Saturday, October 4, 2014

ပြည်သူကို အနိုင်ကျင့်သူ

(MIzzima)
Written by  စည်သူအောင်မြင့် 

လက်နက်ဆိုတာ လူကို သွေးကြွစေပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့လောက် ပိုင်ဆိုင်ပြီဆို ပိုပြီး မောက်မာမှုကို ဖြစ်စေပါတယ်။ လက်နက်ကိုင် စစ်တပ်တစ်တပ်ကို အမိန့်ပေး ညွှန်ကြားနိုင်ပြီဆိုရင်တော့ အထူးပြောဖို့ မလိုတော့ပါဘူး။ ဒါကြောင့်လည်း ကမ္ဘာမှာ ရက်စက်ဆိုးသွမ်းတဲ့ စစ်အာဏာရှင်စနစ်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အခုတလော မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကျွန်တော် တွေးတောနေမိတာပါ။ ကျွန်တော်လည်း လက်နက်ကိုင်ခဲ့ဖူးပါတယ်။ တစ်ချိန်တုန်းကတော့ ဒေသခံ ပြည်သူတစ်ယောက်ကို အနိုင်ကျင့်ခဲ့ဖူးပါတယ်။ အဲဒီအကြောင်းလေး ပြန်ပြောပြချင်ပါတယ်။


၁၉၉၁ ခုနှစ်လောက်က ထင်ပါတယ်။ ကျွန်တော်ဟာ ကချင်အထူးဒေသ(၁) NDA(Kachin) တပ်ဖွဲ့ရဲ့ ဗဟိုဌာနခွဲ ရုံးစိုက်ရာ တရုတ်နယ်စပ် ကမ်ပိုက်တီး ကျေးရွာမှာ မိသားစုနဲ့ နေထိုင်ပါတယ်။ တာဝန်ကတော့ ရုံးအုပ် စစ်အရာရှိပါ။ NDA(Kachin) တပ်ဖွဲ့ဆိုတာဟာ အရင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပရဲ့ ၁၀၁ စစ်ဒေသဖြစ်ပြီး ခွဲထွက်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ခွဲထွက်ပြီးနောက် ၁၉၉၀ ဒီဇင်ဘာထဲမှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲပါတယ်။ အစိုးရဘက်က NDA(Kachin) အဖွဲ့နဲ့ အခြား လက်နက်ကိုင် အဖွဲ့တချို့ကို မတရားအသင်းကနေ ပယ်ဖျက်ပေးပါတယ်။

နောက်ပိုင်း NDA(Kachin) ရဲ့ဗဟိုဌာနချုပ် ပန်ဝါနဲ့ ကမ်ပိုက်တီးနယ်စပ်ဒေသနှစ်ခု ကုန်စည်ကူးသန်းသွားလာမှုနဲ့ စည်ကားလာပါတယ်။ 

စည်ကားလာမှုနဲ့အတူ မြေနေရာ ပြန်လည်နေရာချထားတာတွေ လုပ်ပါတယ်။ လွယ်ပြောရရင် ကားလမ်းနံဘေးက အကွက်အကွင်းကောင်းတဲ့နေရာ အတော်များများကို NDA(Kachin) စစ်ခေါင်းဆောင်တွေ အရယူသိမ်းပိုက်လိုက်ကြတာပါ။ (ဒီလို လုပ်နည်းလုပ်ဟန်တွေဟာ ဗမာစစ်ခေါင်းဆောင်တွေနဲ့ ကချင် စစ်ခေါင်းဆောင်တွေ သိပ်မကွာခြားပါဘူး၊ အတူတူပါပဲ။) တချို့ စစ်ခေါင်းဆောင်တွေက ပန်ဝါဌာနချုပ်မှာ အိမ်ကြီးအိမ်ကောင်းတွေ ရှိတဲ့အပြင် ကမ်ပိုက်တီးမှာလည်း မြေနေရာရယူ အိမ်ဆောက်ကြတာပါ။

