Friday, July 18, 2014

ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး (အပိုင်း - ၄)

(Mizzima) Written by  အောင်ဒင်

အမေရိကန်ပြည်ထောင်စု၏ ပြည်ထောင်စုတပ်မတော်နှင့် ပြည်စောင့်တပ်ဖွဲ့များ

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်ထောင်စုတပ်မတော်ကို ကြည်းတပ် (The Army)၊ ရေတပ် (The Navy)၊ လေတပ် (The Air Force)၊ မရိန်းတပ် (The Marine Corps)၊ ပြည်စောင့်တပ် (National Guard) များနဲ့ ဖွဲ့စည်းထားပြီး ၎င်းတပ်ဖွဲ့များအားလုံးဟာ အရပ်သားအစိုးရအုပ်ချုပ်ရေးအောက်မှာ လုံးဝ တည်ရှိပါတယ်။ ပြည်ထောင်စုတပ်မတော် (သို့မဟုတ်) လက်နက်ကိုင် တပ်ဖွဲ့များအားလုံးရဲ့စစ်ဦးစီးချုပ် (Comman-der- in - Chief) ဟာ နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။


သမ္မတရဲ့လက်အောက်မှာကာကွယ်ရေးဝန်ကြီး (Secretary of Defense) ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန ကို ဦးဆောင်ကွပ်ကဲပါတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ (၁) ကာကွယ်ရေး ၀န်ကြီးရုံးအဖွဲ့ (Office of the Secretary of Defense)၊ (၂) ကြည်းတပ်ရေးရာဌာန (Department of the Army)၊ (၃) ရေတပ်ရေးရာဋ္ဌာန (De- partment of the Navy)၊ (၄) လေတပ်ရေးရာဌာန (Department of the Air Force)၊ (၅) ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (Joint Chiefs of Staff)၊ (၆) တိုက် ခိုက်ရေးစစ်ဌာနချုပ်များ (Combatant Commands) ဆိုပြီး ဌာနကြီးခြောက်ခုရှိပါတယ်။

