Tuesday, October 28, 2014

ဒေသခံ လူထုရဲ့ အသံ နားထောင်ဖို့ အရေးကြီး

(RFA)

မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ် က ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ လိုလားချက်တွေနဲ့ မျှော် လင့်ချက်တွေကို သိရှိအောင် လာရောက် နားထောင် တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သုံးရက်ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ဒီနေ့ ပြောကြားပါတယ်။

သူ့ရဲ့မြစ်ကြီးနားမြို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA ကမေးမြန်းရာမှာ သံအမတ်ကြီး Mr. Mitchell က ကချင်ပြည်နယ်အစိုးရအပြင် ဘက်ပေါင်းစုံက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ပြော လိုက်တာပါ။

 
“အဖွဲ့အစည်းပေါင်းစုံနဲ့ သုံးရက်ကြာတွေ့ဆုံခဲ့ပြီး မိမိခံစားမိတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုရင် အောက်ခြေအဆင့်ဆင့်မှာ ဘက်ပေါင်းစုံက ယုံကြည်မှုတည်ဆောက်ဖို့ အများကြီး လိုအပ်နေပါသေးတယ်၊ ရန်ကုန်လိုမြို့မှာ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောတာ ကြားရပါတယ်၊ အခုလို လာရောက်ပြီး အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံပြီး နားထောင်ရတာကိုတော့ ဘာနဲ့မှ လဲလို့မရပါဘူး၊ အဲ့ဒီမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဘာပြောနေကြ သလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဘာတွေပြောနေသလဲဆိုတာကို နားထောင် ဖို့ဟာ အရေးကြီးပါတယ်” လို့ အမေရိကန်သံအမတ်ကြီးက ပြောသွားပါတယ်။

ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းကလည်း သံအမတ်ကြီး ကချင်ပြည်နယ်ကို လာရောက်တာကို ကြိုဆိုကြောင်း ပြောပါတယ်။

"မြစ်ကြီးနားကို လာတဲ့အချိန်မှာပေါ့၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေ လူသားချင်းစာနာတဲ့ အထောက်အထား ထောက်ပံ့မှုတွေ အကြောင်းတွေ ဒါတွေပဲဆွေးနွေးတာ ရှိပါတယ်၊ အမေရိကန် သံအမတ်ကြီးအနေနဲ့ ကချင်ပြည်နယ်ကို လာတယ်ဆိုတာဟာ ပြည်နယ်အစိုးရရဲ့ သဘောထား အမြင်တွေ၊ ကချင်ပြည်နယ်ရဲ့ အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခွင့်ရတာပါ၊ အဲ့ဒီတော့ တခါတခါမှာ အပြင်မှာပြောတဲ့စကားတွေ၊ မီဒီယာမှာ ကြားရတဲ့ကိစ္စတွေ သူကိုယ်တိုင်တွေ့ဆုံ တယ်၊ လေ့လာတယ်ဆိုရင်တော့ အရှိကို အရှိအတိုင်း သူမြင်သွားတာပေါ့"

သံအမတ်ကြီးဟာ မြစ်ကြီးနားမြို့နားက စစ်ပြေးဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။