတ်လိုက်ခြင်းဖြစ်ကြောင်းလည်းဆိုသည်။

ပရင်းမှော်သို့ ရောက်ရန် ကုန်းလမ်း ရေလမ်းဖြင့် သွားရသည့်ခရီးဖြစ်ပြီး ကုန်ကျစရိတ်လည်းများပြားသည့်အတွက် မှော်အစသာ ဖွင့်ထားပြီး ပြန်ပိတ်လိုက်သည့်အတွက် ထိုမှော်သို့ လာရောက်လုပ်ကိုင်နေသည့် ဒေသခံများအတွက် ဆုံးရှုံးမှု များစွာရှိနေပြီး ငိုနေကြကြောင်းလည်းဒေသခံများမှဆိုသည်။

“ အရမ်းရှုံးတော့ အကုန်ငိုနေကြတယ်။ အခုမှသွားပြီး ပြန်လာခဲ့ရတော့ ဆုံးရှုံးမှုတွေ အရမ်းများတယ်။ တနိုင်းကနေသွားရင် လူတစ်ယောက် မှော်ကိုရောက်ဖို့ ပိုက်ဆံ တစ်သိန်းလောက်ကုန်တယ်။”ဟုတနိုင်းဒေသခံတစ်ဦးမှဆိုသည်။

ထိုပရင်းမှော်တွင် မြန်မာပြည်အနှံ့မှ ပြည်သူများ လာရောက်လုပ်ကိုင်ကြပြီး အများစုမှာ မိုးကုတ်မှ လီဆူ တိုင်းရင်းသားများဖြစ်ကြကြောင်းလည်းဆိုသည်။
တနိုင်းဒေသတွင် ပရင်းမှော် (၄) ခုခန့်ရှိပြီး မှော်အားလုံးကို အစိုးရစစ်တပ်မှ ထိုးစစ်ဆင်မှုကြောင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။