Thursday, July 17, 2014

ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး (၁) (၂) (၃)

(အောင်ဒင်) (Mizzima)

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကအမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ အထက်လွှတ်တော်အမတ် ကြီး မစ်ခ်ျမက် ကော်နယ်လ် (Senator Mitch Mc Connell) က စစ်အစိုးရခေတ် မြန်မာနိုင်ငံရဲ့ အဓိက ထုတ်ကုန်သုံးမျိုးဟာ မူးယစ်ဆေးဝါး၊ ဒုက္ခသည်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်လို့ မှတ်ချက်ပေး ခဲ့ဖူးပါတယ်။အဲဒီလို မှတ်ချက်ပေးရလောက်အောင်ကိုလည်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ မူးယစ် ဆေးဝါးအများဆုံး စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူးရာနိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် မိမိတို့နေ ထိုင်ရာ အိုးအိမ်၊ ဒေသများကိုစွန့်ခွာပြီး၊ ဒါမှမဟုတ် မောင်းထုတ်ခံရပြီး တောထဲတောင်ထဲမှာ၊ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံရသူ ဒုက္ခသည်အများဆုံးရှိတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအယူ အဆ ကွဲလွဲမှု၊ အာဏာရှင်စနစ်ကို လက်မခံ၊ ဆန့်ကျင်မှုကြောင့် အာဏာရှင်များက ဖမ်းဆီးနှိပ်စက်ပြီး အကျဉ်းချခံကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများဆုံးရှိရာနိုင်ငံ ဖြစ်ခဲ့ပါတယ်။


မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး၊ ဒုက္ခသည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေ မရှိဖို့ဆိုရင် အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီ စနစ်ကို အခိုင်အမာတည်ဆောက်ရမှာပါ။လူ့အခွင့်အရေးတွေကို လေးစားတန်ဖိုး ထားပြီး နိုင်ငံသားတိုင်းကို အကာအကွယ် ပေးရမှာပါ။ လူမျိုး၊ ဘာသာမတူကွဲပြားမှု တွေကိုလက်ခံပြီး အပြန်အလှန်လေးစားမှုနဲ့ ညီညွတ်ကြရမှာပါ။ နိုင်ငံရေးအယူအဆ မတူညီမှုတွေကို လက်နက်ကိုင်ပြီး မဖြေရှင်းဘဲ စားပွဲဝိုင်းမှာ တန်းတူရည်တူ ဆွေးနွေး ဖြေရှင်းတဲ့ယဉ်ကျေးမှုကို လေ့ကျင့်တည်ဆောက်ကြရ မှာပါ။ နှစ်ပေါင်း (၆၀)ကျော် သက်တမ်းရှည်တဲ့ ပြည်တွင်းစစ်ကြီးကို စေ့စပ်ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး အဆုံးသတ်ကြရမှာပါ။

ပြည်တွင်းစစ်ရပ်စဲရေး ကြိုးပမ်းမှုများ

ပြည်တွင်းစစ်ရပ်စဲရေးအတွက် ပါလီမန် ဒီမိုကရေစီခေတ်မှာဩ၀န်ကြီးချုပ်ဦးနု ခေါင်းဆောင်တဲ့ ဖဆပလ အစိုးရက ကြိုးပမ်းခဲ့ဖူး ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်တွေ အကြိမ်ကြိမ်ပေး၊ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေး၊ လက်ဝဲညီညွတ်ရေးမူဝါဒများ ချမှတ်ခြင်းစသည်ဖြင့် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။ ဒီလိုနဲ့ တိုင်းရင်းသားများတောင်းဆိုတဲ့ ဖက်ဒရယ် ပြည်ထောင်စုအရေးနဲ့ ပတ်သက်ပြီး အစိုး ရနဲ့ တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးပွဲများကျင်းပပြီး အဖြေရှာဖို့ ကြိုးစားနေ ချိန် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှာ ဗိုလ် ချုပ်နေ၀င်းခေါင်းဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်လို့ ၀န်ကြီးချုပ်ဦးနု ရဲ့ ကြိုးပမ်းမှုများ ရပ်စဲခဲ့ရပါတယ်။

ဗိုလ်ချုပ်နေ၀င်းကလည်း တော်လှန်ရေးကောင်စီ လက်ထက်မှာရော၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရအနေနဲ့ရော ပြည်တွင်းငြိမ်းချမ်းရေးအတွက် လွတ် ငြိမ်းချမ်းသာခွင့်တွေပေးပြီး လက်နက်ကိုင် အဖွဲ့ အစည်းများနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးနေ၀င်းအစိုးရရဲ့ ရပ်တည်ချက်က တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများက လက်နက်ကိုင်တပ်များ ဖျက်သိမ်း၊ ၁၉၇၄ ခုနှစ် တစ်ပါတီစနစ်ဖွဲ့စည်း ပုံအခြေခံဥပဒေကိုလက်ခံပြီး မဆလ အစိုးရရဲ့ သြဇာကိုနာခံရမည့် ကမ်းလှမ်းမှု မျိုးသာဖြစ်တာကြောင့် အဆုံးမှာ ဆွေးနွေး ပွဲများ မအောင်မြင်ခဲ့ဘဲ ပြည်တွင်းစစ်သက် တမ်း ဆက်လက်ရှည်ခဲ့ပါတယ်။

၁၉၄၈ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်များ အတွင်း လက်နက်ကိုင်တော်လှန်ရေး လုပ်ကြတဲ့ အဖွဲ့အစည်းများကို အဓိကအားဖြင့် နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ တစ်မျိုးက နိုင်ငံ ရေးအယူဝါဒအရ လက်ရှိအစိုးရကို ဆန့်ကျင် တော်လှန်ကြသူများဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)၊ ဗမာပြည် ကွန်မြူနစ်ပါတီ(အလံနီ)၊ ပြည်သူ့ ရဲဘော် (ဖြူ)၊ ပြည်သူ့ရဲဘော် (၀ါ)၊ ပါလီမန်ဒီမိုကရေစီ ပါတီ (ပီဒီပီ)၊ ပြည်ချစ်လူငယ်တပ်ပေါင်းစု စတဲ့ အဖွဲ့အစည်းများ ပါဝင်ကြပါတယ်။ နောက်တစ်မျိုးကတော့ လူမျိုးရေးအရ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်နဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဆန့်ကျင်တော်လှန်တဲ့အဖွဲ့အစည်းများဖြစ်ပြီး ကရင်အမျိုးသား အစည်း အရုံး (ကေအန်ယူ)၊ ကချင်လွတ် မြောက်ရေးအဖွဲ့ (ကေအိုင်အေ)၊ မွန်ပြည်သစ်ပါတီစတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်ကြပါတယ်။

