Monday, September 22, 2014

ဆွေးနွေးပွဲ ပြန်စပြီ၊ အပစ်ရပ်စာချုပ် သဘောတူညီမှု ရကြမလား

(Mizzima)

ဒီကနေ့ စက်တင်ဘာ ၂၂ ဆို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ တစ်တိုင်းပြည်လုံးဆိုင်ရာ
အပစ်ရပ်စာချုပ်တစ်ခု အတည်ပြုနိုင်ရေး ဆွေးနွေးပွဲ စပါတော့မယ်။ ဆွေးနွေးညှိနှိုင်းဖို့ အချက်ငါးချက်လောက်ပဲ ကျန်တယ်ဆိုပေမယ့် ဆွေးနွေးမယ့်ရက်ကို အကြမ်းဖျင်း ငါးရက်လောက် သတ်မှတ်ထားတာကြည့်ရင် အဲဒီ ကျန်တဲ့အချက်တွေ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိနိုင်သလို၊ အပစ်ရပ် စာချုပ်တစ်ခုရဖို့ နှစ်ဖက်ဆွေးနွေးသူ
တွေ ဘယ်လောက်ဆန္ဒပြင်းပြနေတယ်ဆိုတာလည်း ပေါ်လွင်ပါတယ်။ ဒါဆို ဒီတစ်ကြိမ် ညှိနှိုင်းတာ နောက်ဆုံးအကြိမ်ဖြစ်နိုင်ပါ့မလား၊ သိပ်မကြာမီ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကြီးကို လက်မှတ်ထိုး၊
နိုင်ငံရေးဆွေးနွေးပွဲကြီးကို အစပြုနိုင်တော့မလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။



ပြောမယ့်သာ ပြောရ၊ ဒီလိုအဆင်ပြေပြေ ဖြစ်သွားနိုင်ဖို့ဆိုတာကတော့ သိပ်လွယ်ကူတဲ့ ကိစ္စတော့
မဟုတ်ပါဘူး။ အစိုးရနဲ့ NCCT လို့ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲ
နှစ်ခုကြားကာလမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီဆိုတဲ့ UNFC ညီလာခံကြီးတစ်ခု ကျင်းပခဲ့ပါသေးတယ်။ အဲဒီ ညီလာခံမှာ အင်အားကြီး ဩဇာကြီး လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တ KIO ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတသို့ ဘောကလွဲပြီး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနဲ့ ကိုယ်စားလှယ်အဖွဲ့ ညီလာခံကနေ ထွက်ခွာသွားသည်အထိ အခြေအနေတင်းမာခဲ့ပါတယ်။ နောက်ပိုင်း KNU ဟာ UNFC ကနေ ယာယီနုတ်ထွက် ထားမယ်လို့ ကြေညာတဲ့အထိ ဖြစ်လာတယ်။


ကေအိုင်အိုနဲ့ ကေအင်န်ယူ သဘောထား ကွဲလွဲမှုကလည်း နည်းနည်းပါးပါး မဟုတ်ပါဘူး။ တပ်ပေါင်းစုကို ဘယ်လိုပုံစံ ဖွဲ့စည်းမလဲဆိုတဲ့ ကိစ္စကနေ ငြိမ်းချမ်းရေးကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာအထိ သဘောထားကွဲလွဲပါတယ်။

ကေအိုင်အိုက သူ ဥက္ကဋ္ဌ နေရာ ရယူထားတဲ့ တပ်ပေါင်းစုကို ဗဟိုဦးစီးချုပ်ကိုင်မှုနဲ့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းချင်ပါတယ်။