(၁) ကာကွယ်ရေးဝန်ကြီး ရုံးအဖွဲ့မှာဒုတိယကာကွယ်ရေးဝန်ကြီး၊ အငယ်တန်း ကာကွယ်ရေးဝန်ကြီး၊ လက်ထောက်ကာကွယ်ရေးဝန်ကြီး၊ ဒု-လက်ထောက် ကာကွယ်ရေးဝန်ကြီးစတဲ့ အရပ်သားအဆင့်မြင့် အရာရှိများပါဝင်ပြီး အေဂျင်စီများ၊ ဌာနများကို အဆင့်ဆင့် စီမံခန့်ခွဲကြပါတယ်။ (၂) ကြည်းတပ်ရေးရာ ဌာနကို ကြည်းတပ်ရေးရာဝန်ကြီး (Secretary of the Army) ကဦးဆောင်ပြီး ကြည်းတပ်ကို စီမံခန့်ခွဲပါ တယ်။ ကြည်းတပ်ရေးရာဝန်ကြီးက အရပ်သားဖြစ်ပြီးကြည်းတပ်စစ်ဦးစီးချုပ် (Chief of Staff of the Army) ရဲ့အထက်မှာရှိပါတယ်။ (၃) ရေတပ်ရေးရာဋ္ဌာနကို ရေတပ်ရေးရာဝန်ကြီး (Secretary of the Navy) က ဦးဆောင်ပြီး ရေတပ်နဲ့မရိန်းတပ်တွေကို စီမံခန့်ခွဲပါတယ်။ ရေတပ်ရေးရာဝန်ကြီးဟာ အရပ် သားဖြစ်ပြီး ရေတပ်စစ်ဦးစီးချုပ် (Chief of Staff of the Naval Operation) နဲ့ မရိန်းတပ်စစ်ဦးစီးချုပ် (Commandar of the Marine Corps) များကို ညွှန်ကြားပါတယ်။ (၄) လေတပ်ရေးရာဌာနကို အရပ်သား တစ်ဦးဖြစ်တဲ့ လေတပ်ရေးရာဝန်ကြီး (Secretary of the Air Force) က ဦးဆောင်ပြီး လေတပ်စစ်ဦး စီးချုပ် (Chief of Staff of the Air Force) ကတစ်ဆင့် လေတပ်ကို စီမံခန့်ခွဲပါတယ်။ (၅) ပူးတွဲစစ်ဦးစီး ချုပ်များအဖွဲ့မှာ ကြည်း၊ ရေ၊ လေ၊ မရိန်းနဲ့ ပြည်စောင့်တပ်စတဲ့ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးက စစ်ဦး စီးချုပ်များပါဝင်ပြီး ၎င်းစစ်ဦးစီးချုပ်များထဲမှ သမ္မတက အထက်လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ရွေးချယ် ခန့်အပ်တဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌတို့က ဦးဆောင်ပါတယ်။(၆) တိုက်ခိုက်ရေး စစ်ဋ္ဌာန ချုပ်များမှာ အာဖရိကဆိုင်ရာ စစ်ဌာနချုပ် (Africa Command)၊ ဗဟိုစစ်ဌာနချုပ် (Central Command)၊ ဥရောပဆိုင်ရာ စစ်ဌာနချုပ် (European Command)၊ မြောက်ပိုင်းစစ်ဋ္ဌာနချုပ် (Northern Command)၊ ပစိဖိတ်ဒေသဆိုင်ရာ စစ်ဌာနချုပ် (Pa- cific Command)၊ တောင်ပိုင်းစစ်ဌာနချုပ် (Southern Command)၊ အထူးစစ်ဆင်ရေးများဆိုင်ရာ စစ်ဌာနချုပ် (Special Operations Command)၊ မဟာဗျူဟာ ဆိုင်ရာစစ်ဌာနချုပ် (Strategic Comm-and) နဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စစ်ဋ္ဌာနချုပ် (Transportation Command) ဆိုပြီး စစ်ဌာနချုပ်ကိုးခုပါဝင်ပါတယ်။အဲဒီ စစ်ဌာနချုပ်တိုင်းမှာ ကြည်း၊ ရေ၊ လေ၊ မရိန်းတပ်ဖွဲ့တွေစုပေါင်းပါဝင်ပြီး ကမ္ဘာတစ်ဝန်းဖြန့်ကျက်နေရာယူ တပ်စွဲထားပါတယ်။ထူးခြားချက် ကတော့ လက်နက်ကိုင် တပ်ဖွဲ့အသီးသီးရဲ့ စစ်ဦးစီးချုပ်များဟာ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးများဖြစ်လို့ တပ်ပိုင်းဆိုင်ရာ အမြင့်ဆုံးအရာရှိများ ဖြစ်ကြပေမယ့် သူတို့ရဲ့ အဓိကတာဝန်ဟာ သက်ဆိုင်ရာ အရပ်သား ၀န်ကြီးကို တပ်ပိုင်းဆိုင်ရာ အကြံပေးခြင်းနဲ့ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ရဲ့ အဖွဲ့ဝင်များအဖြစ် သမ္မတ၊ ကာကွယ်ရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးကောင်စီ (National Security Council) ကို စစ်ရေးဆိုင်ရာ အကြံပေးခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကြည်းတပ်စစ်ဦးစီးချုပ်က ကြည်းတပ်ရေးရာ ၀န်ကြီးကို ကြည်းတပ်ဆိုင်ရာ အကြံပေးပြီး ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ဝင်တစ်ဦးအနေနဲ့ သမ္မတ၊ ကာကွယ်ရေးဝန်ကြီး နဲ့ အမျိုးသားလုံခြုံရေးကောင်စီကို စစ်ရေးဆိုင်ရာ အကြံပေးခြင်း ဖြစ်ပါတယ်။ အဆိုပါ စစ်ဦးစီးချုပ်များမှာ လက်နက်ကိုင်တပ်ဖွဲ့များ၊ တိုက်ခိုက်ရေးစစ်ဌာနချုပ်များကို စစ်ရေးဆိုင်ရာ အမိန့်ပေးခွင့်မရှိပါ။အမေရိကန် ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ဆင်ရေး လှုပ်ရှားမှုများ နဲ့ပတ်သက်တဲ့ အမိန့်ပေးစနစ် (Chain of Command) ကို ကွန်ဂရက်လွှတ်တော်က ဥပဒေပြဋ္ဌာန်းပြီးရှင်းရှင်းလင်းလင်းသတ်မှတ်ထား ပါတယ်။ စစ်ရေးဆိုင်ရာ အမိန့်တွေကို ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့သမ္မတကသာ အမိန့်ပေးနိုင်ပြီး သမ္မတ ရဲ့ အမိန့်ကို ကာကွယ်ရေးဝန်ကြီးမှ တိုက်ခိုက်ရေးစစ်ဌာနချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီးများထံ တစ် ဆင့်ခံ ညွှန်ကြားပါတယ်။သမ္မတအမိန့်နဲ့ စစ်ဆင်ရေးတွေကို သက်ဆိုင်ရာ တိုက်ခိုက်ရေးစစ်ဋ္ဌာချုပ်များမှ တပ်မှူးကြီးများ (Commanders) က ဦးဆောင်ပြီး အကောင်အထည် ဖော်ရပါတယ်။ စစ်ဦးစီးချုပ်များက စစ်ဆင်ရေး အမိန့်ပေးခွင့်မရှိပါ။