ဒီလို စစ်ခေါင်းဆောင်တွေက ကားလမ်းနံဘေး မြေနေရာ ရယူလိုက်တာကြောင့် နဂို အဲဒီကားလမ်းနဘေးမှာ အိမ်ဆောက် နေထိုင်ခဲ့တဲ့ ဒေသခံတွေဟာ ကားလမ်းအောက်ဘက် အတွင်းပိုင်းကို ရွှေ့ပြောင်းပေးကြရပါတယ်။ နောက်ပိုင်း ကျွန်တော်ဟာ မိတ်ဆွေတပ်မှူးတစ်ယောက် ရထားတဲ့ ကားလမ်းနံဘေးက မြေကွက်မှာ သူ့အတွက် အိမ်တစ်လုံး ဆောက်ပေးဖို့ တာဝန်ယူရပါတယ်။ ဒီလိုနဲ့ မြေညှိတာ၊ အိမ်ဆောက်ဖို့ကိစ္စတွေ လုပ်ပါတယ်။ အဲလို
လုပ်နေရင်းနဲ့ ညနေစောင်းတစ်ခုမှာ ကျွန်တော့် တည်ဆောက်ရေးလုပ်ငန်းခွင်ကို ဖယ်ရှားခံလိုက်ရတဲ့ လောက်စေ ဆိုတဲ့ ဒေသခံ ရောက်လာပါတယ်။ သူက ကျွန်တော့်ကိုတွေ့ပြီး စကားအများကြီး ပြောပါတော့တယ်။ ငါတို့ မြေနေရာကို မတရားသိမ်းတယ်၊ အိမ်ကို ပိတ်ပြီးဆောက်လိုက်တော့ တောင်စောင်းအောက်မှာ ဆောက်ထားတဲ့ သူ့အိမ်သွားဖို့ လမ်းတောင်မကျန်တော့ဘူး စသဖြင့် ဖြစ်ပါတယ်။ အဲလို အပြန်အလှန် တစ်ယောက် တစ်ခွန်း စကားများတဲ့အခါ ကျွန်တော်ကအိမ်ပြန်ပြီး သေနတ်သွားဆွဲလာပါတယ်။ လောက်စေမှာတော့ ဘာသေနတ်မှမရှိပါ။ အဲဒီနောက် ကျွန်တော်တို့ နှစ်ယောက် ဆက်စကားများပါတယ်။ စကားများနေချိန် ကျွန်တော်က လက်နက်အားကိုးနဲ့ လောက်စေကို ကိုယ်ထိလက်ရောက် တွန်းထိုးတာ လုပ်ပါတယ်။ နောက် မြေကြီးပေါ် လဲကျသည်အထိ သူ ကျွန်တော့်ကို ပြောတာဆိုတာ ရပ်မသွားပါဘူး။ နောက်ပိုင်း ကျွန်တော် သူ့ကို အဲဒီ မြေကွက်ကနေ ဆွဲထုတ်လိုက်ပါတယ်။


နောက်ပိုင်း လောက်စေ ကျွန်တော့် အိမ်ဆောက်တဲ့ လုပ်ငန်းခွင်ထဲကို မလာတော့ပါဘူး။ တစ်ခါတစ်ရံ လမ်းအောက်ဘက်က သူ့တဲထဲကနေ ကျွန်တော်တို့ အိမ်ဘက်ကို မတ်တတ်ရပ်ပြီး မကျေနပ်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတတ်ပါတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်တော် အဲဒီအချိန်က လောက်စေကို နားလည်းမလည်ပါဘူး။ ကိုယ်ချင်းလည်း မစာပါဘူး။ ဒီဒေသကို အဖွဲ့အစည်းက အုပ်ချုပ်တာ၊ အဖွဲ့အစည်းရဲ့အမိန့်ကို လိုက်နာရမယ်။ လာ အာမခံနဲ့ ဆိုတာမျိုးလောက်ပဲ နားလည်ပါတယ်။ အဲဒီအချိန် ကျွန်တော့် အသက် ၂၆ နှစ်လောက် ရှိပါမယ်။