၁၉၈၉ ခုနှစ်မှာ နိုင်ငံရေးအယူဝါဒအရ ဆန့်ကျင်တော်လှန်တဲ့ အဖွဲ့အစည်းများထဲက နောက်ဆုံးကျန်တဲ့ ဗမာပြည် ကွန်မြူ နစ်ပါတီပြိုလဲပျက်စီးပြီး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက ပေါက်ဖွားလာတဲ့ ကျောင်းသားတပ်မတော် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး။ မကဒတ)သာ နိုင်ငံရေးအယူအဆအရ ဆန့်ကျင်တော်လှန်သော အဖွဲ့အစည်းအဖြစ် ခိုင်ခိုင်မာမာ ကျန်ရစ်ခဲ့ပါတယ်။ သံမဏိဗိုလ်ခင်မောင်ခေါင်းဆောင်တဲ့ ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (ဒညတ)၊ ဗိုလ်မှူးကြီးဟောင်း စိန်မြ ခေါင်းဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပီဒီအက်ဖ်) စတဲ့ အဖွဲ့အစည်းအချို့ ရှိပေမယ့်လည်း စစ်အစိုးရကို နိုင်ငံရေး၊ စစ်ရေး ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့ပါ။ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများ ကတော့ မူလရှိရင်းစွဲအဖွဲ့များအပြင် ခွဲထွက် အဖွဲ့များ၊ ချင်းအမျိုးသားတပ်ဦး (စီအန် အက်ဖ်) လို အသစ်ပေါ်ပေါက်သောအဖွဲ့များဖြင့် အရေအတွက်အားဖြင့် ပို၍ပို၍ များပြားလာပါတယ်။

ဗိုလ်ချုပ်စောမောင်ခေါင်းဆောင်တဲ့ န၀တစစ်အစိုးရနဲ့ ဗိုလ်ချုပ်သန်းရွှေ ခေါင်းဆောင်တဲ့ နအဖစစ်အစိုးရ များလက်ထက် (၁၉၈၈-၂၀၁၀) အတွင်းမှာလည်း ပြည်တွင်း ငြိမ်းချမ်းရေးဆိုပြီး ဆောင်ရွက်ခဲ့ပါသေး တယ်။ ဒါပေမဲ့ စစ်အစိုးရရဲ့ ကြိုးပမ်းမှုက ငြိမ်းချမ်းရေး အမှန်တကယ်ရဖို့ထက် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များကို သွေးခွဲဖြိုခွင်းရေးနဲ့ လက်အောက်ခံအဖြစ် သိမ်းသွင်းရေးပဲ ဖြစ်ပါတယ်။ ပြည်တွင်းက အ ကြမ်းမဖက် ဒီမိုကရေစီလှုပ်ရှားသူများကို အကြမ်းဖက်ချေမှုန်းရာမှာ ပိုမိုအာရုံစိုက်၊ အင်အားသုံးနိုင်ဖို့ အတွက် နယ်စပ်ဒေသက လက်နက်ကိုင်ပဋိပက္ခများကို အတိုင်းအ တာတစ်ခုအထိ လျှော့ချနိုင်ရန်သာ ရည်ရွယ် ခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့်၊ အခါ၊ ကချင် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများဟာ ရှမ်းပြည် နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာ အထူးဒေသများ တည်ထောင်အုပ်ချုပ်ခွင့်၊ စီးပွားရေးဆိုင်ရာ အထူးအခွင့် အရေးများ ရရှိခဲ့ပါတယ်။ အခြားတိုင်းရင်းသားခွဲထွက် အုပ်စုငယ်များဟာလည်း မြန်မာစစ်အစိုးရကို သစ္စာ ခံယူခြင်းဖြင့် ပြည်သူ့စစ်နာမည်နဲ့ လက်နက်ကိုင်ရပ်တည်ခွင့်၊ ဘိန်းစိုက်ခွင့်၊ မူးယစ်ဆေးဝါးထုတ်လုပ် ဖြန့် ဖြူးခွင့်တွေ ရရှိခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားတပ်ဖွဲ့များက စစ်အစိုးရရဲ့ လက်အောက်ခံတစ်ပိုင်း ဖြစ်လာကြတဲ့အခါ မြန်မာစစ်အစိုးရအတွက် ထိုင်း- မြန်မာနယ်စပ်ဒေသ အခြေ စိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အင်အားအလုံးအရင်းနဲ့ချေမှုန်းဖို့ အခွင့်အရေး ပိုရပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေက ထိုင်း စစ်ခေါင်းဆောင်တွေနဲ့ အဆင်ပြေအောင် ဆက်ဆံပြီး ထိုင်းနယ် စပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ ဖိအားပေးနိုင်ခဲ့ပါတယ်။

စစ်အစိုးရ သက်တမ်းတစ်လျှောက်လုံး မှာ နယ်စပ်ဒေသအခြေပြု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများကို ဖိအား ပေးတိုက်ခိုက်၊ အခွင့်အရေးပေး သွေးခွဲ ဆက်ဆံပြီး လက်အောက်ခံပြုနိုင်ခဲ့၊ အင် အားချည့်နဲ့စေနိုင်ခဲ့လို့ စစ်ပွဲကာလ အတော်ကြာရပ်စဲပြီး ပြည်တွင်းကအကြမ်းမဖက်ဒီမိုကရေစီရေး လှုပ် ရှားမှုကြီးကို ဖိနှိပ်ဖြိုခွဲ ဖို့ အင်အားပိုရှိခဲ့ပါတယ်။ စစ်အစိုးရ အတွက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို လက်အောက်ခံပြုပြီး ပြည်တွင်းက ဒီမိုကရေစီလှုပ်ရှားမှုကြီးကို အကြမ်းဖက်ဖြိုခွဲဖို့ကပိုပြီး အရေးကြီးပါတယ်။


ဒါပေမဲ့ စစ်အစိုးရ မထင်မှတ်တာတွေ ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေဟာ ဘယ်လောက်ပဲ ပြိုကွဲ နေသည်ဖြစ်စေ၊ ဘယ်လိုပဲ စစ်အစိုးရကို သစ္စာခံသည်ဖြစ်စေ၊ ဘယ်လိုပဲ အင်အား ချို့တဲ့သည်ဖြစ်စေ၊ ဘယ်လောက်ပဲအတွင်း ပဋိပက္ခတွေရှိနေသည်ဖြစ်စေ၊ ဘယ်လောက်ပဲ စစ်အစိုးရနဲ့ ပေါင်းပြီး ကြီးပွားချမ်းသာနေသည်ဖြစ်စေ၊ လူမျိုးရေးတန်းတူညီမျှမှု၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် ရရှိရေးတွေ တောင်းဆိုရာမှာ အားလုံးတူညီရပ်တည်ကြပါတယ်။ 
ဘယ်အဖွဲ့အစည်းကမှ မြန်မာစစ် တပ်ရဲ့ လက်အောက်ခံတပ် မဖြစ်ချင်ကြပါ။ ဘယ်အဖွဲ့အစည်းကမှ သူတို့လိုလားတောင့်တတဲ့ တိုင်းရင်း သား လူမျိုးစုအခွင့်အရေးတွေကို နိုင်ငံရေးအရ ဖြေရှင်းမပေးမချင်း လက်နက်ကိုင်တော်လှန်ရေးကို စွန့် လွှတ်မှာမဟုတ်ပါ။

ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှု

၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရ အာဏာရလာပြီးတဲ့နောက် ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင်ဖို့ ကတိပြု ခဲ့ပါတယ်။ သမ္မတကိုယ်တိုင်ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဒု-သမ္မတဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီတွေဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တစ်ဖွဲ့ ချင်း သီးခြားစီ တွေ့ဆုံဆွေးနွေးမှု တွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများက အစပိုင်းမှာ မမှန်ကန်ခဲ့ပါ။ ဦးနေ၀င်း အစိုးရက ကမ်းလှမ်းခဲ့သလိုပါပဲ။ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့များအနေနဲ့ မြန်မာ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲ၊၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို လက်ခံ၊ တပ်တွေဖျက်၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင်ပြီး လွှတ် တော်ထဲရောက်မှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစားဆိုတဲ့ ဦးသိန်းစိန်အစိုးရရဲ့ ကမ်းလှမ်းချက်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ငြင်းပယ်ခဲ့ ကြပါတယ်။

အတိုင်းအတာတစ်ခုအထိ ပွင့်လင်းလာတဲ့အခြေအနေမှာ တဟုန်ထိုးအင်အားကြီးမားလာပြီး နိုးကြား တက်ကြွတဲ့ မြန်မာ့ အရပ်ဘက်လူ့အဖွဲ့အစည်းများက သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေး မူဝါဒအမှားများကို ဝေဖန်ထောက်ပြပြီး ပြည်တွင်းစစ်ကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းဖြင့် အမြန်ဆုံး ရပ်စဲဖို့ တောင်းဆိုကြ ပါတယ်။ တိုင်းရင်းသားလူမျိုးစုများရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို မျှမျှတတ ဖြေရှင်းပေးဖို့ တောင်းဆိုကြပါတယ်။သတင်း လွတ်လပ်ခွင့်ရှိလာတဲ့ မြန်မာ့မီဒီယာများက ဖော်ထုတ်ရေး သားလို့ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံများ၊ စစ်ဘေးဒုက်္ခသည်များ ခံစားနေရတဲ့ ဝေဒနာများကို မြန်မာပြည် သူများ ရော၊ ကမ်္ဘာ့ပြည်သူများပါ အရင်တုန်းကထက် ပိုပြီး သိရှိနားလည်လာကြပါပြီ။ ကုလသမဂ္ဂ အပါ အ၀င် နိုင်ငံတကာအစိုးရများ၊ နိုင်ငံ တကာအဖွဲ့အစည်းများကလည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ တိုင်းရင်း သား လူမျိုးစုများအကြား စစ်စစ်မှန်မှန် ဆွေးနွေးဖြေရှင်းကြဖို့ ဖိအားပေးပါတယ်။ဦးသိန်း စိန်အစိုးရ ကိုယ်တိုင်လည်း ပြည် တွင်းငြိမ်းချမ်းရေး ရဖို့ဆိုရင် အပစ်အခတ် ရပ်စဲရေးလုပ်ရုံနဲ့ မလုံလောက် ဘဲ အစိုးရနဲ့ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့ အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့ အစည်းများအားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီးတစ်ခုကို ကျင်းပ ပေးဖို့ လိုအပ်ကြောင်း၊ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲကြီးက အများသဘောတူချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်များ ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းအာမခံပြီး အပြည့်အ၀ အကောင်အထည်ဖော်ပေးဖို့ လိုအပ် ကြောင်း သဘောပေါက်လာပါတယ်။

ဒါကြောင့်လည်း ဦးသိန်းစိန်ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မူဝါဒမှာ အပြောင်းအလဲတွေ ရှိလာပါတယ်။ အရင် တုန်းကလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တစ်ဖွဲ့ချင်းစီ သီးခြားတွေ့ဆုံဆွေးနွေးခြင်း မပြုတော့ဘဲ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုအနေနဲ့ဆွေးနွေးဖို့ သဘောတူလာပါတယ်။
ပထမဆင့်အနေနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ဖြစ်ပြီး ဒုတိယအဆင့်မှာ အစိုးရကိုယ်စား လှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များ “နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ” (The Framework for Political Dial-ogue) ချမှတ်ရေးဆွေးနွေးရန်၊ တတိယအဆင့်အနေနဲ့ ယင်းမူ ဘောင်များကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပ ရန်၊ စတုတ္ထဆင့်အနေနဲ့ “တိုင်းရင်းသား လူမျိုး များဆိုင်ရာ ပြည်ထောင်စုသဘောတူ စာချုပ်” ကို ချုပ်ဆိုပြီး သဘောတူညီချက်များကို အကောင်အထည် ဖော်ရန် စသည်ဖြင့် အများလက်ခံနိုင်တဲ့ မူဝါဒအပြောင်းအလဲတွေ ရှိလာပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ ယဉ်ကျေးမှုသမ္မတဦးသိန်းစိန်က မိန့်ခွန်းတွေထဲမှာ မြန်မာနိုင်ငံသားအချင်းချင်း နိုင်ငံရေး သဘောထားမတူညီမှုတွေကို လက်နက်ကိုင် မဖြေရှင်းဘဲ စားပွဲဝိုင်းမှာ ဆွေးနွေးဖြေရှင်းမည့် နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်မည့်အကြောင်း မကြာခဏ ထည့်သွင်းပြောကြားတာကြားရတော့ ၀မ်းသာမိပါတယ်။

ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲယဉ်ကျေးမှုကို တည်ဆောက်ရာမှာ မရှိမဖြစ် ကျင့် သုံးရမယ့် ကျင့်ဝတ်တွေကို သက်ဆိုင်သူ အားလုံးကလက်ခံကျင့်သုံးကြမှပဲ ဆွေးနွေး ပွဲတွေ အောင်မြင်မှာပါ။ အဲဒီကျင့်ဝတ်တွေက (၁) တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် လေးစားမှုရှိဖို့ လိုအပ်ပါတယ်၊ (၂) တစ်ဖက် နဲ့တစ်ဖက် အပြန်အလှန် သည်းခံခွင့်လွှတ် ဖို့ လိုအပ်ပါတယ်၊ (၃) ငြိမ်းချမ်းရေးကို ဆွေး နွေးညှိနှိုင်းပြီး မဖြစ်မနေ တည်ဆောက်ကြ မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိဖို့ လိုအပ် ပါတယ်၊ (၄) စိတ်ရှည်လက်ရှည် ဆွေးနွေးဖို့ လိုအပ်ပါတယ်၊ (၅) အပေးအယူမျှတမှုဖို့ လိုအပ်ပါတယ်၊ မဖြစ်နိုင်တာတွေကို မရ မနေတောင်းဆိုတာနဲ့ ဖြစ်သင့်ဖြစ်ထိုက် တာကိုလက်မခံဘဲ ခေါင်းမာမာနဲ့ ငြင်းဆန် တဲ့ အစွန်းနှစ်ဖက်ကိုရှောင်ဖို့ လိုအပ်ပါတယ်၊ (၆) ဆွေးနွေးစဉ် ကာလမှာ တစ်ဖက်နဲ့တစ် ဖက် အထင်အမြင်လွဲစေနိုင်တဲ့ အပြုအမူ တွေ၊ ရန်စောင်မှုတွေကို ရှောင်ကြဉ်ဖို့ လို အပ်ပါတယ်၊ (၇) ဆွေးနွေးပွဲများနဲ့ ပတ်သက် ပြီး အများပြည်သူအပေါ် ပွင့်လင်းဖို့ လိုအပ် ပါတယ်၊ (၈) ဆွေးနွေးပွဲကရရှိလာတဲ့ သဘော တူညီမှုတွေကိုလက်ခံပြီး ရဲရဲရင့်ရင့် အကောင်အထည်ဖော်ရေး တာဝန် ယူမှုတွေ လိုအပ် ပါတယ်။ ဒီကျင့်ဝတ်မှုတွေ ပြည့်စုံမှပဲ နိုင်ငံ ရေးဆွေးနွေးပွဲ ယဉ်ကျေးမှုအဓွန့်ရှည်မှာပါ။

ငြိမ်းချမ်းရေးအတွက် အဓိကပြဿနာနှစ်ခု

ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းများ အားလုံး ဆွေးနွေး ညှိနှိုင်းကြရာမှာ အဓိကပြဿနာနှစ်ခု ရှိပါ တယ်။ (၁) မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသား လူမျိုးစုများအားလုံး တန်းတူညီမျှ အ ခွင့်အရေးရှိတဲ့ ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ခြင်းနဲ့ (၂) ပြည် ထောင်စုတိုင်း ရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ပြည် ထောင်စုတပ်မတော်ဖွဲ့စည်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ပြည်ထောင်စုတပ်မတော်အတွင်း အသွင် ပြောင်းဖွဲ့စည်းခြင်းတို့ဖြစ် ကြပါတယ်။

ဒီနှစ်ချက်စလုံး ဖြစ်ပေါ်လာရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများမှာ မဖြစ်မနေ ဆွေးနွေးမည်ဆိုတဲ့ အာမခံ ချက်ကို တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများက အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ အဓိက ထည့် သွင်းရေးဆွဲချင်ပြီး အစိုးရနဲ့ တပ်မတော် ကတော့ ဒီအချက်တွေဟာ အပစ်အခတ် ရပ်စဲရေးစာချုပ်နဲ့ မသက် ဆိုင်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင်များ ဆွေးနွေး တဲ့အခါကျမှ ထည့်သွင်းဆွေးနွေးရမှာ ဖြစ် တယ်လို့ ခံယူထားပါတယ်။

နှစ်ဖက်ပြုစုထားတဲ့ အပစ်ရပ်စာချုပ်၊ ဒုတိယမူကြမ်းရဲ့ (Single Text, Second Draft) “နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးခြင်း” ခေါင်းစဉ်အောက်၊ ပုဒ်မ (၂၁)၊ ပုဒ်မခွဲ (ဃ) မှာအစိုးရဘက်က “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက် စေနိုင်မည့် ကိစ္စရပ်များမှအပ အခြားဆွေးနွေးသင့်သော ကိစ္စရပ်များအားလုံးကို နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးရန်” လို့ ထည့်သွင်းချင်ပါတယ်။ 
တိုင်းရင်းသားများက အဲဒါကို လက်ခံပေမယ့် အဲဒီစာ သားနဲ့ တစ်ဆက် တည်းနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပါအ၀င် ပြည်ထောင်စု၏နိုင်ငံ ရေး အရင်းခံပြဿနာဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုတပ်မတော်ဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးရန်” ဆိုပြီး ဖြည့်စွက်ထည့်သွင်းချင်ပါတယ်။ အစိုးရဘက်ကသဘောမတူပါ။

ပြည်ထောင်စုတပ်မတော်

ဒီဆောင်းပါးမှာ ပြည်ထောင်စုတပ်မတော်အရေးကိစ္စကို ဦးစားပေး ဆွေးနွေး ချင်ပါတယ်။

၂၀၁၄ ခုနှစ်၊ မေလ ၂၃ ရက်မှာ နှစ်ဖက် ပူးတွဲပြုစုတဲ့ “တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်၊ ဒုတိယ မူကြမ်း” ၊အခန်း (၁) အခြေခံမူများ၊ ပုဒ်မ (၁)၊ ပုဒ်မခွဲ (င) မှာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များက ““တိုင်းရင်းသားလူမျိုး ပေါင်းစုံ ပူးပေါင်းပါဝင်သော ပြည်ထောင်စု တပ်မတော် ကို စစ်မှန်သော ဖက်ဒရယ်မူနှင့် အညီ တည်ဆောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားရန် သဘောတူကြသည်” လို့ ထည့်သွင်းရေးဆွဲချင်ပါတယ်။

အစိုးရဘက်က သဘောမတူပါ။ ၎င်းစာသားအစား အစိုးရဘက်က “ပြည်ထောင်စုတပ်မတော်ဆိုသည်မှာ တပ်မတော်တွင် နိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင် ဖွဲ့စည်းထားကြောင်း တွေ့ရှိရသဖြင့် ပြည် ထောင်စုတပ်မတော်ပင် ဖြစ်ပါသည်” လို့ ထည့်သွင်းရေးဆွဲဖို့ အဆိုပြုပါတယ်။ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများက သဘောမတူပါ။

တိုင်းရင်းသားများက လက်ရှိတပ်မတော်ကို ပြည်ထောင်စု တပ်မတော်ဖြစ်အောင် ပြန်လည်ဖွဲ့စည်းရမယ် လို့ ရပ်တည်ပါတယ်။ လက်ရှိတပ်မတော်ကြီးက မပြောင်းမလဲ ဒီအတိုင်းရှိနေသ၍ သူတို့ တပ်တွေကို ဖျက်သိမ်းမှာ၊ သူတို့တပ်တွေကို တပ်မတော်ရဲ့ လက်အောက်ခံအဖြစ် အသွင်ပြောင်းမှာ မဟုတ်ပါ။ အစိုးရ နဲ့ တပ် မတော်ဘက်ကလည်း လက်ရှိတပ်မတော် ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးကို လုံးဝ လက်မခံပါ။ လက်မခံတဲ့အပြင် လက်ရှိ တပ်မတော်ဟာ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ပြည်ထောင်စုတပ်မတော် ဖြစ် တယ်လို့တောင် ပြောနေပါပြီ။
 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတောင်းဆိုသည့် ပြည်ထောင်စုတပ်မတော်