အထက်မှာ ဖော်ပြခဲ့သလို အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များဟာ အရပ်သားသမ္မတရဲ့ အုပ်ချုပ်မှု အောက်မှာရှိနေပြီးအရပ်သားသမ္မတရဲ့အမိန့်နဲ့သာ စစ်ဆင်ရေးတွေ ဆင်နွှဲရပါတယ်။ ကာကွယ်ရေး ၀န်ကြီးဌာနမှာလည်း အထက်လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ သမ္မတက ရွေးချယ်ခန့်အပ်တဲ့ အရပ်သား အရာရှိများက လက်နက်ကိုင်တပ်ဖွဲ့များကို စီမံခန့်ခွဲကြပါတယ်။လက်နက်ကိုင်တပ်ဖွဲ့များအတွင်း ကြယ် တစ်ပွင့် ဗိုလ်ချုပ်အဆင့် (ဗိုလ်မှူးချုပ်) ကနေ ကြယ်လေးပွင့်ဗိုလ်ချုပ်အဆင့် (ဗိုလ်ချုပ်ကြီး) ကို သက်ဆိုင်ရာ စစ်ဦးစီးချုပ်များရဲ့ထောက်ခံချက်နဲ့ သမ္မတကအထက်လွှတ်တော်ကို အဆိုပြုပြီး အထက်လွှတ်တော်က သဘောတူမှ ခန့်ထားလို့ရပါတယ်။ တိုက်ခိုက်ရေးစစ်ဋ္ဌာနချုပ်များရဲ့ အကြီးအကဲ တပ်မှူးကြီးများကိုလည်း ကာကွယ်ရေးဝန်ကြီးရဲ့ အကြံပြုချက်နဲ့ သမ္မတက အထက်လွှတ်တော်ကို အဆိုပြုပြီး အထက်လွှတ်တော်က သဘောတူမှ ခန့်ထားလို့ရပါတယ်။ စစ်ဦးစီးချုပ်များရဲ့ အဓိကတာဝန်ဟာ သမ္မတ၊ ကာကွယ်ရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးကောင်စီကို အကြံပေးရေးနဲ့ သမ္မတနဲ့ အရပ်သားအရာရှိများရဲ့ဦးဆောင်မှုကို နာခံရန် ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ရှိစေချင်တဲ့တပ်မတော်

