Wednesday, August 20, 2014

အပစ်ရပ်ဖို့ ဘာလိုသေးလဲ

(Mizzima)

အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်တစ်ခု လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းလာလိုက်တာ အောင်မြင်မှုရလုနီးပြီလို့ ဆိုပါတယ်။ နှစ်ဖက် ထုတ်ပြန်ချက်တွေအရ အချက်ပေါင်း ၁၂၀ ကျော်ပါတဲ့ အပစ်ရပ် စာချုပ်မူကြမ်းကို ညှိတာ၊ ခုဆို လေးချက်လောက်ပဲ ကျန်ပါတော့တယ်။ ဘယ်အချက်တွေ ကျန်နေသေးတာလဲ၊ တစ်တိုင်း ပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် ဘယ်အချိန် လက်မှတ်ထိုးနိုင်မှာလဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးကိုရော ဘယ်အချိန် စနိုင်မှာလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

 
သဘောတူညီချက်မရသေးဘဲ ဆက်ပြီး ညှိနှိုင်းဖို့ လိုတဲ့အထဲက အချက်တစ်ချက်ကတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းမှုဆိုင်ရာ ကိစ္စပါ။ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ အရင်အချိန်တွေတုန်းကလိုပဲ အပစ်အခတ်ရပ်စဲထားချိန် ကာလတစ်လျှောက်လုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တပ်သားသစ်စုဆောင်းတာ မလုပ်စေချင်ပါဘူး။

တိုင်းရင်းသားတွေဘက်ကတော့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့အားလျော်စွာ အသက်ကြီးလို့၊ သေဆုံးလို့၊ ထိခိုက်ဒဏ်ရာရလို့၊ ဆက်ပြီး တာဝန်မထမ်းဆောင်ချင်တော့လို့ တပ်က စွန့်ခွာသူတွေဆိုတာ ပုံမှန်ရှိနေတယ်၊ ဒါကြောင့် တပ်ဖွဲ့ရှင်သန်ဖို့ဆိုရင် တပ်သားသစ် စုဆောင်းတာလည်း ရှိနေမယ်။ ဒါပေမဲ့ အဓမ္မ စုဆောင်းတာမျိုးမလုပ်ဘူးဆိုတဲ့ အချက်လောက်ကိုပဲ စာချုပ်ထဲ ထည့်သွင်းချင်တာပါ။ အဲဒီအချက် ညှိလို့ မရသေးပါဘူး။

ဒါနဲ့ပတ်သက်ပြီး သြဂုတ်လ ၁၉ ရက်ထုတ် မြ၀တီသတင်းစာထဲမှာ “ဘန်အောင်လှ” ဆိုတဲ့ ကလောင်နဲ့ “တည်ဆဲဥပဒေများအတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်မှသာ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြထားပါတယ်။ တပ်မတော်က ထုတ်တဲ့ သတင်းစာမှာပါတဲ့ အဲဒီဆောင်းပါးဟာ တပ်မတော်ရဲ့ သဘောထားအမြင်ကို ဖော်ပြတာ ဖြစ်နိုင်ပါတယ်။ ဆောင်းပါးတစ်နေရာမှာ ခုလိုဖော်ပြထားပါတယ်။

“ယခုအခါ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တချို့မှာ ၎င်းတို့ လှုပ်ရှားရာ ဒေသများတွင် ကျေးရွာများမှ အတင်းအဓမ္မ လူသစ်စုခြင်း၊ ငွေကြေးရရှိရေးအတွက် ဆက်ကြေးကောက်ခြင်း၊ တရားဝင်အစိုးရသဖွယ် မိမိတို့ နိုင်ငံအတွင်းမှ ကျွန်းသစ်နှင့် အခြားသယံဇာတများကို လက်ညှိုးထိုးရောင်းချခြင်း၊ မှောင်ခိုပစ္စည်း တင်သွင်းခြင်း စသည်တို့ လုပ်ဆောင်နေသည်မှာ စိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်။ ကျေးရွာအတွင်း လူသစ် အတင်းစုဆောင်းမှုကြောင့် လူငယ်များမှာလည်း မိမိ၏ အသက်မွေးဝမ်းကျောင်းပင် မလုပ်နိုင်ဘဲ တိမ်းရှောင်နေရသည်” စသဖြင့် ဖော်ပြထားပါတယ်။

ဆောင်းပါးတစ်နေရာမှာလည်း အစိုးရဘက်ကတော့ နိုင်ငံတကာထုံးစံအတိုင်း Peace Process ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်နေပေမယ့် “အချို့အဖွဲ့အစည်းများမှာ လူသစ်စုဆောင်းခြင်း၊ အခြေခံစခန်းများ တိုးမြှင့်တည်ဆောက်ခြင်း၊ သဘောတူညီထားသော နယ်မြေကို ကျော်လွန်၍ တိုင်းရင်းသား လူမျိုးများ နယ်မြေအား ကာကွယ်ပေးသယောင် ကျော်လွန်သွားလာ လှုပ်ရှားခြင်း”တွေ လုပ်နေတယ်ဆိုပြီး ပြစ်တင် ရှုတ်ချထားပါတယ်။ ပြောရရင် တိုင်းရင်းသားတွေရဲ့ တပ်သားသစ်စုဆောင်းတဲ့ ကိစ္စကိုတော့ ရှေ့လာမယ့် စည်းဝေးပွဲတွေမှာ အသေအချာ ညှိကြရဦးမှာပါ။

