Tuesday, July 22, 2014

ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး (နိဂုံးပိုင်း)

(Mizzima)
Written by  အောင်ဒင် 

တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှမှုနဲ့ ဖွဲ့စည်းတည်ထောင်မည့် ပြည်ထောင်စုနိုင်ငံသစ်မှာ ပြည်ထောင်စုအစိုးရက ပြည်နယ်အားလုံးကို အတိုင်းအတာတစ်ခုအထိ အာဏာတွေ ခွဲဝေအပ်နှင်းသင့်ပါတယ်။ ပြည်နယ်လွှတ်တော်များကို ပြည်နယ်တွင်း လွတ်လပ်သန့်ရှင်းစွာကျင်းပတဲ့ ရွေးကောက်ပွဲများက ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းပြီး ပြည်နယ်ဆိုင်ရာ ဥပဒေပြု အာဏာတွေ၊ အခွန်အကောက် ကောက်ခံခွင့်အာဏာတွေ အပြည့်အ၀ရှိသင့်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက ရွေးချယ်တင်မြှောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အစိုးရအဖွဲ့ကို ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီမှုနဲ့ ဖွဲ့စည်းအုပ်ချုပ်သင့်ပါတယ်။ ပြည်နယ်အစိုးရများ မှာ ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာတွေ အပြည့်အ၀ရှိသင့်ပြီး အဲဒီအာဏာတွေထဲမှာ ပြည်နယ်လုံခြုံ ရေးအတွက် ပြည်နယ်အဆင့် ရဲတပ်ဖွဲ့နဲ့ ပြည်နယ်စောင့်တပ်ဖွဲ့များ၊ ပြည်နယ်တရားစီရင်ရေးစနစ်အတွက် ပြည်နယ် အဆင့်တရားရုံးများ၊ ပြည်နယ်အဆင့် အကျဉ်းထောင်များ တည်ထောင်အုပ်ချုပ်ခွင့် အာဏာများ ပါဝင်သင့်ပါတယ်။ ပြည်နယ်တရားသူကြီးချုပ်နဲ့ ပြည်နယ်တရားသူကြီးများကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီမှုနဲ့ ခန့်အပ်တာဝန်ပေးပြီး ပြည်နယ်တရားစီရင်ရေး စီမံခန့်ခွဲသင့်ပါ တယ်။