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ ဖော်ဆောင်ကြမယ်ဆိုရင် တပ်မ တော် ပြင်ဆင်ဖွဲ့စည်းရေးကို ရှောင်လွှဲလို့မရ၊ ငြင်းဆန်လို့ မရနိုင်ပါ။ ကျွန်တော်တို့မျှော်လင့်တဲ့ တပ်မ တော်က အမေရိကန်ပြည်ထောင်စု တပ်မတော်လိုပါ။ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ အရပ် သားအရာရှိများရဲ့ အမိန့်ကိုနာခံပြီး နိုင်ငံရေးမှာ စစ်ဝတ်စုံနဲ့ ၀င်ရောက်စွက်ဖက်ခြင်းမရှိတဲ့ တပ်မတော်ပါ။ ပြည်တွင်းစစ်လည်းမရှိ၊ ပြည်ပစစ်လည်း မရှိချိန်မှာ တိုင်းပြည်အတွက် စစ်စရိတ်တွေ အလွန်အကျွံမသုံးရ အောင် အင်အား အတန်အသင့်ရှိတဲ့ ခေတ်မီတပ်မတော်ပါ။ ဗဟိုအာဏာပိုင် အဖွဲ့အစည်းတစ်ခု မဟုတ် ဘဲ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တပ်မတော်ပါ။

အမေရိကန်ပြည်ထောင်စု ပြည်စောင့်တပ်များ

ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအရေးကို ဘယ်လိုဖြေရှင်းကြ မလဲ စဉ်းစားရာမှာ အသုံးဝင်နိုင်တာမို့ အမေရိကန်ပြည်ထောင်စု လက်နက်ကိုင် တပ်ဖွဲ့များထဲက ပြည်ေ စောင့်တပ်များ (National Guard) အကြောင်း ရှင်းပြချင်ပါတယ်။

အကြမ်းဖျင်းအားဖြင့် ပြောရမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ ပြည်စောင့်တပ်များဟာ ပြည်ထောင်စု တပ်မတော်ရဲ့ အရန်တပ်ဖွဲ့များ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ပြည်နယ် ၅၀၊ ပြည်ထောင်စု နယ်မြေတစ်ခု (၀ါရှင်တန်ဒီစီ) နဲ့ အစောင့် ရှောက်ခံနယ်မြေသုံးခု (ဂူအမ်ကျွန်း၊ ဗာဂျင်ကျွန်းစုများ၊ ပူအာ တိုရီကို) မှာ သီးခြား အဖွဲ့အစည်း (၅၄) ခုအဖြစ် တည်ရှိပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရများ၊ နယ်မြေ အစိုးရများရဲ့ လက်အောက်ခံဖြစ်ပါတယ်။သာမန်အခြေအနေမှာ သက်ဆိုင်ရာ ပြည်နယ်/နယ်မြေအုပ်ချုပ် ရေးမှူးများ (Governors) က သက်ဆိုင်ရာ ပြည်စောင့်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်/နယ်မြေရဲ့ အရေးပေါ်အခြေအနေ ထိန်းသိမ်းရေးလုပ်ငန်းများ၊ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ဒေသတွင်းပဋိပက်္ခများမှာ ပါဝင်ဆောင်ရွက်ကြရပါတယ်။ ပြည်နယ်/နယ်မြေ အုပ်ချုပ်ရေး မှူးက ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီမှုနဲ့ ရွေးချယ်ခန့်အပ်ထားတဲ့ ဗိုလ်ချုပ်တစ်ဦးကတစ်ဆင့် ပြည်စောင့်တပ်ဖွဲ့ကိုအမိန့်ပေးပါတယ်။

