Monday, October 20, 2014

စကားလုံး ဘောင်းဘီကျပ်ခြင်း

(Mizzima)

အစိုးရနှင့် အတိုက်အခံ၊ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြားတွင် တစ်ခါတစ်ရံ ညှိနှိုင်းဆွေးနွေးမှုများမှာ ရှေ့မဆက်နိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် စကားလုံးနှစ်လုံးနှင့် အကျပ်အသပ်နွံထဲမှ ထွက်မရသောကြောင့်ဖြစ်သည်။ လင်းလင်းဆိုရသော် စကားလုံး ဘောင်းဘီကျပ်နေခြင်း ဖြစ်သည်။

စစ်အစိုးရ၏ အစဉ်အဆက် ရိုက်သွင်းထားသော စကားလုံးများကို အရိုးခံ ပြည်သူများက အစ၊ နယ်ပယ်စုံနှင့် တွေ့ဆုံမေးမြန်းခွင့်ကို သာမန်ပြည်သူတို့ထက် ပိုသာသော အခွင့်အရေး ရရှိထားသည့် သတင်းထောက်၊ အယ်ဒီတာအစရှိသည့် သတင်းသမားများအလယ်၊ နိုင်ငံရေးကို လုပ်ကိုင်ဆောင်ရွက်နေကြသည့် နိုင်ငံရေးသမားများ အဆုံး လိုလိုချင်ချင်နှင့်သော်လည်းကောင်း၊ မသိနားမလည်ဘဲနှင့် သော်လည်းကောင်း လက်ခံနေကြရသည်၊ သုံးစွဲနေကြသည်။


ထင်ရှားသော ဥပမာတစ်ခုမှာ ဖက်ဒရယ်ဆိုသော စကားလုံးဖြစ်သည်။ ဖက်ဒရယ်ကို မျိုးဆက်များနှင့်ချီ စစ်ပွဲနှင့် ဆင်းရဲမှုနွံထဲနေ တိုင်းရင်းသားတို့ နားလည်သည်က တစ်မျိုးဖြစ်သော်လည်း စစ်အစိုးရအဆက်ဆက်က အမြင်တစ်မျိုးဖြင့် ပြည်သူကို သင်ကြားလေ့ကျက်ပေးခဲ့သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုရုံးနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်ဟူ၏။

ယခင်က Union of Burma၊ နောက်တော့ Union of Myanmar ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံဟု မြန်မာပြန်သည်၊ တိုင်းရင်းသားတွေ စုပေါင်း ပါဝင်သဖြင့် ပြည်ထောင်စုဟု ခေါ်သည်ဟု အဓိပ္ပာယ်ဖွင့်သည်။ ဖက်ဒရယ်ကို ခွဲထွက်ရေးမူဟု အနက်ထုဆစ်ရင်း စစ်အာဏာသိမ်းခဲ့သည်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူတွေတော့ အမြတ်မထွက်၊ စစ်အစိုးရအာဏာပိုင် အဆက်ဆက်သာ ဆယ်သက်စားမကုန် ဖြစ်သွားတော့သည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အစိုးရသစ်၏ အရေးတကြီး လုပ်ငန်းများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပါလာသည်။ သမ္မတက ပြည်ထောင်စုမှ ခွဲမထွက်နှင့်၊ အချုပ်အခြာအာဏာ မထိပါးနှင့်၊ ကျန်တာအကုန် ညှိနှိုင်းမည်ဟု ပြောသည်။ ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းက ထိုမူနှင့် သူအလုပ် လုပ်သည်ဟု ဆိုသည်။ တိုင်းရင်းသားတို့ကလည်း အခွင့်အရေးရသည်နှင့် တစ်သက်လုံး ပြောဆိုခဲ့သည့် ဖက်ဒရယ်ကို ပြန်ပြောလာသည်။ အစိုးရရော စစ်တပ်ပါ လက်ခံလိုက်သည်။ ဖက်ဒရယ်မူနှင့် သွားကြမည်ဆိုလျှင် ပြည်ထောင်စုက ဖက်ဒရယ်ပြည်ထောင်စု၊ စစ်တပ်
ကလည်း ဖက်ဒရယ်စစ်တပ်ပေါ့ဟု တိုင်းရင်းသားတို့က ဆိုသည်။