 
တိုင်းရင်းသားလူမျိုးစုများရဲ့ ပြည်နယ်များမှာ အထက်ကဖော်ပြခဲ့သလို ကိုယ်ပိုင် အုပ်ချုပ်ခွင့်အာဏာတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရေးဆွဲပြီး အာမခံပေးမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများရော၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသားအင်အားစုများရော ကျေနပ်လက်ခံနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလို အခွင့်အရေးတွေ ရမယ်ဆိုရင်တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့ ၎င်းင်းတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့များ ကို ပြည်နယ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့၊ ပြည်နယ် စောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းလဲဖို့ သဘောတူနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီနေရာမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များက ရိုးသားရဲရင့်ဖို့ အထူးလိုအပ်ပါတယ်။ အစပိုင်း လက်နက်ကိုင်တော်လှန်ရေး လုပ်စဉ်က ဗမာလူမျိုးကြီးဝါဒကို ဆန့်ကျင်ဖို့၊ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုကို ဆန့်ကျင်ဖို့၊တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အခွင့်အရေးများရဖို့ဆိုတဲ့ မှန်ကန်ရှင်း လင်းပြတ်သားတဲ့ ရည်ရွယ်ချက်တွေရှိခဲ့ပေမယ့် နှစ် (၆၀) ကျော် ပြည်တွင်းစစ်ကာလအတွင်း မူလရည် မှန်းချက်များကို မေ့ပျောက်ပြီး ကိုယ်ပိုင် အကျိုးစီးပွားကိုဦးစားပေး၊ ပုဂ္ဂလိက အာဏာနဲ့ ခေါင်းဆောင်ဖြစ် ရတဲ့ အခွင့်အရေးတွေအပေါ်မှာ ယစ်မူးသာယာပြီး စစ်ဘုရင် ဖြစ်သွားတဲ့ တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်တွေ အများကြီးပါ။ အဲဒီလို တိုင်းရင်းသားစစ်ဘုရင်တွေဟာလည်း မြန်မာစစ်ခေါင်းဆောင် တွေလိုပါပဲ။ သူတို့အတွက် အာဏာဟာ သေနတ်ပြောင်းဝမှာ တည်ပါတယ်။ သူတို့အုပ်ချုပ်မှုအောက်က လက် နက်ကိုင်တပ်ဖွဲ့များဟာ သူတို့မှာရှိနေတဲ့ အာဏာရဲ့ အခြေခံအရင်းအမြစ်ပါ။ လက်နက်ကိုင်တပ် တွေမရှိဘဲ နိုင်ငံရေးအာဏာ ကို ရွေးကောက်ပွဲတွေကတစ်ဆင့် ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်ပြိုင်ရယူဖို့ ကြောက် ရွံ့တတ်ကြသူတွေပါ။ 
ဒါကြောင့်မို့ အထက်က ဖော်ပြသလို ပြည်နယ်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပိုမိုရရှိရင်တောင်မှ လက်နက်ကိုင် တပ်ဖွဲ့တွေကို ပြည်နယ်အစိုးရထံ မလွှဲအပ် ဘဲ၊ ဒါမှမဟုတ် မဖျက်သိမ်း ဘဲ ကိုယ်ပိုင် တပ်ဖွဲ့အဖြစ် ဆက်လက်ချုပ်ကိုင်ထားချင် တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိနေရင်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ပါ။လက်ရှိအခြေအနေကိုကြည့်ပြီး ပြောရရင် ရှမ်းပြည်နယ် အရှေ့ပိုင်းအထူး ဒေသ(၄) က ဦးစိုင်းလင်းဦးဆောင်တဲ့ မိုင်းလားအုပ်စု (အခါ)၊ အထူးဒေသ (၂) ကပေါက်ယူချမ်း ခေါင်း ဆောင်တဲ့ “၀” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ (၀သပ)စတဲ့ အဖွဲ့များဟာ တိုင်းရင်းသားအခွင့်အရေးများ ရရှိရင်တောင် မှ လက်ရှိလက်နက်ကိုင်တပ်များကို လုံးဝ မစွန့်လွှတ်၊ မဖျက်သိမ်းဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဆန့်ကျင်ပြီး လက်ရှိအတိုင်းသက် ဆိုင်ရာဒေသမှာ ကိုယ်ပိုင်တပ်ဖွဲ့တွေနဲ့ ဆက်လက် မင်းမူနေ ချင်တဲ့ပုံ ရှိပါတယ်။

အရေးအကြီးဆုံးက တပ်မတော်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သူတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ များကိုစွန့်လွှတ်ပြီး ရွေး ကောက်ပွဲအခြေခံ တဲ့ နိုင်ငံရေး ပြောင်းလဲလုပ်ဆောင်ဖို့မှာ အဓိအရေးကြီးဆုံး လိုအပ်ချက်နှစ်ချက်က (၁)ပြည်နယ်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် များရှိတဲ့ ပြည်ထောင်စုနိုင်ငံတော်နဲ့ (၂) အ ရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုတပ်မတော်ပဲ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် အရေးအကြီးဆုံးက တပ်မတော်ရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ တပ်မတော်က နိုင်ငံရေး ဆွေးနွေးပွဲတွေကနေတိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်ပိုင် အုပ်ချုပ်ရေးပေးရေးကို သဘောတူနိုင်ပါ့ မလား။ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရေး ကို သဘောတူပါ့မလား။ တပ်မတော်ကသဘောမတူရင်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မအောင်မြင်နိုင်ပါ။ ဒါဆို ပြည်တွင်းစစ် မရပ်စဲနိုင်ပါ။ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ပါ။