ပြည်ထောင်စုအစိုးရက အဲဒီ ပြည်နယ် (၅၀) နဲ့ နယ်မြေလေးခုက ပြည်စောင့်တပ် (၅၄) ဖွဲ့ကိုစုပေါင်းပြီး ပြည်စောင့်တပ်ဋ္ဌာနချုပ် (National Guard Bureau) အမည်နဲ့ ကြည်းတပ် (သို့မဟုတ်) လေတပ်မှ ဗိုလ် ချုပ်ကြီးအဆင့် စစ်ဦးစီးချုပ်တစ်ယောက်ကို ခန့်အပ်တာဝန်ပေးပြီး အုပ်ချုပ်ပါတယ်။ ပြည်စောင့်တပ်စစ်ဦးစီး ချုပ်ဟာ ပူးတွဲစစ် ဦးစီးချုပ်များ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။တိုင်းပြည်အတွက် လိုအပ်ပြီဆိုရင် အဲဒီ ပြည် စောင့်တပ်တွေကို ပြည်ထောင်စုတပ်မတော်ရဲ့ အစိတ်အပိုင်းအဖြစ် တာဝန်ထမ်းဆောင်ဖို့သမ္မတက ပြည် စောင့်တပ်ဖွဲ့များ စစ်ဦးစီးချုပ်ကတစ်ဆင့် ဆင့်ခေါ်တာဝန်ပေးနိုင် (Federalize) ပါတယ်။ ဒါကြောင့် မို့ လည်း ပြည်စောင့်တပ်များကို ပြည်ထောင်စုတပ်မတော်ရဲ့ အရန်တပ်ဖွဲ့များလို့ သတ်မှတ်ထားတာပါ။ ပြည် စောင့်တပ်ဖွဲ့များကို ကြည်းတပ် ပြည်နယ်စောင့်တပ် (State Army National Guard) နဲ့ လေတပ် ပြည် နယ် စောင့်တပ် (State Air National Guard)) ဆိုပြီး ဖွဲ့စည်းပါတယ်။ ရေတပ်နဲ့ မရိန်း ပြည်နယ်စောင့် တပ်များတော့ မရှိပါ။

တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပြည်နယ်စောင့်တပ်

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ အပြီးတိုင်ချုပ်ငြိမ်းသွားတဲ့အခါ တို ရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို အမေရိကန်ပြည်ထောင်စုရဲ့ ပြည်စောင့်တပ်များကို နမူနာယူပြီး ပြန်လည်ဖွဲ့စည်းသင့်ပါ တယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံကို တိုင်းရင်းသားလူမျိုးစုများ တန်းတူညီမျှစုပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စု နိုင်ငံတော်အဖြစ် ပြန်လည်ဖွဲ့စည်း တည်ဆောက်ရေး ဆွေးနွေးကြမှာပါ။ ပြည်ထောင်စု နိုင်ငံတော်စစ်စစ်ဖြစ်ဖို့ဆိုရင်ဗမာအပါအ၀င်ကရင်၊ (ကယား) ကရင်နီ၊ ကချင်၊မွန်၊ ချင်း၊ ရှမ်း၊ ရခိုင်စတဲ့ အဓိကလူမျိုးစု ရှစ်စုတန်းတူညီမျှပါဝင်တဲ့ ပြည်ထောင်စု ဖြစ်ရမှာပါ။ တိုင်းရင်းသားတွေ တောင်းဆိုကြသလို လက်ရှိတိုင်းဒေသကြီးခုနစ်ခုနဲ့ ပြည်နယ်ခုနစ်ခုကို ဗမာပြည်နယ် အပါအ၀င် အဆင့်အတန်းတူ ပြည်နယ် ရှစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းဖို့ဆိုတာကို သဘောတူလက်ခံဖို့ ခက်ခဲပေမယ့် ဗမာလူများစု အခြေပြုနေ ထိုင်ရာ တိုင်းဒေသကြီးခုနစ်ခုပါဝင်တဲ့ ဗမာပြည်မနဲ့ တိုင်းရင်းသားပြည်နယ် ခုနစ်ခုဟာ တန်းတူညီမျှရှိ သင့်ပါတယ်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာများကို တိုင်းဒေသကြီးနဲ့ ပြည်နယ်များသို့ ခွဲဝေအပ် နှင်းထားတယ် ဆိုပေမယ့် လက်တွေ့မှာတော့ ပြည်နယ် အစိုးရများ၊ ပြည်နယ်လွှတ် တော်များမှာ လုပ်ပိုင်ခွင့်အာဏာနည်းပါးလှ ပြီး ပြည်နယ်များအားလုံးမှာ တရား စီရင်ရေး အာဏာလုံးဝမရှိပါ။ ဒီလိုအနေအထားကို လုံးဝပြောင်းလဲရမှာပါ။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။