Tuesday, October 28, 2014

ဖောက်ခွဲမှုပုဒ်မဖြင့် ထောင်နှစ်၂၀ ချခံထားရသည့် ကချင်ဒုက္ခသည် နှစ်ဦးအတွက် ဆုတောင်းပွဲလုပ်မည်

မဇ္ဈိမသတင်းဌာန 
 
မတရား အသင်းပုဒ်မ၊ ဖောက်ခွဲမှုပုဒ်မတို့ဖြင့် စွပ်စွဲကာ ထောင်ဒဏ်နှစ် ၂၀ ချခံနေရသော ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်းတို့၏ အမှုမှ အမြန်ဆုံး လွတ်မြောက်ရန် အထူးဆုတောင်းခြင်းနှင့် အမှုမှန်အား ပြည်သူလူထုသို့ ရှင်းလင်းပွဲကို လာမည့် နိုဝင်ဘာလ ၄ ရက်တွင် ပြုလုပ်မည်ဟု ၎င်းတို့၏ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

၎င်းတို့နှစ်ဦး အမြန်ဆုံး လွတ်မြောက်ရန်နှင့် သူတို့ နှစ်ဦး လူ့အခွင့်အရးချိုးဖောက်ခံရသကဲ့သို့ ကချင်ပြည်နယ်သူ/သားများ ဆက်လက်မကြုံရစေရန် ရည်ရွယ်၍ လူထုရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဦးဂျီမားခါးက မဇ္ဈိမကို ပြောသည်။


“သမ္မတဆီပို့တာလည်း ခုထိ ဘာမှအကြောင်းမပြန်ဘူး။ ဘာမှ အရေးမယူပေးသလို ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က သက်ဆိုင်ရာလူကြီးတွေ သိဖို့နဲ့ လူထုကိုလည်း ပိုသိရှိလာအောင် ရှင်းပြဖို့လိုနေ တယ်။ နောက်ပြီး သူတို့နှစ်ဦး အမြန်ဆုံး လွတ်မြောက်လာဖို့ လုပ်တာဖြစ်တယ်” ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ဆုတောင်းခြင်းနှင့် လူထုရှင်းလင်းပွဲ အစီအစဉ်ကို မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် ခန်းမတွင် နံနက် ၉ နာရီမှ ၁၂ နာရီထိ ကျင်းပကြမည် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်က ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်းတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် သမ္မတ ဦးသိန်းစိန်ထံ ကချင်ပြည်နယ် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က လက်မှတ်ရေးထိုး တောင်းဆို ခဲ့သော်လည်း ယနေ့အထိ အကြောင်းမထူးသေးဟု ရှေ့နေဦးဂျီမာခါးက ပြောသည်။

၂၀၁၃ ခုနှစ် နိုင်ဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ဝင်များ ဖြစ်သည်ဟု စွပ်စွဲ၍ မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၊ ဖောက်ခွဲမှုတို့ဖြင့် ဦးလဖိုင်ဂမ်ကို ထောင်ဒဏ် ၂၀ နှစ်၊ ဦးဘရန်ရုန်းကို ထောင်ဒဏ် ၂၁ နှစ်ထိ အသီးသီးချမှတ်ခဲ့သည်။

၎င်းတို့ နှစ်ဦးမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က ရွှေစက်ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေပြီး သူတို့၏ သားသမီးများ၏ ကျောင်းစရိတ် အခက်အခဲကြောင့် တာလောကြီးကျေးရွာသို့ အခကြေးငွေဖြင့် ကျွဲ၊ နွားမောင်းရန် လိုက်ပါသွားရာမှ အစိုးရ၏ ခလရ ၃၇ တပ်ရင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။