တိုင်းရင်းသားများမျှော်လင့်တဲ့ ပြည်ထောင်စုတပ်မတော်နဲ့ ပတ်သက်ပြီး “ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ” က တိုင်းရင်းသားညီလာခံကိုတင်သွင်းတဲ့စာတမ်းမှာ အောက်ပါအတိုင်း ဖော်ပြထား ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးဆိုင်ရာ မူဝါဒများ

ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအဖြစ် တည်ဆောက်ရာတွင် ကာကွယ်ရေးဆိုင်ရာ မူဝါဒများကို အောက်ပါ အတိုင်း ချမှတ်ရမည်။

၁။ ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာကိုကာကွယ်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။

၂။ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ် ရေးတပ်မတော်သည် ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာ အာဏာကို ထိပါးလာမည့် ပြည်ပရန်မှ ကာကွယ်ရန် တာဝန်ရှိသည်။

၃။ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ် ရေးတပ်မတော်သည် ဖက်ဒရယ်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာရမည်။

၎။ ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ်ရေးဆိုင်ရာ မူဝါဒများကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြု ပြဋ္ဌာန်းပေးရမည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုင်ရာ မူဝါဒများ

၁။ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်ရေးတပ်မတော်သည် ဖက်ဒရယ်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာရမည်။

၂။ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ် ရေးတပ်မတော်သည် နိုင်ငံရေးတွင်ဝင်ရောက်စွက်ဖက်မှု မရှိစေ ရဘဲ စွမ်းဆောင်ရည်ပြည့်ဝသောတပ်မတော် (Profession-al Army) သာ ဖြစ်စေရမည်။

၃။ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ် ရေးတပ်မတော်သည် မည်သည့်အချိန်အခါတွင်မဆို အရပ်ဘက် အုပ်ချုပ်ရေးအောက် တွင် (Civilian Control) ရှိစေရမည်။မည်သည့်လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်အရာရှိ (Active Duty) ပုဂိ္ဂုလ်ကိုမျှကာ ကွယ်ရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးများ အဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခြင်း မရှိစေရ။

၎။ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်ရေးအတွက် ဖွဲ့စည်းထားသော တပ်မတော်သည် တရားဥပဒေစိုးမိုး ရေးနှင့် ပြည်သူ့ဘ၀လုံခြုံရေးအတွက် ဖွဲ့စည်းထားသော ပြည်ထောင်စုရဲတပ်ဖွဲ့/ပြည်နယ်ရဲတပ်ဖွဲ့တို့ နှင့် သီးခြားထားရှိရမည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် စုဖွဲ့ပုံ

၁။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်စုဖွဲ့ရာတွင် တပ်သားသစ်စုဆောင်းခြင်း၊အရာရှိသင်တန်းပေးခြင်း၊ စစ်တက်္ကသိုလ် အဆင့် ရွေးချယ်ခြင်းတို့၌ တိုင်းရင်းသားလူမျိုး အသီးသီးတို့၏ တင်ကြိုညှိနှိုင်းသဘောတူ သတ်မှတ်ထားသော အချိုးကျစနစ် (Negotiated Proportionate System) ကို ကျင့်သုံးရမည်။
မှတ်ချက် ။ ။ မည်သည့်တိုင်းရင်းသား လူမျိုးတစ်မျိုးကမှ တပ်ဖွဲ့ဝင်ဦးရေ ထက်ဝက်ကျော်အရေအတွက် မရှိစေရ။

၂။ ဖက်ဒရယ်ပြည်ထောင်စု လိုအပ်ချက်နှင့်အညီ ကြည်းတပ်၊ ရေတပ်နှင့် လေတပ် တို့ကို သီးခြားစီခွဲ၍ ဖွဲ့စည်းထားရှိရမည်။

၃။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် လက်အောက်ခံ တပ်ဖွဲ့များအတွင်း ရာထူး/ တာဝန်ခန့်အပ်မှု များနှင့် ပတ်သက်၍ လူမျိုး ကိုးကွယ်သည့်ဘာသာ၊ မျိုးရိုး၊ အသားအ ရောင်နှင့် လိင်ကွဲပြားမှုတို့အပေါ်တွင် အခြေခံ၍ ခွဲခြားဆက်ဆံခြင်း မရှိစေရ။

၎။ ပညာပေးရေးကိစ္စ(က) စစ်လေ့ကျင့်ရေးကျောင်းများ၊ စစ် တက်္ကသိုလ်များကို သီးခြားဖွဲ့စည်းထူထောင် ရမည်။(ခ) အဆိုပါ စစ်လေ့ကျင့်ရေးကျောင်း များ၊ စစ်တက်္ကသိုလ်များတွင် သင်ကြားပို့ချရာ၌ စစ်ဘက်ဆိုင် ရာဘာသာရပ်များအပြင် ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဘာသာရပ်များ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာရေးဘာသာရပ်များ၊အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာအခြေခံသဘောတရား ဘာသာရပ်များနှင့် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conven-tion) မှချမှတ်ထားသော နိုင်ငံတကာအဆင့် တိုက်ပွဲအတွင်း လိုက်နာရမည့် စည်းကမ်းများ (Rules of Engagement) နှင့် ပြည်သူလူထုနှင့် ဆက်ဆံ ရာတွင် လိုက်နာရမည့် စည်းကမ်းများ (Code of Conducts) တို့ကိုလည်း သင်ကြားရမည်။