ဒီတွင်ပင် စကားလုံးဘောင်းဘီကျပ်သည့်အဖြစ် ရောက်လာသည်။ ဟန်ဆောင်မရ၊ ထိန်းမရနှင့် အနေခက်ကုန်တော့သည်။ ဖက်ဒရယ်နှင့် ပြည်ထောင်စု စကားလုံးက နှစ်လုံးတည်းဖြစ်သော်လည်း အနှစ်သာရက ကွာခြားနေသည်။ တိုင်းရင်းသားပေါင်းစုံပါတိုင်း ပြည်ထောင်စုဟု ခေါ်၍ရပါသလား၊ ဖက်ဒရယ်၏ အနှစ်အသားကို ဘယ်နားထားမလဲ။ ရောချလိုက်လို့ရသည့် ပြဿနာ မဟုတ်တာကတော့ သေချာနေပါသည်။

သမ္မတဦးသိန်းစိန်အစိုးရက ၂၀ဝ၈ ဖွဲ့စည်းပုံနှင့် တက်လာသည့် အစိုးရဖြစ်ပြီး၊ ယင်းဖွဲ့စည်းပုံမှာ ပြည်ထောင်စုစနစ်ကို သွားထားသည်ဟု ပြောသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အခြေခံဥပဒေကြီးကို အဖုံးမှစ၍ တစ်အုပ်လုံး ဆုပ်ကိုင်ပြီး ပြန်ရေးရန် ပြောသည်။ တပ်မတော်က တိုင်းရင်းသားအားလုံးပါနေသဖြင့် ပြည်ထောင်စုတပ်မတော်ဖြစ်နေပြီဟု အကြောင်းပြသည်။ တိုင်းရင်းသားတို့က ဖက်ဒရယ်တပ်မတော်စစ်စစ် ဖွဲ့စေချင်သည်ဟု တောင်းဆိုသည်။

စစ်အာဏာရှင်တို့က ဗျူဟာမြောက်နိုင်ငံရေးကို ကစားသည်၊ အတိုးအဆုတ်အချုပ်အခွာနှင့် သွားသည်။ တိုင်းရင်းသားတို့ကလည်း နောကျေအောင် ကော့ပျံလန်ခံပြီးဖြစ်သဖြင့် စစ်အာဏာရှင်တို့ ကစားသည့်အကွက်အတွင်း မဝင်ရန်နှင့် တန်ပြန်နိုင်ငံရေး လမ်းကြောင်းများဖြင့် ၂၁ ရာစု မြင်ကွင်းတွင် သွားနေသည်။ မည်သို့ဆိုစေ နှစ်ဖက်စလုံး မညစ်မှ၊ တိုင်းပြည်နှင့် ပြည်သူများအကျိုးကို စိတ်ဖြူဖြူဖြင့် ဖြေရှင်းမှ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီမိုးများ မြန်မာပြည်တွင် ဒလဟော ရွာသွန်းဖြိုးနိုင်မည် ဖြစ်သည်။

သို့တည်းမဟုတ်က ဖက်ဒရယ်၊ ပြည်ထောင်စု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှု၊ အာဏာနှင့် အရင်းအမြစ် ခွဲဝေမှုစသည့် စကားလုံးဘောင်းဘီတို့ ကျပ်နေကြရဦးမည်ဖြစ်သည်၊ သို့ဆိုလျှင် ရှေ့မတိုး နောက်ဆုတ်ဆုတ်ဖြင့် အစိမ်းရှင်တို့ လောကထဲ၌သာ ကျင်လည်ကြရဦးမည်ဟု မဇ္ဈိမက ယုံကြည်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။