နောက်ထပ် ညှိဖို့လိုအပ်နေတဲ့အချက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဘယ်လိုလုပ်မလဲ၊ မူဘောင်ဆွေးနွေးပွဲမှာ ဘယ်သူတွေ ပါဝင်ကြမလဲဆိုတဲ့ ကိစ္စပါ။ အကြမ်းဖျင်းအားဖြင့် အစိုးရဘက်က အစိုးရ၊ တပ်၊ လွှတ်တော် သီးခြားစီ ပါဝင်ပြီး အခြားတစ်ဖက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် အစုအဖွဲ့တွေ၊ အခြား အင်အားစုတွေကို ပါဝင်စေလိုတာ တွေ့ရပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်ကတော့ အစိုးရ၊ လွှတ်တော်၊ တပ်အားလုံး အတူတူပဲ၊ ဒါကြောင့် အစိုးရဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစုအဖွဲ့တစ်ခုအနေနဲ့ ပါဝင်၊ ကျန် လက်နက်ကိုင်တိုင်းရင်းသား အစုအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြုသူတွေ စုစုပေါင်း သုံးပွင့်ဆိုင်လောက် ပါဝင်ဆွေးနွေးသင့်တယ်လို့ တင်ပြထားကြပါတယ်။ ဖြစ်သင့်တာကတော့ အာဏာလုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ပြည်သူကို ကိုယ်စားပြုသူတွေ တက်ရောက်ဆွေးနွေးခွင့် ရသင့်ပါတယ်။ အာဏာလုပ်ပိုင်ခွင့်လည်း မရှိ၊ ပြည်သူတွေကိုလည်း ကိုယ်စားမပြုနိုင်သူတွေကို ထည့်သွင်းထားတာဟာ ဆွေးနွေးပွဲကို အကျိုးမဖြစ်ထွန်းစေပါဘူး။

ဒီနေရာမှာ လက်ရှိအောင်မြင်မှု ရလုနီးနီးဖြစ်နေတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆွေးနွေးပွဲပုံစံကို အတုယူနိုင်ပါတယ်။ နှစ်ဖက်စလုံးဟာ အာဏာလုပ်ပိုင်ခွင့်ရှိသူတွေချည်းပဲဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ကိုလည်း ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့စည်းထားနိုင်လို့ ခုလိုခရီးရောက်အောင် ဆွေးနွေးနိုင်တာပါ။ မဆိုင်သူတွေ ပါလာရင်၊ ဆွေးနွေးမယ့် ကိုယ်စားလှယ် အချိုးအစားမမျှတရင်၊ ဖောင်းပွများပြားနေရင် ခရီးရောက်နိုင်မှာ မဟုတ်ပါဘူး။ နောက်ဆွေးနွေးတဲ့ ပုံစံဟာလည်း သဘောတူညီချက်မရရင် ရတဲ့အထိ စေ့စပ်ညှိနှိုင်းကြလို့ ခုလိုရလဒ်ကောင်းတွေ ရလာတာဖြစ်ပါတယ်။ ဒီလိုပုံစံ အတုယူရပါမယ်။ နိုင်ငံရေးသမား တချို့တင်ပြသလို လူ ၉၀၀၊ ၁၀၀၀ ကျော် အစည်းအဝေးကြီးတွေလို လူများပြီး ပွဲမစည်တဲ့ အခြေအနေမျိုး မဖြစ်သင့်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာထဲမှာ နောက်တစ်ကြိမ် တွေ့ကြပါဦးမယ်။ ညှိနှိုင်းကြပါဦးမယ်။ ၂၀၁၄ မကုန်ခင်မှာတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကြီးတစ်ခု လက်မှတ်ရေးထိုးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ ငြိမ်းချမ်းရေးဆီသွားရာလမ်းအတွက် ပထမဦးဆုံး အစပြုတဲ့ ခြေလှမ်းပဲဖြစ်ပါတယ်။

နောက်ထပ် လုပ်ကိုင်ဆောင်ရွက်စရာ အများကြီးကျန်နေပါသေးတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နေချိန်အတောအတွင်း နောက်ထပ် တိုက်ပွဲတွေ ထပ်မဖြစ်ရလေအောင် အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့ရမယ့်ကိစ္စ၊ နှစ်ဖက်တပ်ဖွဲ့တွေ လိုက်နာရမယ့် စစ်သည်တော် ကျင့်ဝတ်တွေ သဘောတူညီမှုရအောင် လုပ်ရမယ့်ကိစ္စ၊ တပ်နေရာချထားရေး၊ လှုပ်ရှားနယ်မြေ သတ်မှတ်ရေး ကိစ္စ၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စ၊ ဒုက္ခသည် မဖြစ်ပေမယ့် စစ်ဘေးစစ်ဒဏ်ကြောင့် ရွှေ့ပြောင်းနေရသူတွေ နေရပ်ပြန်ပြီး လုပ်ကိုင်စား သောက်နိုင်ရေးကိစ္စ၊ မြေမြှုပ်မိုင်းတွေ ရှင်းဖို့ကိစ္စ၊ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးအောင် လုပ်ရေးကိစ္စ စတာတွေ တသီတတန်းကြီး အကောင်အထည်ဖော်ကြရပါဦးမယ်။ 
ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာတွေကို ပစ်ကြခတ်ကြ၊ တိုက်ခိုက်ကြ၊ ထိပ်တိုက်ရင်ဆိုင်ကြဆိုတဲ့နည်းကို မကျင့်သုံးကြဘဲ တွေ့ဆုံဆွေးနွေးဖြေရှင်းတဲ့ ယဉ်ကျေးမှုအသစ် အမြစ်တွယ်လာမှသာ အနာဂတ်အရေး စိတ်အေးရမှာပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။