Wednesday, October 1, 2014

မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းခြင်းသုံးနှစ်ပြည့် ဆုတောင်းပွဲ ကျင်းပ။

(Kachin Waves)

မြစ်ကြီးနားမြို့ တန်ဖဲကျေးရွာရှိ ဒေသခံပြည်သူများ နှင့် အသင်းတော်တို့မှဦးစီးပြီး မြစ်ဆုံရေ ကာတာစီမံကိန်းရပ်ဆိုင်းခြင်း ၃နှစ် ပြည့်ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက်နေ့ တန်ဖဲကျေးရွာ မြစ်ဆုံကမ်းခြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ဒေသခံလူငယ်များ နှင့် မိခင်များတို့မှ သီချင်းဆိုခြင်း၊ ဆုတောင်းခြင်း၊ ရိုးရာတီးဝိုင်း ဖြင့်တီးခတ်ခြင်း တန်ဖဲကျေးရွာ သမိုင်းအကျဉ်း နှင့်ကဗျာတို့အားဖတ်ပြခြင်းပြုလုပ်ခဲ့သည်။


“ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်။ မြစ်ဆုံရေကာ တာစီမံကိန်းကြောင့် မြစ်ဆုံပျောက်ကွယ် သွားမှာကို လုံးဝမလိုလားပါဘူး။ ကျွန်တော်တို့နေထိုင်တဲ့ ဒေသ ပတ်ဝန်းကျင်တွေ ပျက်စီးဆုံးရှုံးမှာကို လုံးဝမ လိုလားပါဘူး။” ဟုပွဲပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကို ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးတူးခေါင်က ပြောသည်။

မြစ်ဆုံရေကာတာစီမံကိန်းအား သမ္မတဦးသိန်းစိန်က ၄င်း၏သက်တမ်းတွင်ယာယီရပ်ဆိုင်းထားမည်ဟုကြော်ငြာ ထားသော်လည်း CPI ကုမ္ပဏီ မှာမူ ယခုအချိန်ထိ ကချင်ပြည်နယ်တွင် ရှိနေဆဲဖြစ်ကြောင်းပြောသည်။ ဒေသခံများမှ ဧရာဝတီမြစ် တည်မြဲဖို့အတွက် ဒေသခံများသာမက နိုင်ငံသူ နိုင်ငံသားတို့သည် မြစ်ဆုံ ရေကာတာ ရပ်ဆိုင်းဖို့ အားလုံးတွင်တာဝန်ရှိကြောင်းပြော ဆိုသည်။

“ ဒီဧရာဝတီ တည်မြဲဖို့အတွက် ကချင်ပြည်နယ်မှာ ရှိတဲ့ဒေသခံတွေပဲတာဝန်မဟုတ်ဘူး။ ဧရာဝတီမြစ်တစ် လျှောက် မြန်မာတစ်နိုင်ငံလုံး မှာရှိတဲ့ပြည်သူပြည်သားတွေ နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ်။” ဟုမြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွှေ့ကျေးရွာဖြစ်သည့် အောင်မြင်သာစံပြကျေးရွာနေ ဒေါ်လုရာမှဆိုသည်။

ယနေ့ကျင်းပပြုလုပ်သည့် ၃နှစ်ပြည့်အစီအစဉ်တွင် ဒေသခံ လူအင်အား(၃၀၀)ခန့် တတ်ရောက်ခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။