ပြည်ထောင်စုတပ်မတော်ဆိုရာမှာ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့များက အဆိုပြုတဲ့ “တိုင်းရင်းသား လူမျိုး အသီးသီးတို့ ကြိုတင်ညှိနှိုင်းသဘောတူ သတ်မှတ်ထားတဲ့ အချိုးကျစနစ်နဲ့ဖွဲ့စည်းဖို့၊ မည်သည့်တိုင်း ရင်းသားလူမျိုးကမှ တပ်ဖွဲ့ဝင်ဦးရေ ထက် ၀က်ကျော်မရှိစေရ၊ စစ်ဦးစီးများအဖွဲ့တွင် တိုင်းရင်းသားလူမျိုး အသီးသီး၏ စစ်ဦးစီးချုပ် များ အချိုးကျပါဝင်စေပြီး ၎င်းင်းတို့အထဲမှ ကာကွယ်ရေးဦးစီးချုပ်တစ်ဦးကို တစ်နှစ် သက်တမ်းအတွက် အလှည့်ကျ ရွေးချယ်ခန့်အပ်ရမည်” စတဲ့ အချက်တွေကို သဘောမတူ၊ လက်မခံနိုင်ရင် တောင်မှ အရပ်သား အစိုးရအုပ်ချုပ်မှုအောက်မှာ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို လိုက်နာစောင့်သိ တဲ့၊ နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်ခြင်း မရှိဘဲ နိုင်ငံတော်ကို ပြည်ပရန်က ကာကွယ်ဖို့ စွမ်းရည်ပြည့်ဝတဲ့၊ တိုင်းပြည်ဘဏ္ဍာကို အလွန်အကျွံ မဖြုန်းတီးတဲ့ ပြည်ထောင်စု တပ်မတော်မျိုးကို ကျွန်တော်တို့ မြန်မာနိုင်ငံ သားအားလုံး မျှော်လင့်ကြပါတယ်။

ဒီမိုကရေစီတူဒေးသတင်းစာ အယ်ဒီ တာချုပ်ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)ထံကာကွယ်ရေးဝန်ကြီး ဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက အကြောင်းပြန်တဲ့စာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်း ချမ်းရေးနဲ့ ပတ်သက်တဲ့မူဝါဒခြောက်ချက် ကိုဖော်ပြပြီး “အဲဒီအချက် ခြောက်ချက်ဟာ မူကြမ်းရေးဆွဲရာမှာ ပါဖို့၊ မပါဖို့ထက် လိုက်နာဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ထာဝရငြိမ်းချမ်းရေးရမှာ ဖြစ်ပါ တယ်။ အထက်ပါအချက်တွေကို လိုက်နာတဲ့ အဖွဲ့ တွေအနေနဲ့ ၎င်းင်းတို့အကျိုးစီးပွားဆုတ်ယုတ် မသွား သလို လက်မခံနိုင်စရာမရှိတဲ့ အချက် တွေ ဖြစ်ပါတယ်။ ဒီအချက်တွေကလည်း သူတို့ကို အကျပ်ကိုင်တာ မဟုတ်သလို တပ်မ တော်က လက်တွေ့ကိုယ်တိုင် လိုက်နာ ဆောင်ရွက်နေတဲ့အချက်တွေ ဖြစ်ပါတယ်။စိတ်သဘောထားမှန်ကန်ပြီး တည်ကြည် ဖြောင့်မတ်တဲ့ ကေအန်ယူလို အဖွဲ့မျိုးဆို ရင်တော့ အားလုံးလက် ခံဆောင်ရွက်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စောဒကတက် စရာမရှိတဲ့အချက်တွေ ဖြစ်ပါတယ်” လို့ ထပ်ဆင့်ရှင်းပြထားပါတယ်။

