Tuesday, September 30, 2014

တိုက်ပွဲတွေ ဘာကြောင့် ပြန်ဖြစ်လာသလဲ

(Mizzima)

ပြီးခဲ့တဲ့အပတ်က မြဝတီမှာ ဒီကေဘီအေတပ်ဖွဲ့က အရာရှိတစ်ယောက် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပြီး နောက် အခုရက်ပိုင်းအတွင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နဲ့ မြဝတီမြို့တွေမှာ လက်နက်ကိုင် ပဋိပက္ခ တွေ ထပ်ပြီးဖြစ်ပွားခဲ့ပါတယ်။ ကျိုက်မရောဘက်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာတော့ ပိုပြီးအရုပ်ဆိုး အကျည်းတန်တဲ့၊ နောက်ဆက်တွဲ ဖြေရှင်းကြေအေးဖို့ ခက်ခဲတဲ့ ပြဿနာမျိုး ဖြစ်ခဲ့တာမို့ မြန်မြန်ဆန်ဆန် ငြိမ်းအေးသွားဖို့တော့ မမြင်တွေ့ရပါဘူး။ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ ခုလိုတင်း မာမှုမျိုး ဘာလို့ဖြစ် လာရသလဲ၊ ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။


လတ်တလော ဖြစ်စဉ်အကျဉ်းကို ပြန်ပြောဖို့ လိုပါလိမ့်မယ်။ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေ အပစ်ရပ်ကြတဲ့အခါ နှစ်ဖက်နယ်မြေ သတ်မှတ်ချက်တွေ စနစ်တကျ မလုပ်နိုင်သေးခင်စပ်ကြား ရောက်ရာနေရာတွေမှာ ပိုနေမြဲ ကျားနေမြဲ နေကြရတဲ့ သဘောရှိပါတယ်။ 
အစိုးရဘက်ကတော့ လက်နက် ကိုင်တပ်ဖွဲ့တွေကို မြို့တချို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်ခွင့်ပေးပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ အစိုးရနယ်မြေထဲလာရင် ယူနီဖောင်း မဝတ်ဖို့၊ လက်နက်ကိုင်ဆောင်ခြင်းမပြုဖို့ တားမြစ်ပါတယ်။ တကယ်လို့ လိုအပ်လို့ ယူနီဖောင်းဝတ် လက်နက်နဲ့ သွားလာမယ်ဆိုရင် သက်ဆိုင်ရာ နယ်မြေခံတပ်ဖွဲ့ တွေဆီမှာ သတင်းပို့၊ ခွင့်ပြုချက်ရမှ သွားလာဖို့ တောင်းဆိုပါတယ်။ များသောအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ဒီတောင်းဆိုချက်ကို သဘောတူကြပါတယ်။

ဒါပေမဲ့လည်း တချို့တပ်ဖွဲ့တွေကတော့ ဒီသဘောတူညီချက်ကို ကောင်းကောင်းလိုက်နာတာမျိုး မရှိပါဘူး။ သူတို့ အစိုးရတပ်၊ နယ်ခြားစောင့်တပ်တွေက ယူနီဖောင်းနဲ့ သေနတ်တွေနဲ့ သွားလာနေတာငါတို့က ဘာလို့ မသွားလာနိုင်ရမလဲလို့ ခံယူပါတယ်။ ဒီလိုနည်းနဲ့ သဘာတူညီချက်ကို မလိုက်နာတဲ့သဘော ဖြစ်လာပါတယ်။ အထူးသဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဘက်မှာပါ။ ရှေ့ပိုင်းကာလ တစ်လျှောက်မှာတော့ အစိုးရစစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က အဲလိုသဘော တူညီချက် ချိုးဖောက်မှုတွေကို သည်းခံလျစ်လျူ ရှုထားခဲ့ပါတယ်။ အဓိက အကြောင်းရင်းခံကတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီးတစ်ခု လက်မှတ်ရေးထိုးချင်လို့ ဖြစ်ပါတယ်။

