Monday, August 25, 2014

ဖားကန့်မြို့တွင် သြဂုတ်လအတွင်း စံချိန်တင်ရေကြီး

(Eleven Media Group)



ဖားကန့်မြို့နှင့် အနီးတစ်ဝိုက် ကျေးရွာ ရပ်ကွက်များမှာ တစ်နှစ်မှမဖြစ်ပေါ်ဖူးသော စံချိန် တင်ရေကြီးမှု ဖြစ်ပေါ်နေကြောင်း သတင်းရသည်။

ဖားကန့်ဒေသ ဥရုမြစ်ဖျားပိုင်းတွင် သြဂုတ် ၂၃ ရက် မိုးသည်းထန်စွာ ရွာသွန်းနေပြီးနောက် သြဂုတ် ၂၄ ရက် နံနက်စောစောပိုင်းမှ တဖြည်းဖြည်းမြင့်တက်လာကြောင်း ဒေသခံများက ဆိုသည်။ ဖားကန့်မြို့တွင် မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ အေးမြသာယာရပ်ကွက်၊ မရှိကထောင်ရပ်ကွက်၊ မော်ဝမ်းရပ်ကွက်များမှ အိမ်ခြေသုံးရာကျော်နှင့် လုံးခင်းကျေးရွာ၊ ဆန်ခါကျေးရွာ၊ နမ့်မဖြစ်ကျေးရွာများမှ လူနေအိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က “ခါတိုင်းထက်ရေကြီးတယ်။ အိမ်တွေမြုပ်တဲ့ မိသားစုတွေကို ရဟန်းရှင်လူတွေနဲ့ သက်ဆိုင်ရာတွေကပါ ကူညီနေကြပါတယ်။ ကယ်ဆယ်ရေးစခန်းဖွင့်ရမယ့် အဆင့်တော့ မရောက်သေးဘူး။ အသေအပျောက်နဲ့ အိမ်တွေမျောပါတာ မတွေ့ရသေးဘူး။ မြို့ပေါ်မှာ အိမ်ခြေသုံးရာကျော်လောက် ရေလွှမ်းနေပါတယ်” ဟုဆိုသည်။

ဖားကန့်ဒေသတွင် ယခုအကြိမ် ရေကြီးခြင်းမှာ အဆိုးဆုံးဖြစ်ပြီး ၂၀၀၉ ခုနှစ် ရေအကြီးဆုံးထက် နှစ်ပေခန့်မြင့်ကြောင်း ရေကြီးမှုဒဏ် ခံစားရသူများက ဆိုသည်။ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှ ဦးစိန်က “၂၀၀၉ ခုနှစ် ရေကြီးတာထက် နှစ်ပေနီးပါး ရေမြုပ်တယ်။ ဖားကန့်မြို့မလမ်းမှာ လူတစ်ရပ်ကျော်တယ်။ အနိမ့်ပိုင်းက အိမ်တွေက ခေါင်းမိုးပဲကျန်တယ်။ ဆိုင်ကယ် စက်ပစ္စည်းတွေ၊ ရောင်းကုန်တွေလည်း ရေနစ်မြုပ်ခံရတယ်။ လူတွေကတော့ ဘေးလွတ်ရာကုန်းဘက်ပိုင်းမှာ ရောက်နေကြတယ်။ ရေဘေးဒုက္ခသည်တွေ ထောင်ဂဏန်းတော့ရှိမယ်။ ကျွန်တော်တို့ရပ်ကွက်မှာ ထမင်းထုပ်ခြောက်ရာလာဝေတာ မလောက်ဘူး။ ရေကတက်နေတုန်း ရှိသေးတယ်” ဟု ပြောကြားခဲ့သည်။

ယင်းကဲသို့ ရေဘေးရှောင်သူများအား ရဟန်းသံဃာများ၊ စေတနာရှင်များနှင့် အစိုးပိုင်းမှ တာဝန်ရှိသူများက ထမင်းထုပ်များ၊ ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများ ဝေငှနေကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ရေကြီးမှုဒဏ်ကို ၂၀၀၅ ခုနှစ်နောက်ပိုင်းမှ စတင်ခံစား ကြုံတွေလာရပြီး ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ကျောက်မျက်တူးဖော်သည့် ကုမ္ပဏီကြီးများသည် ကျောက်မျက်တူးဖော်သည့် မြေစာများအား ဥရုမြစ်နှင့် ယင်း၏မြစ်လက်တက်များတွင် ဥပဒေမဲ့ စွန်ပစ်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းကုမ္ပဏီများ၏ ဥရုမြစ်နှင့် ၎င်း၏မြစ်လက်တက်များပေါ်တွင် စည်းကမ်းမဲ့မြေစာစွန့်ပစ်ခြင်းကြောင့် ဥရုမြစ်ကြမ်းပြင် ၂၃ ပေကျော် မြင့်တက်လာပြီး  မူလထက် သုံးဆ၀န်းကျင် ကျဉ်းမြောင်းသွားကာ ဖားကန့်မြို့အပါအ၀င် ကျေးရွာအများစု ရေနစ်မြုပ်ဒဏ် ခံစားနေရမှုများကို ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအင်ဖန်းဂရမ်က သက်ဆိုင်ရာလွှတ်တော်များသို့ တင်ပြမည်ဟု သိရသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။