Saturday, July 12, 2014

ကားမိုင်း-တနိုင်းလမ်း ပြေးဆွဲနေသူ ဦးလရော်အား အစိုးရတပ် ဖမ်းဆီး

(ကချင်သတင်းဌာန)

ကားမိုင်း-တနိုင်း လမ်း လိုင်းဆွဲနေသည့် ကားသမား ဦးလရော် (Slg. La Raw) အား ဇူလိုင် လဆန်း (၈) ရက်၊ အင်္ဂါနေ့တွင် ၄င်း၏နေအိမ် တည်ရှိရာ ကားမိုင်းမြို့ နယ်ခွဲ မြစိမ်းရောင် ရပ်ကွက်မှ အစိုးရတပ်များ ဖမ်းဆီး သွားကြောင်း ဒေသခံများမှ သိရသည်။

အသက် ၄၀ ကျော် သား/သမ္မီး (၄) ယောက်၏ဖခင် ဦးလရော်အား ကားမိုင်း အစိုးရစစ်တပ် ဗျူဟာကုန်းမှ တပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။


“သူ့ကို ဘာကိစ္စကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ အတိအကျမသိသေးဘူး။ ဒါပေမယ့် KIA နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးသွားကြတာလို့ ယူဆတယ်” ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ကားမိုင်းမြို့နယ် KIA တာဝန်ရှိသူတဦး က “ဦးလရော်သည် KIA အဖွဲ့ဝင်မဟုတ်ကြောင်း၊ တနိုင်းလမ်း၊ ဖားကန့်လမ်းများတွင်လိုင်းဆွဲစားနေသော ကားသမားသက်သက်သာ ဖြစ်ကြောင်း” KNG ကချင်သတင်းဌာနသို့ ပြောဆိုခဲ့သည်။

ဦးလရော် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ဒေသခံများကလည်း ၄င်းသည် ကားမိုင်း-တနိုင်း လမ်း ကြော၌ နှစ်ပေါင်းများစွာ လိုင်းဆွဲစားသူတဦးသာလျင်ဖြစ်ကြောင်း ကားမိုင်းဒေသခံများပြောသည်။

ဇွန်လ နောက်ဆုံးအပတ်မှစ၍ မြစ်ကြီးနား -ဖားကန့် လမ်း တလျှောက်လုံခြုံရေးယူလျှက်ရှိသော အစိုးရတပ် တပ်မ (၆၆) တပ်ဖွဲ့များက KIA အဖွဲ့ဝင်များကို အထူးတဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရပါသည်။

အစိုးရတပ်များသည် ဇွန်လအတွင်း ဖားကန့်ကျောက်စိမ်းမှော်ဒေသသို့ တပ်အင်အား၊ လက်နက်နှင့် ရိက္ခာများ တိုးချဲ့ဖြည့်တင်းထားပြီဖြစ်ကြောင်း မျက်မြင်သက်သေများမှ သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။