ဒီလိုနဲ့ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ယူနီဖောင်းဝတ်၊ လက်နက်ကိုင်ပြီး သွားလာတာများလာတဲ့အပြင် တချို့ ခါတော်မီ တပ်ဖွဲ့ဝင်တွေကလည်း မြို့ထဲမှာ ယူနီဖောင်းနဲ့ လက်နက်နဲ့ နေထိုင်တာတွေ အထိရှိလာပါတယ်။ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဘက်မှာ အစိုးရယန္တရားသိပ်ပြီး အလုပ်လုပ်လို့ မရပါဘူး။ မြဝတီ နယ်စပ်ကုန်သွယ်ရေး ဆိုရင် ၈၀ ရာခိုင်နှုန်း အထက်လောက်ဟာ တရားမဝင် ကုန်သွယ်မှုတွေ ဖြစ်နေပါတယ်။ အစိုးရဘက်က အရေးယူဖို့ ကြိုးစားရင် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တိုးပါတယ်။ မိုဘိုင်းတင်း(မ်) အဖွဲ့လို တရားမဝင် မှောင်ခိုတားဆီးနှိမ်နင်းရေး အဖွဲ့တွေတောင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အတွင်းမှာ အခြေစိုက်လို့ မရပါဘူး။ ပဲခူးတိုင်း အစပ်စစ်တောင်းမြစ် တစ်ဖက်ကမ်းလောက်မှာ အခြေစိုက်ပြီး မှောင်ခိုဖမ်းတာတောင် တစ်ခါတစ်ရံ လက်နက်ကိုင် တပ်ဖွဲ့တွေက ဖမ်းထားတာတွေ ပြန်လာလုသွားတာမျိုး ကြုံရလေ့ရှိပါတယ်။

နောက်တစ်ခုက လိုင်စင်မဲ့ကားတွေပါ။ အစိုးရအဖွဲ့ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို အရင်ထောက်လှမ်း ရေးခေတ်ကလို လိုင်စင်မဲ့ကားတွေ မသုံးစေချင်ပါဘူး။ ဒီအတွက် တပ်ဖွဲ့ပိုင်ကားတွေကို မှတ်ပုံတင်လုပ်ဖို့ ဇီးရိုးပါမစ်တွေ ထုတ်ပေးလိုက်ပါတယ်။ တချို့အဖွဲ့တွေကတော့ ပါမစ်ရောင်းစားပြီး တပ်ဖွဲ့သုံးဖို့အတွက် လိုင်စင်နဲ့ကား တချို့ ပြန်ဝယ်ပြီးသုံးပါတယ်။ တချို့အဖွဲ့တွေကတော့ ရှင်းပါတယ်။ လုံးဝရောင်းစားပစ်ပြီး လိုင်စင်မဲ့ကား ဆက်သုံးပါတယ်။ ကိုယ်တိုင်ဆက်သုံးရုံမက အခြားသူတွေပါ သုံးနိုင်အောင် ထောက်ခံစာ ထုတ်ပေးတာမျိုးတွေ လုပ်ပါတယ်။ ရန်ကုန်ကို လိုင်စင်မဲ့ကား ခိုးသွင်းတာတွေ လုပ်ပါတယ်။ အကျိုးဆက်ကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှာ လိုင်စင်မဲ့ကားတွေ ပေါများနေတဲ့ ပြဿနာ ပေါ်လာပါတယ်။ အစိုးရ တာဝန်ရှိသူတွေဘက်က ဖမ်းရင် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တင်းမာမှုဖြစ်ပါတယ်။

