Tuesday, July 29, 2014

ကျောက်စိမ်း ကျောက်မျက်ရတနာ အဆင့်မြင့် ဈေးကို ဒီဇင်ဘာတွင် အပြီးဆောက်မည်

(Mizzima)

မန္တလေးတိုင်း ဒေသကြီး ဆင်ရွာမြင်းမှူး ဒေသတွင် တည်ဆောက်လျက် ရှိသော အဆင့်မြင့် ကျောက်မျက် ရတနာ ဈေးကို ၂ဝ၁၄ ဒီဇင်ဘာလတွင် အပြီး တည်ဆောက်မည်ဟု သစ်တောနှင့် သတ္ထု ဝန်ကြီး ဌာနဝန်ကြီး ဦးသန်းစိုးမြင့်က ကတိပေး ပြောကြား လိုက်သည်။

ကျောက်စိမ်း ကျောက်မျက် ရတနာ အဆင့်မြင့် ဈေးကို  ၂ဝ၁၅ ခုနှစ် အတွင်း ဖွင့်လှစ်ခြင်း မပြုနိုင်တော့ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ် ခဲ့ခြင်း၊ တည်ဆောက်မှု စီမံကိန်းများ အကောင် အထည်ဖော်မှုပိုင်း ဆိုင်ရာ လိုအပ်ချက်များ ရှိသည်ဟု သတင်းများ ထွက်ပေါ် လာခြင်းကြောင့် ဝန်ကြီးက တုန့်ပြန် ပြောဆို လိုက်ခြင်း ဖြစ်သည်။


“ကျောက်မျက်ဈေးကို ဒီဇင်ဘာလ အပြီးဆောက်မယ်။ ဇန်နဝါရီ လဆန်းပိုင်းကို ဖွင့်လှစ်မယ်၊ တည်ဆောက် နေတာ တွေကိုလည်း တွန်းနေ ပါပြီ။ ဆင်ရွာမြင်းမှူး ဒေသမှာ တည်ဆောက် နေတဲ့ အဆင့်မြင့် ကျောက်မျက် ရတနာဈေးရှိ ဧက သုံးဆယ် မှာလည်း အဆောက်အဦ တွေကို တည်ဆောက်ခြင်း ကို လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။ အခန်း အရေအတွက်  ၂ဝဝဝ ကျော်ကို ထည့်သွင်း တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဟာ အောင်မြေ ကျောက်မျက် ရတနာ ဈေးက လာရောက်ပြီး ပြောင်းရွှေ့ လာမယ့်သူ တွေကို အဓိကထား ရောင်းချ ပေးဖို့ ရှိပါတယ်"ဟု  ဝန်ကြီး ဦးသန်းစိုးမြင့်က ဆိုသည်။

တည်ဆောက်ခြင်း လုပ်ငန်း အတွက် ကုမ္ပဏီ လေးခု ဖြစ်သည့် တက်လမ်း ကုမ္ပဏီ၊ ရတနာမြိုင် ကုမ္ပဏီ၊ တော်ဝင်မြန်မာ ကုမ္ပဏီနှင့် အောင်ကောင်းကျော် ကုမ္ပဏီတို့မှ  တည်ဆောက်လျက် ရှိပြီး တက်လမ်း ကုမ္ပဏီမှ ၇၅ရာ နှုန်းကို တည်ဆောက် ပေးမည် ဖြစ်သည်။

"တည်ဆောက်ခြင်း လုပ်ငန်းမှာ တက်လမ်း ကုမ္ပဏီက အများဆုံး တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ တည်ဆောက်ခြင်း လုပ်ငန်း တွေကိုလည်း အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်လျက် ရှိပါတယ်၊ တည်ဆောက် ပြီးစီး ခဲ့ရင် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ၇၅ ရာနှုန်းနဲ့ တည်ဆောက်တဲ့ ကုမ္ပဏီက ၂၅ ရာနှုန်း အချိုးကျ ခွဲဝေယူ သွားမှာ ဖြစ်ပါတယ်"ဟု ဝန်ကြီးက ဆက်လက် ပြောသည်။

အဆိုပါ ကျောက်မျက်ဈေး တည်ဆောက် ပြီးစီးပါက မန္တလေး မြို့တွင်းရှိ ကျောက်မျက် လုပ်သားများနှင့် ကျောက်မျက် လုပ်ငန်း လုပ်သူများ အတွက် ယာဉ်လိုင်းသစ် တစ်ခု ပြေးဆွဲပေး သွားမည် ဖြစ်ကြောင်း၊ ပျံကျ ကျောက်မျက် လုပ်ငန်း လုပ်ကိုင်သူများ ကိုလည်း ဆိုင်ခန်းများကို နှစ်နှစ်ဆိုင်း စနစ်ဖြင့် ရောင်းချ ပေးမည်ဖြစ် ကြောင်းနှင့် အဖိုးတန် ကျောက်မျက် ရတနာများကို ရောင်းချ ပေးမည့် ဈေးဖြစ် သောကြောင့် လုံခြုံရေး ပိုင်းအတွက် ရဲတပ်ဖွဲ့ တစ်ခုကို ထားရှိသွားမည် ဖြစ်သည်။

အဆိုပါ ဈေးတည်ဆောက်မှု ပြီးစီးလျှင် မြန်မာနိုင်ငံမှ တရားမဝင် ထွက်ရှိ နေသော ကျောက်စိမ်း များကို တရားဝင် တင်သွင်း နိုင်ရန်နှင့် အဆင့်မြင့် ထုတ်ကုန် (Value added) ပြုလုပ်ကာ တင်ပို့နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း၊ ကျောက်မျက် ရတနာ ရောင်းချ ရာတွင်လည်း အချောထည် အတိုင်း ရောင်းချတော့မည် မဟုတ်ပဲ ပြည်တွင်းမှ ကျောက်စိမ်းများကို အချောထည် ပြုလုပ်ကာ ရောင်းချ သွားရန် စီစဉ် သွားမည် ဖြစ်သည့် အပြင် အမ်ပိုနီယံ ကိုလည်း မန္တလေး မြို့တွင် ကျင်းပသွားရန် စီစဉ် သွားမည် ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။