၅။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် စစ်ဦးစီးများအဖွဲ့ကို ကာကွယ်ရေးဝန်ကြီး ဌာန၏ လက်အောက် တွင် ဖွဲ့စည်းထားရှိရ မည်။ စစ်ဦးစီးများအဖွဲ့တွင် တိုင်းရင်းသား လူမျိုးအသီးသီး၏ စစ်ဦးစီးချုပ်များ အချိုး ကျပါဝင်စေလျက် ၎င်းတို့အချင်းချင်းထဲမှ ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးကို တစ်နှစ်သက်တမ်းအတွက် အလှည့်ကျ ရွေးချယ်ခန့်အပ်ရမည်။တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တောင်းဆိုတဲ့ ပြည်ထောင်စု တပ်မတော် ဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အရပ် ဘက်အုပ်ချုပ်ရေးရဲ့ လက်အောက်ခံဖြစ်တဲ့ တပ်မ တော်ပါ။ အထက်ဖော်ပြပါ တိုင်းရင်း သားများရဲ့ မျှော်လင့်ချက်တွေဟာ အမေရိကန်ပြည်ထောင်စု တပ်မ တော်ဖွဲ့စည်းပုံနဲ့ အများအားဖြင့် တူညီပါတယ်။ တပ်မတော် ဟာ အရပ်ဘက်အုပ်ချုပ်ရေးရဲ့ လက်အောက် ခံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အရပ်သားကာကွယ်ရေးဝန်ကြီးက အုပ်ချုပ်ရမယ်။ ကြည်းတပ် တစ်ခုတည်းက အင်အားကြီးမား၊ သြဇာကြီးမားတာမျိုး မဟုတ်ဘဲ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေဟာ သီးခြားစီဖွဲ့စည်းပြီး တန်းတူညီမျှ ရှိရမယ်။ တပ်မတော်ကို ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်များပါဝင်တဲ့ ပူးတွဲ စစ်ဦးစီးချုပ် များအဖွဲ့က ခေါင်းဆောင်ပြီး ပူးတွဲစစ်ဦးစီး ချုပ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌကို စစ်ဦးစီးချုပ်များထဲက အလှည့်ကျ ရွေးချယ်တာဝန်ပေးရ မယ်။ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့် ရှောက်ဖို့ မဟုတ်ဘဲ လေးစားလိုက်နာဖို့ ဖြစ်တယ်။ 
တပ်မတော်ဟာ ရဲတပ်ဖွဲ့နဲ့ သီးခြားဖြစ်ရမယ်။အဲဒီမျှော် လင့်ချက်တွေကို ဦးသိန်းစိန် အစိုးရနဲ့ မြန်မာ့တပ်မတော်က လိုက်လျော လိမ့်မယ်မထင်ပါ။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်နိုင်ငံလုံးမှာ အမြင့်မားဆုံးအာဏာရှိနေတဲ့ ကာကွယ်ရေးဦးစီး ချုပ်နဲ့ မြန်မာ့တပ်မတော်က တပ်မတော်ပြန်လည်ဖွဲ့စည်းရေးနဲ့ တပ်မတော်ကို အရပ်သားအုပ်ချုပ်ရေး လက် အောက်ခံဖြစ်ရေး တောင်းဆိုချက်တွေကို လုံးဝလိုက်လျောလိမ့်မယ် မထင်ပါ။ ဒါဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လည်း သူတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းကြ၊ အသွင်ပြောင်းကြ မှာ မဟုတ်ပါ။ ဒီလိုဆိုရင်ဖြင့် ပြည်တွင်းငြိမ်း ချမ်းရေးနဲ့ အလှမ်းဝေးနေရဦးမှာပါ။

တပ်မတော်၏ သဘောထား

၂၀၁၄ခုနှစ်၊ မေလ ၄ ရက်ထုတ် ဒီမိုကရေစီတူဒေး (Democracy Today) သတင်းစာမှာတပ်မတော်ရဲ့ သဘောထားကို ဖတ်ရပါတယ်။ အယ်ဒီတာချုပ်ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)ရဲ့ စာရေးမေးမြန်းချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးက အောက်ပါအတိုင်း ပြန်ကြားပါတယ်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ် စဲရေးစာချုပ် မူကြမ်းရေးဆွဲရာမှာ ပြည် ထောင်စုတပ်မတော်ကိစ်္စကို အကြိတ်အ နယ်ဆွေးနွေးမယ်ဆိုတာ ဘာကို ဆွေးနွေးမှာလဲ။ လက်ရှိတပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် ဖြစ်ပါတယ်။ လက်ရှိတပ်မတော် ကိုဖျက်ပြီး တိုင်းရင်းသားအသီးသီးက အင်အားတွေပေါင်း ထည့်ဝင်ပြီး ပြည်ထောင်စု တပ်မတော် ဖြစ်ချင်လို့တော့မရပါ။ ဖြစ် ချင်တာကို ဦးစားပေးမလား၊ ဖြစ်သင့် တာကို လက်ခံမလား။ လက်ရှိအစိုးရဟာ အစိုးရပါပဲ။ လက်ရှိအစိုးရကိုကျော်ပြီး အစိုးရလုပ်ချင်၍ မရသလို လက်ရှိတပ်မတော်ကိုကျော်ပြီး တပ်မတော်တည်ဆောက်ချင်၍ မရပါ။
အဲဒီအရာရှိကြီးကပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ မူဝါဒခြောက်ချက်ကို အောက်ပါအတိုင်း ဖော်ပြပါတယ်။

ဒီနေရာမှာ တစ်ဆက်တည်းပြောလိုတာက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မူဝါဒ ခြောက်ရပ်ဖြစ်တဲ့-
(က) ထာဝရငြိမ်းချမ်းရေးရယူရန်အမှန်တကယ် ဆန်္ဒရှိရန်၊
(ခ) သဘောတူစာချုပ်အတိုင်း ကတိတည်ရန်၊
(ဂ) ငြိမ်းချမ်းရေးသဘောတူညီချက် အပေါ် အမြတ်မထုတ်ရန်၊
(ဃ) ဒေသခံပြည်သူများအပေါ် ၀န်ထုတ်ဝန်ပိုး မဖြစ်စေရန်၊
(င) နိုင်ငံတော်မှထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်၊
(စ) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက် လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်။ဒီပြန်ကြားချက်အရ တပ်မတော်က“ပြည်ထောင် စုတပ်မတော် ဖွဲ့စည်းရေး” ဆိုတာကို လုံးဝဆွေးနွေးရန် ဆန်္ဒမရှိကြောင်း ထင်ရှားပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အပ်နှင်းထားတဲ့ အာဏာတွေ ကိုလည်း စွန့်လွှတ်မယ်မထင်ပါ။ လက်ရှိ တပ်မတော်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ ဆိုတာဝေးလို့၊ အရပ်သား အုပ်ချုပ်မှုကို လက်ခံဖို့တောင် ဆန်္ဒမရှိတာ အထင်အရှား ဖြစ်ပါတယ်။ ပိုပြီးဆိုးတာက နိုင်ငံရေးအရ မကျေ နပ်လို့ လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အစိုးရရဲ့ တည် ဆဲဥပဒေများကို လိုက်နာရမယ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ် ကို အမြင့်မားဆုံး အာဏာတွေအပ်နှင်း ထား တဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံ ရမယ်ဆိုပြီး တစ်ဖက်သတ်မူဝါဒချမှတ်ထား တာတွေပါ။ တပ်မတော်ရဲ့ ဒီလိုရပ်တည် မှုတွေကြောင့်ပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်ဖို့ဆိုတာ သံသယဖြစ် စရာ ရှိနေပါတယ်။


သာမန်ပြည်သူ တစ်ယောက်ရဲ့ သဘောထား

တပ်မတော်ရဲ့သဘောထားနဲ့ တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ မတူညီတဲ့ သဘောထားတွေကို အထက်မှာတင်ပြခဲ့ပါ တယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြရာမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသာ ဆွေးနွေးဖြေရှင်းလို့မရပါ။ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအားလုံးကို ကိုယ်စားပြုတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အ စည်းများ၊ ကျောင်းသားသမဂ်္ဂများ၊ စီးပွားရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ တတ်သိ ပညာရှင်များပါ ပါဝင်ဆွေးနွေး ကြရမှာပါ။ နိုင်ငံတော်သစ်ရဲ့ ကံကြမ်္မာကို ဖန်တီးမည့် နိုင်ငံရေးဆွေးနွေးပွဲ တွေမှာလက်နက်ကိုင်အင်အားစုများသာမက လက်နက် ကိုင်ပဋိပက်္ခရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို နှစ်ပေါင်းများစွာ လက်တွေ့ခံစားနေရ တဲ့ သာမန်လက်နက်မဲ့ ပြည်သူများပါ ပါဝင် ဆွေးနွေးခွင့် ရရမှာပါ။

နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှည်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးကို အပြီးတိုင်ရပ်စဲဖို့ဆိုရင် လက်နက်ကိုင် တိုက်ခိုက်မှုများ ရပ်စဲရုံနဲ့ မပြီးဘဲ နိုင်ငံရေးပြသနာများကို ဆွေးနွေး ညှိနှိုင်းအဖြေရှာနိုင်ရပါမယ်။ တိုင်းရင်း သားလူမျိုးစုများ ရသင့်ရထိုက်တဲ့ အခွင့်အ ရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရေးဆွဲပြဋ္ဌာန်းပြီး အာမခံချက် ပေးရပါမယ်။ အဲဒီလို ဆွေးနွေးအဖြေရှာကြတဲ့အခါ တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများက လက်နက်ကိုင် တော်လှန်မှုကိုစွန့်လွှတ်၊ လက်နက်ကိုင် အဖွဲ့အစည်း များကိုဖျက်သိမ်း၊ နိုင်ငံရေး ပါတီများ တည်ထောင်ဖွဲ့စည်းလို့ လက်နက် မကိုင်ဘဲ ရွေးကောက်ပွဲအခြေခံ နိုင်ငံရေး လှုပ်ရှားဖို့ သဘောတူကြမှပဲ ပြည်တွင်းစစ် အမှန်တကယ် ချုပ်ငြိမ်းပါလိမ့်မယ်။အဲဒီလိုနိုင်ငံရေး ဆွေးနွေးကြတဲ့အခါ တိုင်းရင်းသားများရဲ့ အဓိက တောင်းဆိုချက် များဖြစ်ကြတဲ့ (၁) ပြည်ထောင်စု စစ်စစ်ဖွဲ့ စည်းရေးနဲ့ (၂) ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကိစ်္စတွေကို ရှောင်လွှဲလို့ မရနိုင်ပါ။ ဒီအချက်တွေကို “အပစ်အခတ်ရပ်စဲရေး စာချုပ်” မှာ မထည့်သွင်းရင်တောင်မှ “နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ” ချမှတ်ဖို့ ဆွေးနွေးရာမှာ မဖြစ်မနေ ထည့် သွင်းဖို့ သဘောတူသင့်ပါတယ်။ လက်ရှိ တပ်မ တော်ဟာ ပြည်ထောင်စုတပ်မတော် ဖြစ်နေပြီးသားဆိုပြီး အများယုံကြည် လက်ခံ နိုင်ခြင်းမရှိတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်နေဖို့ မသင့်ပါ။


လက်ရှိအခြေအနေမှာ ကျွန်တော်တို့ တိုင်းပြည်ဟာ စစ်ဒဏ်ပိနေတဲ့တိုင်းပြည်ပါ။လက်နက်ကိုင် ပဋိပက္ခ ကြောင့် ပဋိပက္ခ ဖြစ်ပွားရာဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ဖြစ်ပါတယ်။ သဘာဝသယံဇာတ တွေ၊ အရင်းအမြစ်တွေ အများကြီးရှိပေမယ့် ပြည်သူလူထုအတွက် အကျိုးစီးပွားမဖြစ်ဘဲ အိမ်နီးချင်းနိုင်ငံ များသာ အကျိုးဖြစ်ထွန်းနေ ပါတယ်။ တိုင်းပြည်ရဲ့ အစားထိုးလို့မရတဲ့ အဖိုးတန် မြေပေါ်မြေအောက် သယံဇာတ များကို နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ ဆုံးရှုံး နေရပါတယ်။ ပဋိပက်္ခဖြစ်ပွားရာ တိုင်းရင်း သားဒေသတွေက ပြည်သူတွေရဲ့ ရုပ်ပိုင်း ဆိုင်ရာ ဆုံးရှုံးမှုတွေက ကြီးမားလှသလို စိတ် ပိုင်းဆိုင်ရာ ပျက်စီးကြေကွဲရတာတွေက ပို၍တောင် ကြီးမားလှပါတယ်။

တကယ်တော့ တိုင်းရင်းသားပြည်သူ တွေဟာ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်၊ စစ်တပ်နှစ်ဖွဲ့စလုံးရဲ့ဒဏ် ပိနေကြတာပါ။စစ်တပ်နှစ်ဖွဲ့မှာ တစ်ဖွဲ့က သူတို့ရဲ့ပိုင်ဆိုင်မှု တွေကိုလုယူပြီး နောက်တစ်ဖွဲ့က အခွန် ကောက်ပါတယ်။ တောင်းယူပါတယ်။ တောင်း ယူတယ်ဆိုပေမယ့် မပေးဘဲမနေရဲပါ
သူတို့ကိုစစ်တပ်တစ်ဖွဲ့က အဓမ်္မ လုပ်အား ပေးခိုင်းစေပြီး နောက်တစ်ဖွဲ့က တာဝန်အရဆိုပြီး စစ်သား သစ် စုဆောင်းပါတယ်။စစ တပ်တစ်ဖွဲ့က ရန်သူ့ဘက်သားဆိုပြီး ဖမ်းဆီးနှိပ်စက်လို့ နောက်တစ်ဖွဲ့ကျ တော့ ရန် သူကို သတင်းပေးတယ်ဆိုပြီး စွပ်စွဲအပြစ် ပေးပါတယ်။ ဒီလိုနဲ့ လက်နက်ကိုင်တပ်ဖွဲ့ များရဲ့ အနိုင်ကျင့်မှုကို နှစ်ပေါင်းများစွာ ခံစား နေကြရတဲ့ တိုင်းရင်းသားပြည်သူများအဖို့ ပြည်တွင်းစစ်ရပ်စဲတာကို မျှော်လင့်ကြပေမယ့် တစ်ချိန်က ရန်ဘက်ဖြစ်ခဲ့တဲ့ စစ်တပ် နှစ်ဖွဲ့ ပြေလည်ပူးပေါင်းပြီး ပြည်သူလူထုကို နှစ်ဆတိုးနှိပ်စက်မည့် အခြေအနေမျိုးကိုတော့ အလွန်စိုးရိမ်ကြမှာပါ။