အခုနောက်ပိုင်းတော့ အစိုးရဟာ သူ့ နယ်မြေ၊ မြို့တွေမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ လက်နက်ကိုင်တာ၊ လက်ဝယ်ထားတာတွေကို အရေးယူလာပါတယ်။ ဒီကေဘီအေ ဗိုလ်မှူးစောဆန်း အောင် ပြောစကားအရဆို သူတို့ တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေ ကျိုက်မရော၊ မုဒုံ၊ ရန်ကုန်မြို့တွေမှာ သိမ်းဆည်းခံရတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီမြို့တွေဟာ အစိုးရက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားတဲ့ မြို့တွေပါ။ အဲဒီမြို့တွေကို လက်နက်တွေ ယူလာလို့ သိမ်းတာပါ။ 

သိမ်းလို့ နှစ်ဖက်တင်းမာမှု ဖြစ်ရတာပါ။ နောက်ဆုံးဖြစ်စဉ်ကတော့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်းမှာပါ။ ဒီကေဘီအေ လက်အောက်ခံ တပ်ဖွဲ့တစ်ဖွဲ့ဆီ အစိုးရဘက်ကသွားပြီး ညှိနှိုင်းဆွေးနွေးတာ အဲဒီလူတွေကိုဖမ်းဆီး၊ ယူနီဖောင်းချွတ်၊ လက်နက်တွေ သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ နောက်က လိုက်လာတဲ့ အစိုးရတပ်ကိုလည်း ဆီးပြီးပစ် ခတ်ရာ ကနေ တိုက်ပွဲတွေဖြစ်နေတာ ဒီနေ့ထက်ထိ မပြီးပြတ်သေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်မှူး စောဆန်းအောင် သတင်းမီဒီယာတွေကို ပြောတာက သူတို့ တပ်ဖွဲ့ဝင်တွေ မြို့ပေါ်လာတဲ့အခါ ယူနီဖောင်း ချွတ်ခံရတယ်၊ လက်နက်အသိမ်းခံရတယ်။ အဲဒီ ခံစားချက်ကြောင့် ပြန်လုပ်တာ၊ သူတို့ လက်နက်တွေ ပြန် မပေးရင် သူတို့ သိမ်းလိုက်တဲ့ အဲဒီလက်နက်တွေကိုလည်း ပြန်ပေးဖို့ မရှိဘူးလို့ ဆိုပါတယ်။ နောက်ဆုံး အခြေအနေ ဒီကိစ္စ ညှိနှိုင်းနေဆဲပါ။

ပြဿနာတစ်ခုလုံးကို အကြမ်းဖျင်း သုံးသပ်ရရင် လက်နက်ကိုင်တပ်ဖွဲ့တချို့ အပစ်ရပ် သဘောတူစာချုပ်ထဲက အချက်တချို့ မလိုက်နာတာလို့ ယေဘုယျကောက် ချက်ချနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် လက်အောက်ခံ တပ်ဖွဲ့တွေ ကတော့ မပါဝင်တာ တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့လည်း ပြည်တွင်းစစ် ပြဿနာဖြေရှင်း တယ်ဆိုတာ အမှားအမှန် ပြဿနာမဟုတ်သလို၊ သူနားကိုက်လို့ ကိုယ်ကပါးပြန်ကိုက်မယ် ဆိုတာမျိုးလည်း လုပ်လို့မရပါ။ ပြဿနာ ဖြစ် တယ်ဆိုရင် နှစ်ဖက် တာဝန်ရှိသူတွေ အမြန်တွေ့ဆုံ၊ အမြန်ဆွေးနွေး၊ ကိုယ့်လက်အောက်ခံ တပ်တွေကို အမြန် ထိန်းသိမ်း၊ ပဋိပက္ခတွေထပ်ပြီး မဖြစ်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ နဂိုရည်မှန်းထားတဲ့ အပစ်ရပ်၊ ပြီးရင် အပစ်ရပ်ခိုင်မာအောင်လုပ်၊ တစ်ဆက်တည်း နိုင်ငံရေးအရ ပြဿနာတွေကို စားပွဲဝိုင်း ပေါ်မှာ ဆွေးနွေးဆိုတဲ့ ယဉ်ကျေးမှုထွန်းကားလာမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။