UNFC တပ်ပေါင်းစုဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ရင် လက်နက်ကိုင်အဖွဲ့တွေရော၊ လက်နက်မကိုင်ထားတဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုနေရာကိုပါ ယူရမယ်လို့ သဘောထားရှိပါတယ်။ ကေအင်န်ယူကတော့ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်စွာဆုံးဖြတ် လုပ်ကိုင်ခွင့်ကို မထိခိုက်တဲ့ အခြေအနေအောက်မှာ ပူးပေါင်းလုပ်ကိုင်ရတဲ့ မဟာမိတ်ပုံစံ အဖွဲ့အစည်းမျိုး ဖွဲ့စည်းလိုပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်လည်း မတူကြပါဘူး။ ကေအင်န်ယူကတော့ သူတို့ရဲ့ နှစ်ပေါင်း ၆၀ ကျော် အစိုးရနဲ့ အဆက်မပြတ် တိုက်ခိုက်လာခဲ့တဲ့အတွေ့အကြုံအရ ဒီနေ့အခြေအနေဟာ အထူးခြားဆုံး အခြေအနေဖြစ်တယ်။ အပစ်ရပ်လို့ အကောင်းဆုံး၊ ငြိမ်းချမ်းရေးယူလို့ အကောင်းဆုံး အခြေအနေဖြစ်လေတော့ ငြိမ်းချမ်းရေးကို မြန်မြန်ရယူဖို့ ကြိုးစားချင်ပါတယ်။ ကေအိုင်အိုကတော့ သူကိုယ်တိုင်က အပစ်ရပ်မထားသလို၊ တပ်ပေါင်းစုကြီးကိုလည်း တစ်တိုင်းပြည်လုံး အပစ်ရပ်တာ မြန်မြန်ဆန်ဆန် မလုပ်စေချင်ပါဘူး။ နိုင်ငံရေးအရ တောင်းဆိုတာတွေ မရရင် အပစ်ရပ်တာ မလုပ်စေချင်ပါဘူး။ ဒီလိုနည်းနဲ့ ပြဿနာတွေ ပေါ်ခဲ့တဲ့အပြင် UNFC မှာ မြောက်ပိုင်း ဖက်ဒရယ်တပ်မတော်၊ အလယ်ပိုင်း ဖက်ဒရယ်တပ်မတော်၊ တောင်ပိုင်း ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းဖို့ ဆိုတဲ့ ကိစ္စလိုမျိုးမှာလည်း ကေအင်န်ယူက သဘောမတူပါဘူး။ ကေအင်န်ယူက တော့  တစ်ဖက်နဲ့တစ်ဖက် နားလည်မှုပိုလွဲ စေနိုင်တဲ့၊ ပဋိပက္ခဖြစ်ရေးကို ရှေးရှုစေနိုင်တဲ့ စစ်ရေးကိစ္စကိုလျှော့ပြီး နိုင်ငံရေးကို ပိုလုပ်စေချင်ပါတယ်။

တကယ်တော့ UNFC ညီလာခံက ကိစ္စတွေဟာ မြန်မာ့တပ်မတော်နဲ့ အစိုးရဘက်ကိုလည်း ရိုက်ခတ်မှုတွေ ရှိလာစေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က မြန်မာ့တပ်မတော်မှာ အဆင့်အမြင့်ဆုံး သင်တန်းကျောင်းကြီးဖြစ်တဲ့  နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှာ သင်တန်းသားတပ်မတော် အရာရှိကြီးတွေကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံအမှာစကားပြောပါတယ်။ အဲဒီမှာ သူက UNFC အဖွဲ့နဲ့ ပတ်သက်ပြီးတော့လည်း ရှင်းလင်းတဲ့ မှတ်ချက်ပေးခဲ့တာ တွေ့ရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က "ယခုအခါ ငြိမ်းချမ်းရေးကိုအကြောင်းပြု၍ ပြည်ပနိုင်ငံများနှင့် နယ်စပ်ဒေသများမှ လက်နက်ကိုင်အဖွဲ့အချို့ ပြည်တွင်းကို ပြန်လည်ဝင်ရောက်၍ ရှင်သန်ရပ်တည်လှုပ်ရှားခွင့်များ ရရှိခဲ့ကြောင်း၊ အချို့အဖွဲ့များက ပြည်တွင်းပြည်ပနှင့် အဖွဲ့အစည်းအချို့၏ အကူအညီ အထောက်အပံ့ရယူ၍ နိုင်ငံရေနှင့် အခြားအင်အားတည်ဆောက်မှုများ၊ တောင်းဆိုမှုများ ပြုလုပ်လာသည်ကို တွေ့မြင်ရကြောင်း၊ မကြာသေးမီက ကြေညာချက်များ ထုတ်ပြန်ခဲ့သည့် UNFC ၏ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အခက်အခဲများဖြစ်လာနိုင်သည်ကို သတိထားရန်လိုကြောင်း" ဆိုပြီး အတိအလင်း ပြောဆိုခဲ့ပါတယ်။