အထက်ပါအရာရှိကြီးရဲ့ ရှင်းပြချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မူဝါဒခြောက်ချက် ကို တပ်မတော်ကိုယ်တိုင်က အပြည့်အ၀ လိုက်နာပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း လိုက်နာသင့်တယ်လို့ ဆိုပါတယ်။ အဲဒီ ရှင်းပြချက်အတိုင်း တပ်မတော်က ဒီမူခြောက်ချက် ကို အပြည့်အ၀ လိုက် နာမယ်ဆိုရင်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်မှု ရနိုင်ပါလိမ့်မယ်။ မူဝါဒ (က) အတိုင်း တပ်မတော်က “ထာဝရငြိမ်းချမ်း ရေးရယူရန် အမှန်တကယ်ဆန်္ဒရှိတယ်”ဆိုရင် တိုင်းရင်းသား လူမျိုးစုများ လိုလားတောင့်တတဲ့၊ တိုင်းရင်းသားလူမျိုးစုများလက်နက်ကိုင်တော်လှန်ရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ အခွင့်အရေးများကို တပ်မတော်က လိုက်လျောသင့်ပါ တယ်။ မူဝါဒ (စ) အတိုင်း တပ်မတော်ကလည်း “တို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရများ ကို လက်ခံတယ်” ဆိုရင် ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ ရွေးကောက်ခံအရပ်သား ပြည်သူ့ကိုယ်စား လှယ်များရဲ့ အုပ်ချုပ်ရေး စနစ်ကို လက်ခံရမှာဖြစ်သလို တပ်မတော် ကို အရပ်သားအစိုးရလက်အောက်က နိုင်ငံ့ ၀န်ထမ်းအဖွဲ့အစည်းတစ်ခုအဖြစ် အသွင် ကူးပြောင်းရေး သဘောတူရမှာဖြစ်ပါတယ်။