ပြည်တွင်းစစ်ကို ရင်ဆိုင်တိုက်ခိုက်နေ ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာ့တပ်မတော်ကို အင်အား အကြီးအကျယ် ချဲ့ထွင်ပြီး ခေတ်မီလေယာဉ်တွေ၊ လက်နက်တွေ တပ်ဆင်နေတာပါ။ စစ်အစိုးရလက်ထက် တည်းကစတင်ခဲ့တဲ့ ခေတ်မီတပ်မတော် တည် ဆောက်ရေးစီမံကိန်းအရ တိုင်းပြည်ဘဏ္ဍာငွေရဲ့ ကြီးမား တဲ့အစိတ်အပိုင်းကို တပ်မတော် အတွက် သုံးစွဲခဲ့၊ သုံးစွဲနေဆဲပါ။ အင်အား လေးသိန်းကျော်ရှိတဲ့ တပ်မ တော်အတွက် န၀တ၊ နအဖ စစ်အစိုးရများ လက်ထက်မှာ တိုင်းပြည်ဘဏ္ဍာရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို စစ်စရိတ်အဖြစ် သုံးစွဲခဲ့တယ်လို့သိရပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအသက်ဝင် လာပြီး နောက်ပိုင်း မှာတောင် ကာကွယ်ရေး အသုံးစရိတ်က ပြည်ထောင်စုအသုံးစရိတ် ရဲ့ ၁၂ ရာခိုင်နှုန်း ကျော်နေပါသေး တယ်။စစ်အသုံးစရိတ် ကြီးမားပြီး ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်များ နည်းပါးနေသ၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ပါ။ ဒါကြောင့်မို့ စစ်အသုံးစရိတ်များကို လျှော့ချနိုင်ဖို့ လက်ရှိတပ်မတော်ရဲ့ အင် အားကို လျှော့ချနိုင်ဖို့ အထူးလိုအပ်လှပါတယ်။

လက်နက်ကိုင်တပ်အင်အားလျှော့ချရေး ဖြစ်နိုင်ပါ့မလား

ပြည်တွင်းငြိမ်းချမ်းရေးရရင် တပ်မတော် ကို အင်အားလျှော့ချနိုင်မှာလား။ အစိုးရနဲ့ တပ်မတော်ရဲ့ လက်ရှိမူဝါဒများနဲ့တော့ မဖြစ်နိုင်ပါ။

န၀တ၊ နအဖစစ်အစိုးရများခေတ်ကနေ ယနေ့အထိ တပ်မတော်ရဲ့ ပြည်တွင်းငြိမ်း ချမ်းရေးရည်မှန်းချက်က တိုင်းရင်းသား လက် နက်ကိုင်များကို လက်အောက်ခံအဖြစ် သိမ်း သွင်းလို့ရရင်သိမ်းသွင်း၊ ဖျက်သိမ်း အောင် ဖိအားပေးလို့ရရင် ဖိအားပေး၊ စီးပွားရေး အခွင့်အလမ်းများနဲ့ ၀ယ်လို့ရရင်ဝယ်ပြီး လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ချင် တာပါ။ ၁၉၈၉ ခုနှစ်ကစလို့ ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း အတော်များများ ဟာ လက်နက်ကိုင်တပ်ဖွဲ့များ ဖျက်သိမ်းခြင်း မရှိဘဲ တပ်မတော်ရဲ့ လက်အောက်ခံအဖြစ် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်ဖွဲ့များ ပုံစံနဲ့ ဆက်လက်ရပ်တည် ခွင့်ရပြီး သက် ဆိုင်ရာနယ်မြေကို စိတ်တိုင်းကျ အုပ်စိုးခွင့် ရနေခဲ့ပါတယ်။ အဲဒီအဖွဲ့များရဲ့ တပ်အင်အားက လေးသောင်းကျော်လောက်ရှိမယ် လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် ရပ်ရွာကာ ကွယ်ရေးနဲ့ တပ်မတော်ကို အထောက်အကူ ပြုရေးအတွက်ဆိုတဲ့ ပြည်သူ့စစ်မဟာဗျူ ဟာနဲ့ဖွဲ့စည်းထားတဲ့ ဌာနေ ပြည်သူ့စစ် တပ်ဖွဲ့ ပေါင်း ၅၀၀၀ ကျော်၊ တပ်အင်အား ငါးသောင်းနီးပါး ရှိပါသေးတယ်။ တစ်ဖက် မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး မရသေးတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ပေါင်းရင် တပ်ဖွဲ့ဝင်အင်အား တစ်သိန်း လောက် ရှိပါတယ်။ ဒါကြောင့် ဒီကနေ့ မြန်မာနိုင်ငံမှာ တပ်မတော်က အင်အား လေးသိန်းလောက်၊ တပ်မတော်လက် အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပြည်သူ့ စစ်များက အင်အားတစ်သိန်းနီးပါး၊ စစ်ပြိုင် နေဆဲ တိုင်းရင်းသားလက်နက်ကိုင်များက အင်အားတစ်သိန်းကျော်၊ စုစုပေါင်း လက်နက်ကိုင်အင်အား ခြောက်သိန်းလောက်က မြန်မာနိုင်ငံရဲ့ ပြည်သူ သန်း ၆၀ လောက် ရဲ့ဘ၀တွေကို စိုးမိုးချယ်လှယ်နေကြ တာပါ။

လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာလည်း တပ်မတော်ရဲ့သဘောထားက စစ်ပြိုင်နေတဲ့ လက် နက်ကိုင်တပ်ဖွဲ့ များရဲ့တချို့တစ်ဝက်ကို တပ်မတော် လက်အောက်သိမ်းသွင်း၊ ကျန်တာတွေကို ဖျက်သိမ်း ပြီး နိုင်ငံရေးပါတီထောင်စေချင်တဲ့ သဘောထားမျိုးပါ။ ဒါကြောင့် တပ်မတော် ရဲ့ သဘောထားအတိုင်း အောင်မြင်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး ရရင်တောင် မှ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့များ သိသိသာသာ လျော့ပါးသွားဖို့မရှိဘဲ တပ် မတော်နဲ့လက်အောက်ခံ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် စုပေါင်းအင်အား ငါးသိန်းကျော်လောက်နဲ့ ပြည်သူတွေကိုဆက်ပြီး စိုးမိုးချယ်လှယ်နေကြဦးမှာပါ။

မြန်မာပြည်သူများရဲ့ အန္တိမရည်မှန်း ချက်က လက်နက်ကိုင်ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေ ထာဝရရပ်စဲ၊ ပြည်သူ့စစ်တပ်ဖွဲ့တွေ အပြီးတိုင်ဖျက်သိမ်း၊ စစ်အသုံး စရိတ်ကို အနည်းဆုံးပမာဏ လျှော့ချနိုင်လောက်တဲ့ အထိ လိုအပ်တဲ့ တပ်ဖွဲ့ဝင် အရေ အတွက်နဲ့ တပ်မတော်ကို တိုင်းရင်းသား တပ်ဖွဲ့များနဲ့ ပူးပေါင်းပြင်ဆင် ဖွဲ့စည်းပြီး အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာ ရပ် တည်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပြည်သူလူထုရဲ့ မျှော်လင့်ချက်နဲ့ တပ်မတော် ရဲ့သဘောထားများဟာ အလွန် ကွဲပြားခြားနားနေပါပြီ။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။