တကယ်တော့ ဒီကနေ့ကစ အစိုးရနဲ့ ညှိနှိုင်းမယ့် လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ NCCT အဖွဲ့ထဲမှာ အဖွဲ့ဝင်အများစု
ဟာ UNFC တပ်ပေါင်းစုထဲက အဖွဲ့ဝင်တွေ ဖြစ်နေတာကြောင့် အပစ်ရပ်ရေး ညှိနှိုင်းတဲ့အခါ အခက်အခဲတွေ့ကောင်းလည်း တွေ့နိုင်ပါတယ်။ ဘာကိုမှ ကံသေကံမ မပြောနိုင်ပါဘူး။ 

အခြားတစ်ဖက်မှာလည်း လက်ရှိ ကရင်ပြည်နယ် မြဝတီမြို့မှာ ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ဗိုလ်တိုက်ဂါးက ထိုင်းကုန်ကားတွေကို တားဆီးတဲ့အပြင် အစိုးရစစ်တပ်ဘက်က နဂို သဘောတူထားတဲ့ စည်းကမ်းထုတ်ပြန်တာကို တန်ပြန်စိန်ခေါ်တဲ့ စာတစ်စောင် ထုတ်လိုက်တာ၊ မြဝတီမှာ အစိုးရတပ်၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ ဒီကေဘီအေအရာရှိ ပဋိပက္ခဖြစ်၊ ပစ်ခတ်မှုဖြစ်ပွားပြီး ဒီကေဘီအေ အရာရှိ သေဆုံးသွားတဲ့ကိစ္စတွေကလည်း ဒီဆွေးနွေးပွဲကို ဂယက်လာရိုက်နိုင်ပါတယ်။

တကယ်တော့ အပစ်ရပ် စာချုပ်ကိစ္စ ဒီတစ်ကြိမ် ဆွေးနွေးမှုအပြီး နှစ်ဖက်သဘော တူညီမှုတွေရသွားတဲ့တိုင် ဒါအတည်ဖြစ်သွားမှာတော့ မဟုတ်သေးပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဟာ သဘောတူညီချက်ကို သူတို့သက်ဆိုင်ရာ ခေါင်းဆောင်တွေဆီ တင်ပြ အတည်ပြုချက် ယူရဦးမယ်ဖြစ်ပါတယ်။ အဲဒီအတည်ပြုချက်ရမှသာ အပစ်ရပ်စာချုပ်တစ်ခု အတည်ဖြစ်ပြီး တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်
ရေးထိုးပွဲကြီးဆိုတာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ခုဆိုရင် ပြည်သူတွေအားလုံး မျှော်လင့်နေကြတဲ့ ငြိမ်းချမ်းရေးအတွက်
ပထမဦးဆုံးခြေလှမ်းဖြစ်တဲ့ အပစ်ရပ်စာချုပ်ကြီးတစ်ခု လက်မှတ်ရေးထိုးနိုင်မလားဆိုပြီး စောင့်စားနေကြပါပြီ။ ဒါနဲ့ပတ်သက်ရင် ဆွေးနွေးပွဲထဲမှာ စစ်ဘုရင်ဝါဒက အနိုင်ပိုင်းလိုက်မလား၊ ငြိမ်းချမ်းရေး ဝါဒက အနိုင်ရလာမလားဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။