စိတ်ကူးထဲကဘ၀နဲ့လက်တွေ့ဘ၀၊မျှော်လင့်ချက်နှင့် အရှိတရားစိတ်ကူးထဲကဘ၀နဲ့ လက်တွေ့ဘ၀ အင် မတန် ကွာခြားတတ်ပါတယ်။ မျှော်လင့်ချက်နဲ့ အရှိတရားတွေကလည်း ဝေးကွာ တတ်ပါတယ်။ လက်ရှိ ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်မှုမှာလည်း အစိုးရနဲ့ တပ်မ တော်ရဲ့ သဘောထားနဲ့ လက်တွေ့လုပ် ဆောင်ချက်တွေက ကွာခြားလှပါတယ်။ထာဝရ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ပါတယ် ဆိုပေမယ့် တိုင်းရင်းသားလူ မျိုးစုများတောင်းဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်တွေပေးဖို့ အစိုးရမှာ အဆင်သင့်ရှိပုံ မရပါ။ အရပ်သားအုပ်ချုပ်ရေးစနစ်အောက်မှာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တဲ့ စွမ်းရည်ပြည့် တပ်မ တော်အဖြစ်အသွင်ပြောင်းလဲခြင်းကို လက်ခံဖို့ တပ်မတော်မှာ ဆန္ဒရှိပုံမရပါ။ အစိုးရနဲ့ တပ်မတော်ရဲ့ ရည် ရွယ်ချက်က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိုင်းရင်းသားတွေကို အခွင့်အရေး နည်းနည်းပို ပေးပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို တပ်မတော် လက်အောက်ခံအဖြစ် အသွင်ပြောင်းပြီး ပြည် တွင်းစစ်ကိုရပ် တန့်ဖို့သာ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်က လက်တွေ့မှာ မအောင်မြင်နိုင်ပါ။ တိုင်းရင်းသား တွေအဖို့ သူတို့ လိုလားတဲ့ နိုင်ငံရေးအာမခံချက်တွေ မရဘဲနဲ့ သူတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်း စဉ်ကို စွန့်လွှတ်မယ်မထင်ပါ။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက် မှာလည်း ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်ပါတယ် ဆိုပေမယ့် လက်နက်ကိုင် တပ်တွေကို မဖျက်သိမ်းဘဲ ကိုယ့်ဒေသမှာ ကိုယ်ပိုင်တပ်ဖွဲ့နဲ့ စစ်ဘုရင်များအဖြစ် ဆက်လက်မင်းမူချင်သူတွေ များလှပါ တယ်။ နိုင်ငံရေးဆွေးနွေးပွဲအတွက် ရှိရမည့် အပေးအယူမျှတမှု၊ ရင့်ကျက်မှု၊ ခိုင်မာမှု၊ ပျော့ပျောင်းညင်သာမှု၊ စိတ်ရှည်ကြံ့ခိုင်မှု တွေမရှိဘဲ အပစ်အခတ်ရပ်စဲရေးနဲ့ ဆွေး နွေးပွဲတွေကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုး စီးပွားချဲ့ထွင်ချင်တဲ့၊ စစ်ရေးအာဏာ ပိုမို ထူထောင်ချင်တဲ့ တိုင်းရင်းသားခေါင်းဆောင် တွေလည်းရှိပါတယ်။ အစိုးရနဲ့ တပ်မတော်ရဲ့ အထူးအခွင့်အရေးပေးမှုတွေ ကြောင့် စိတ်သဘောထားတွေ အထူးပျော့ပျောင်း ပြီး ရနိုင်သလောက်ကို လက်ခံလို့ အလွန်အကျွံ ပြေ လည်ချင်တဲ့ ခေါင်းဆောင်တွေလည်း အများကြီးပါ။ မြို့ကြီးတွေကို လေယာဉ်ပျံနဲ့သွား၊ ဟိုတယ်ကြီးတွေ မှာတည်းခို၊ ခန်းမကြီး တွေမှာ အစည်းအဝေးတွေ အကြိမ်ကြိမ် ကျင်းပ၊ ရန်ကုန်နဲ့ နေပြည်တော်ကို ခေါက် တုံ့ခေါက်ပြန်သွားပြီး အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များနဲ့ ထပ်ခါထပ်ခါတွေ့ နေကြသလောက် မိမိတို့ရဲ့ သက်ဆိုင်ရာ တပ်ဖွဲ့များက တပ်စခန်းများ၊ တပ်ဖွဲ့ဝင်များဆီ မရောက်နိုင်တော့ဘဲ ကိုယ့်တပ်နဲ့ ကိုယ် အဆက်အသွယ်ပြတ်နေပြီး အောက်ခြေ တပ်ဖွဲ့ဝင်များက မယုံကြည်တော့တဲ့ တိုင်းရင်းသားခေါင်း ဆောင်တွေလည်း ရှိကြပါ တယ်။ အစိုးရနဲ့ ဆွေးနွေးဖို့ဆိုပြီး နယ်စပ် ဒေသကနေ မြန်မာနိုင်ငံတွင်းကို တရားဝင် ၀င်ရောက်၊ ဆွေးနွေးပွဲက တစ်ရက်၊ နှစ်ရက်ပဲ ကြာပြီး နောက်ထပ် ရက်ပေါင်းများစွာ၊ အပတ် ပေါင်းများစွာ နိုင်ငံအ၀န်း အပျော်ခရီး ထွက်နေကြတဲ့ ခေါင်းဆောင်တွေလည်း ရှိပြန်ပါတယ်။ အဲဒီခရီးတွေ အတွက် အသုံး စရိတ်ရဖို့ အစိုးရကကားပါမစ်တွေ ချပေး တော့လည်း ၀မ်းသာအားရ လက်ခံကြပါ သေး တယ်။ ငြိမ်းချမ်းရေးဖော်ဆောင်တာနဲ့ ငြိမ်းချမ်းရေးလုပ်စားတာအကြား ခြားထားတဲ့စည်းက ပါးလှပါတယ်။

