Saturday, August 9, 2014

“သောင်းကျန်းသူ”ဆိုတာ ဘယ်သူ့ကို ခေါ်သင့်သလဲ

(သျှမ်းသံတော်ဆင့်)

“သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေး” ဆိုတဲ့ စာအုပ်ကို စစ်ဦးစီးတက္ကသိုလ်သင်တန်းသားတွေ အတွက် ရေးသားခဲ့ပါတယ်။ စာမျက်နှာ ၅၀၊ အခန်း ၄ ခန်း၊ အပိုဒ် ၁၄၇ ပိုဒ် ပါရှိပါတယ်။ စိတ်ဝင်စား စရာကောင်းတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်နှစ်ခုနှစ်မှာ ရေးသားတယ်ဆိုတာတော့ ဖော်ပြ မထားပါဘူး။ ဒီ “သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေး” စာအုပ်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က တိုက်ပွဲတခုမှာ သျှမ်းပြည်တပ်မတော် SSA က သိမ်းဆည်းရရှိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။


စာအုပ်ကို ဖတ်ကြည့်လိုက်မယ်ဆိုရင် ၁၉၉၈ နဲ့ ၂၀၀၉ ခုနှစ်ကြားမှာ ရေးသားတယ်လို့ ခန့်မှန်းနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ အဖွဲ့ ၁၇ ဖွဲ့က အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီးပြီ။ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ညီညွှတ်သော သျှမ်းတော်လှန်ရေး တပ်မတော် SURA ဆိုတဲ့ ၃ ဖွဲ့ဘဲ ကျန်တော့တယ်လို့ ရေးထားပါတယ်။ SURA ကို နောက်ပိုင်းမှာ SSA တောင်ပိုင်းလို့ ပြောင်းလဲရေးသားထားတာ တွေ့ရပါတယ်။ SURA ကနေ SSA တောင်ပိုင်း ဖြစ်လာ တာ ၁၉၉၈ ခုနှစ်ကပါ။ နောက် ၂၀၀၉ မှာ ငြိမ်းချမ်းရေးယူထားတဲ့ အချို့အဖွဲ့တွေ လက်နက်ကိုင်စွဲ ပြန်တော်လှန်နေကြပါပြီ။

အခန်း ၄ ခန်းရှိတဲ့အထဲမှာ အခန်း (၁) ကတော့ သောင်းကျန်းသူအကြောင်း လေ့လာခြင်း ဖြစ်ပါတယ်။ ဒီအခန်းမှာတော့ ဗမာကွန်မြူနစ်ပါတီအကြောင်း ရေးသားထားပြီး နောက်ဆုံးကျန်ရစ်ကွန်မြူနစ်ပါတီ ဝင်တွေဟာ မူစယ်မြို့နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းမှာ နေထိုင်နေ တယ်။ တရုတ်တွေကို ဘာနိုင်ငံရေးမှ မလုပ်တော့ဘူးလို့ ကတိပေးထားတာကြောင့် နေထိုင်နိုင်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA ရဲ့ သမိုင်းကြောင်းကို လည်း ရေးသားထားပါသေးတယ်။ အခု KIO/KIA ကလည်း အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးပြီလို့ ဆိုပါ တယ်။ ၁၉၉၄ ခုနှစ်မှာ KIO/KIA က အစိုးရနဲ့ ငြိမ်းချမ်းရေး ယူတာဖြစ်ပါတယ်။


အခန်း (၂) က သောင်းကျန်းသူတွေကို ချေမှုန်းနည်း ဖြစ်ပါတယ်။ ၁ − သမရိုးကျစစ်ရေးနည်းနဲ့ သမရိုး ကျမဟုတ်တဲ့စစ်ရေးနည်းနဲ့ ချေမှုန်းခြင်း၊ ၂ − စစ်ရေးနည်းမသုံးဘဲ နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လူမှုရေးနည်း၊ အုပ်ချုပ်ရေးနည်း၊ သံတမန်နည်းနဲ့ ချေမှုန်းခြင်းအကြောင်း ရေးသားထားပါတယ်။


အခန်း (၃) က သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေးမူဝါဒ ဖြစ်ပါတယ်။ ပြည်သူ့စစ်မဟာဗျူဟာ အကြောင်း ရေးသားထားပါတယ်။ ဒီပြည်သူ့စစ်မဟာဗျူဟာကို ၁၉၆၄ ကတည်းက ချမှတ်ထားတာ ဖြစ်ပါတယ်။ ပြည်သူ့စစ်ကို စစ်ပွဲဖြစ်လာမှ အရေးပေါ်လာမှ ဖွဲ့စည်းတာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ လုံခြုံရေးအတွက် ၂၄ နာရီကာလပတ်လုံး အချိန်မရွေး ခေါ်ယူနိုင်ဖို့ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းပြီး စစ်ရေး လေ့ကျင့်ပေးထားပါတယ်။ တိုင်းပြည်အေးချမ်းတဲ့အချိန်မှာတော့  ပြည်သူ့စစ်တွေဟာ တိုင်းပြည် ထူထောင်ရေး၊  ဒေသန္တရ လုံခြုံရေး၊ အစိုးရဆန့်ကျင်သူတွေကို ချေမှုန်းရေးတွေမှာ ပါဝင်ကူညီရပါတယ်။