နောက်ပြီး စကားများ ပြဿနာဖြစ်တာကို ဘာမဆိုင် ညာမဆိုင် အိမ်ပြန် သေနတ်သွားဆွဲတာကိုလည်း ကိုယ့်ကိုယ်ကို ပြန်မသုံးသပ်မိပါဘူး ။ သေနတ်ကို လက်နက်မဲ့ ပြည်သူလူထုကို ခြောက်ဖို့လှန့်ဖို့၊ လိုအပ်ရင် အသုံးပြုဖို့ ရည်ရွယ်ခဲ့တာကတော့ အတော်ရှင်းပါတယ်။ ဒါက အတော်ဆိုးတဲ့ လုပ်ရပ်ပါ။ ဒီလောက် မဆိုးပေမယ့် ဒီလို လုပ်ရပ်
မျိုး ကေအင်န်ယူ တပ်မဟာ ၆ မှာ နေစဉ် တုန်းကလည်း လုပ်ခဲ့ဖူးပါတယ်။ တစ်ချိန်မှာ ခရီထွက်ရင်း ကျွန်တော် အတော်ဗိုက်ဆာပါတယ်။ ကျွန်တော်တို့ သွားရာ လမ်းတောထဲမှာ ထိုင်းနယ်စပ်ကနေ မှောင်ခို အထမ်းသမားတွေ ဆင်းလာကြတာတွေ ရှိပါတယ်။ အဲဒီ အထမ်းသမားတွေဟာ ကျောပေါ်မှာ ပလိုင်းကြီးတွေထမ်းပြီး မှောင်ခိုပစ္စည်းတွေ သယ်ကြတာပါ။ အဲဒီ အထဲကမှ ပလိုင်းဘေးမှာ ဘီစကွတ်မုန့်ထုပ် ချိတ်ထားတဲ့ အထမ်းသမားတစ်ယောက်ကို ကျွန်တော်က ရပ်တန့်ခိုင်းပါတယ်။ 

ကျွန်တော်က လက်နက်ကိုင်ထားသူဆိုတော့ သူက ရပ်တန့်ပေးပါတယ်။ အဲဒီနောက် ကျွန်တော်က သူ့မုန့်ထုပ် လက်ညှိုးထိုးပြပြီး ကျွန်တော် ဗိုက်ဆာတယ်၊ မုန့်စားချင်တယ်၊ ပိုက်ဆံလည်း မရှိဘူးလို့ ပြောလိုက်ပါတယ်။ သူက ဖြည်းဖြည်းချင်းထိုင်ပြီး မုန့်ထုပ် ကျွန်တော့်ကို ကြိုးဖြေပေးပါတယ်။ အဲဒီအချိန် သူ ကြည်ဖြူလား၊ မကြည်ဖြူ ဘူးလား၊ ကျွန်တော် မသိပါ။ သေချာတာကတော့ ကျွန်တော် လက်နက်ကိုင်ထားတဲ့အတွက် သူ မုန့်ပေးတာပါ။ အဲလို မရှေးမနှောင်းကာလမှာပဲ ကောက်ညှင်းထုပ်၊ မုန့်လုပ်ဆောင်း တောင်းစားတာ နှစ်ကြိမ်လုပ်ပါတယ်။ ကျွန်တော် အသက် ၂၀ တုန်းကပါ။

ဒီဖြစ်ရပ်တွေ ပြန်စဉ်းစားတဲ့အခါ ကျွန်တော်တို့ဟာ လက်နက်ကိုင်ထားတယ်ဆိုပြီး ပြည်သူတွေကို မတော်မတရားလုပ်ခဲ့တာ ပြန်မြင်လာပါတယ်။ လောက်စေကိစ္စ ဆိုရင် သူ့မြေကိစ္စ သူစကားလာပြောတာကို ကျွန်တော်က လက်နက်အားကိုးနဲ့ ကိုယ်ထိလက်ရောက် တုံ့ပြန်ပါတယ်။ ဒါဟာ ပြည်သူကို အနိုင်ကျင့်တာပါပဲ။ နောက်ပိုင်း ကျွန်တော် အဲဒီလိုလုပ်ခဲ့တာ နောင်တရပါတယ်။ မှားတယ်လို့လည်း မြင်ပါတယ်။ ဒါမျိုး လက်နက်ကိုင်စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ မြန်မာပြည် နေရာအနှံ့အပြားမှာ ပြည်သူတွေ ကြုံရ၊ ဆုံရ၊ မြင်ရ၊ ကြားကြရမှာပါပဲ။ အခု မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှာ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတာနဲ့ ဆက်စပ်ပြီး ကျွန်တော်လည်း လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်ခဲ့ဖူးတဲ့အကြောင်း ပြန်ပြောင်းပြောပြတာ ဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။