ပြည်သူအများ ပါဝင်လှုပ်ရှားကြရမည့် အချိန်

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းသုံးနှစ်ခွဲကျော်ရှိခဲ့ပြီး အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင် မှု သက်တမ်းလည်း သုံးနှစ်ကျော်ခဲ့ပါပြီ။ ဒီကနေ့အထိ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါ။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒုက္ခသည် ထောင်ပေါင်းများစွာလည်း အိမ်မပြန်နိုင်ကြသေးပါ။ မြေမြှုပ်မိုင်းတွေကိုလည်း မရှင်းနိုင်သေးတဲ့အပြင် နှစ်ဖက်တပ်ဖွဲ့များ က တိုး၍တိုး၍ မြှုပ်နှံနေကြပါတယ်။ ပြည်တွင်းအလှူရှင်များရဲ့ ကချင်ပြည်နယ်ကစစ်ဘေးဒုက်္ခသည်များထံ ထောက်ပံ့လှူဒါန်း မှုဟာလည်း သိသိသာသာ လျော့နည်းသွား ပါပြီ။ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးဗဟို ဋ္ဌာနနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဟိုတယ်ကြီး တွေမှာပြုလုပ်ခဲ့၊ ပြုလုပ်နေဆဲဖြစ်တဲ့ အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရဲ့ ဆွေးနွေးပွဲတွေအပေါ်မှာလည်း ပြည်သူ အများ စုက ယုံကြည်မှု၊ မျှော်လင့်မှု တစ်နေ့တခြား နည်းပါးလာပါပြီ။ လက်ရှိအစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များရဲ့ သဘောထားနဲ့ ရပ်တည်ချက်တွေ၊ ဆောင်ရွက်ချက်တွေက လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ရင်တောင်မှ လက်နက်ကိုင် ပဋိပက်္ခ တွေ အမှန်တကယ် အပြီးအပိုင် ချုပ်ငြိမ်းနိုင် မှာမဟုတ်ကြောင်း တဖြည်းဖြည်း ထင်ရှားလာပါပြီ။

ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ လက်နက်မဲ့ပြည်သူများက လက်နက်ကိုင်များကို နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်ရေး ဖိအားပေးကြဖို့ လိုအပ်ပါပြီ။ ကျွန်တော် တို့တိုင်းပြည်ရဲ့ကံကြမ္မာကို လက်နက်ကိုင် တပ်ဖွဲ့များရဲ့လက်ထဲမှာ အပ်နှံမထားနိုင်ပါ။ လက်နက်မကိုင်တဲ့ တိုင်းရင်းသားအဖွဲ့အ စည်းများ၊အာဏာမရှိတဲ့ အရပ်ဘက် လူ့အ ဖွဲ့အစည်းများ၊ အမျိုးသားနိုင်ငံရေး အင်အားစုများ၊ စစ်ဘေးစစ် ဒဏ်ကို အဆိုးရွားဆုံး ခံစားနေကြရတဲ့ အမျိုးသမီး အဖွဲ့အစည်းများအားလုံး စုပေါင်းလို့ ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်မှုမှာ လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တန်းတူဆွေးနွေးဖက်အဖြစ် ပါဝင်ဆွေးနွေးခွင့် တောင်းဆိုသင့်ပါပြီ။ ငြိမ်းချမ်းရေး အမှန်တကယ်မရနိုင်တဲ့ လက် နက်ကိုင်တွေရဲ့ သဘောထားတွေကို ပြောင်းလဲဖို့ လက်နက်မဲ့ပြည်သူတွေက လက်နက်ကိုင်အင်အားစုတွေကို တခဲနက် တောင်းဆိုသင့်ပါပြီ။ ပြည်တွင်းစစ်ရပ်စဲရေး၊ ထာဝရ ငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်အဆုံးသတ်ရေးဟာ ကျွန်တော်တို့ အားလုံးရဲ့အရေး ဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။