အခန်း (၄) မှာ သောင်းကျန်းသူတွေကို ချေမှုန်းဖို့ ဘယ်လိုလုပ်သင့်သလဲဆိုတဲ့အကြောင်း ရေးသား ထားပါတယ်။ နည်းနာတွေ အများကြီးထဲမှာ စိတ်ဝင်စားစရာကောင်းတာက အပိုဒ် ၁၂၃ က ဖြတ် ၄ ဖြတ်အကြောင်း ဖြစ်ပါတယ်။ ဖြတ် ၄ ဖြတ်ဆိုတာ စားနပ်ရိက္ခာ၊ ငွေကြေး၊ သတင်းအချက်အလက်၊ တပ်သားသစ်စုဆောင်းရေးတို့ကို ဖြတ်တောက်တာလို့ မှတ်ယူထားကြပါတယ်။ ဒါပေမဲ့ ဒီစာအုပ်မှာ ရေးထားတာက စားနပ်ရိက္ခာဖြတ်၊ ဆက်ကြေးဖြတ်၊ ဆက်သွယ်ရေးဖြတ်၊ သတ်ဖြတ်လို့ ရေးထားပါ တယ်။


သောင်းကျန်းသူတွေကို ချေမှုန်းတဲ့နေရာမှာ လိုက်နာကျင့်သုံးရမဲ့အချက်နဲ့ မကျင့်သုံးရမဲ့အချက်က အချက် ၁၀၀ ရှိပါတယ်။ ဒီထဲမှာ ထူးခြားတာက အပိုဒ် ၆၃ မှာပါ။ ရေးထားတာက ကျဉ်းမြောင်းတဲ့ လူမျိုးရေးပဋိပက္ခအသွင်ပုံသဏ္ဍာန်ကို ရောက်စေနိုင်မဲ့ ကြံရွယ်ချက်၊ လုပ်ဆောင်ချက်တွေကို ရှောင် ရှားတဲ့။ နောက် အပိုဒ် ၆၄ မှာက အပိုဒ် ၆၃ ပါပြစ်မှုကျူးလွန်ခြင်းများကို ဥပဒေအရ အရေးယူပြီး ပြည်သူလူထုကို အမြန်ဆုံး အသိပေး၊ လူထုနဲ့ တသားတည်းရှိဖို့ ဆောင်ရွက်တဲ့။ ဒီအကြောင်းကို ပြည်သူတွေလည်း တခါမှကြားဖူးမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။


ဒါပေမဲ့ ဒီနေရာမှာ “သောင်းကျန်းသူ” ဆိုတဲ့ စကားလုံးကို သုံးသပ်ရမှာ ဖြစ်ပါတယ်။ “သောင်းကျန်းသူ” ဆိုတာ ဘယ်သူမှ မထိန်းနိုင်အောင် မသိမ်းနိုင်အောင် ဆိုးမိုက်ပြီး သောင်းကျန်းနေတာလို့ နားလည် သဘောပေါက်ပါတယ်။ ဥပမာ ခွေးရူးလိုပေါ့။ နေရာတိုင်း လူတိုင်းကို လိုက်ကိုက်နေတာ။  အင်္ဂလိပ် အသုံးအနှုန်းမှာတော့ insurgent ဒါမှမဟုတ် rebel ကို သတိရလိုက်ပါတယ်။ “သူတို့တိုင်းပြည်က အစိုးရကို တိုက်ခိုက်သူ” လို့ အဓိပ္ပာယ်ရပါတယ်။ သူပုန်ပေါ့။ ဒါကြောင့် “သောင်းကျန်းသူ” အစား “သူပုန်”လို့ သုံးသင့်တယ်လို့ မြင်ပါတယ်။ “သောင်းကျန်းသူ”လို့ သုံးလိုက်ရင် ပြန်လည်သင့်မြတ်ရေးကို မလုပ်ဆောင်လိုဘူးလို့ အနက်ထွက်နိုင်ပါတယ်။


အခု သမ္မတဦးသိန်းစိန်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတိုင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေ ပါတယ်။ အစိုးရသာ အမြင်ကျယ်ရင်တော့  ဒီ“သောင်းကျန်းသူ”ဆိုတဲ့ စကားလုံးကို ပြင်ရမှာ ဖြစ်ပါ တယ်။ နောက် ဘယ်သူက သောင်းကျန်းသူလဲဆိုတာ သုံးသပ်ရမှာ ဖြစ်ပါတယ်။


ဒီနေရာမှာ အပစ်ရပ်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောပြဖူးဒါကို သတိရမိပါတယ်။ တပ်မတော် ဗိုလ်ချုပ်တယောက်က သူ့ကို “ခင်ဗျားက အင်မတန်သိမ်မွေ့တဲ့ လူမွန်လူကောင်းဘဲ။ ဘာကြောင့် သောင်းကျန်းသူ ဖြစ်လာသလဲ”လို့ မေးပါတယ်တဲ့။


အဲဒီတော့ တိုင်းရင်းသားခေါင်းဆောင်က ဒီလိုပြန်ဖြေပါတယ်တဲ့။
“တပ်မတော်က ကျနော်တို့ကို သောင်းကျန်သူ ဖြစ်အောင် လုပ်တာဘဲ။ တပ်မတော်က ရွာတွေကိုမီးရှို့၊ ပြည်သူတွေကိုသတ်ဖြတ်၊ အမျိုးသမီးတွေကိုမုဒိန်းကျင့်၊ ကျနော့အဖေကို ဖမ်းဆီးထောင်ချ၊ ကျနော့ကို လည်း လိုက်လံရှာဖွေဖမ်းဆီး။ ဗိုလ်ချုပ်သာ ကျနော့နေရာမှာဆို ဘယ်လိုလုပ်မှာလဲ ” …. တဲ့။


ဒါကြောင့် “သောင်းကျန်းသူ” ကို ဆက်သုံးသွားမယ်ဆိုရင် ဘယ်သူကို ခေါ်ရမှာလဲလို့ မေးခွန်းထုတ်ချင် ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။