Sunday, June 8, 2014

ကွတ်ခိုင်တွင် စစ်တပ်က ဗိုလ်မှူးသေဆုံးခြင်းသည် နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးဖြင့် ပစ်လိုက်ခြင်းကြောင့်ဟု TNLA ထုတ်ပြန်

(Mizzima)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ အခြေစိုက် တပ်ရင်း ၂၄၁ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ကျော်ထင်အောင် ကျဆုံးမှုသည် နှစ်ဖက် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲကြောင့် ဖြစ်သည်ဟု ပလောင်(တအာန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA )က ရှင်းလင်းချက် ထုတ်ပြန်လိုက်သည်။

“သတင်းတွေက အမျိုးမျိုးထွက်နေတယ်။ တချို့က ကေအိုင်အေက စနိုက်ဘာနဲ့ ချောင်းပစ်တယ်။ တချို့က တပ်ရင်းမှူးရဲ့ မိသားစု သုံးဦးအပါအဝင် ကျဆုံးသွားတယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်။ အဲဒီမှာကျွန်တော်တို့ ချောင်းပစ်တာ မဟုတ်ဘူး။ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ သေဆုံးတဲ့ထဲမှာ မိသားစု မပါဘူးဆိုပြီး ရှင်းအောင် ထုတ်ပြန်ရတာပါ”ဟု TNLA ၏ ပြန်ကြားရေးဌာန၏ တာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။


မြန်မာအစိုးရ စစ်ဖက်အရာရှိများက မီဒီယာတွင် ရှင်းလင်းထားသကဲ့သို့ တပ်ရင်းမှူး ဗိုလ်မှူးကျော်ထင်အောင်၏ မိသားစုနှင့် ကလေးများ မပါရှိကြောင်း၊ ထိုဒေသသည် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသဖြင့် မည်သည့် စစ်ခေါင်း ဆောင်မှ မိသားစုအား ခေါ်လာမည် မဟုတ်သလို၊ သူ၏ မိသားစုမှာ ကွတ်ခိုင်မြို့ အခြေစိုက် ၂၄၁ တပ်ရင်း စခန်းတွင်ပင် ရှိနေပါသည်ဟု TNLAက
ဇွန်လ ၇ ရက်က ရှင်းလင်းချက်တွင် ဖော်ပြထားသည်။


ပုံမှန်အားဖြင့် ကွတ်ခိုင်မြို့နယ် အရှေ့ဘက်ခြမ်း KIA တပ်မဟာ ၄ နယ်မြေတွင် KIA၊ TNLAနှင့် MNDAA ပူးပေါင်း စစ်ကြောင်း သွားလာလေ့ရှိသော်လည်း ဗိုလ်မှူး ကျော်ထင်အောင် ကျဆုံးခဲ့သော တိုက်ပွဲတွင် KIA တပ်ဖွဲ့များ ပါဝင်ခြင်း မရှိဘဲ TNLA နှင့် MNDAA တပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်သည်ဟု မိုင်းအိုက်ကျော်က ပြောသည်။

“ကျွန်တော်တို့ ၃၃၅ နဲ့ ကိုးကန့်တပ်ပေါင်းစု နှစ်ဖွဲ့လုံးပါတယ်။ ထိပ်တိုက်တွေ့တာက ကျနော်တို့ တပ်ခွဲသုံးပေါ့။ ဒါက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရထားတာ မရှိဘူးဆိုတော့ ရန်သူ တွေ့ရင်တော့ ဦးအောင် အရင်ပစ်ရမှာ”ဟု သူက ပြောသည်။

ဇွန်လ ၄ ရက်က ကွတ်ခိုင်မြို့နယ်နှင့် တာမိုးညဲအကြား လှုပ်ရှားနေသည့် TNLA ၏ ဗျူဟာ အမှတ် ၅ မှ တပ်ခွဲ ၃ နှင့် ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်များကို အစိုးရ၏ စစ်ကြောင်းသုံးကြောင်းဖြင့် ပိတ်ဆို့ချေမှုန်းရန် မြန်မာ အစိုးရတပ်ဖက်က ပြင်ဆင်ခဲ့သည်ဟု ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

ထိုစစ်ကြောင်းတွင် အစိုးရ၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ) ၁၆ လက်အောက်ခံတပ်ရင်း ၂၄၁၊ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများ အပါအဝင် စစ်ကြောင်း သုံးကြောင်းကို ယာယီ နယ်မြေခံ ၂၄၁ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ထင်အောင် ဦးဆောင်သည်ဟု သိရသည်။

အဆိုပါ စစ်ကြောင်းများ နေရာယူထားသော တိုက်ကွင်းခွင် မရောက်မှီ ကွတ်ခိုင်-တာမိုးညဲကားလမ်းကို TNLAနှင့် MNDAA တပ်ဖွဲ့စစ်ကြောင်း၏ ဦးဆောင် ပွိုင့်တပ်ခွဲ ကျော်ဖြတ်စဉ် ၎င်းမြန်မာစစ်ကြောင်းများကို ကြီးကြပ်ရန် ဆင်းလာသည့် ဖိုးဝီးကား သုံးစီးနှင့် မြန်မာတပ်ဖွဲ့တို့ တွေ့ရှိပြီး ဦးစွာစတင်ပစ်ခတ်ခဲ့ကြောင်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်ရင်း TNLA ၊ MNDAA ဖက်မှ ဖိုးဝီးကား သုံးစီးကို RPG ပုခုံးထမ်းလောင်ချာဖြင့် ၂ လုံးပစ်ခဲ့ပါသည်ဟု ပါရှိသည်။

RPG ကျည်တစ်လုံးမှာ ဒုတိယကားခေါင်းခန်းတည့်တည့် ကျရောက်ပေါက်ကွဲပြီး နောက်တစ်လုံးမှာ ရှေ့ကားတစ်စီး၏ ဘေးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ 
ကျည်ထိမှန်သည့် ဒုတိယကားမှာ ခေါင်းပိုင်းကြေမွပျက်စီးကာ ကားခေါင်းခန်းပါ အရာရှိများ ထိမှန်သေဆုံးနိုင်ကြောင်း အစောပိုင်းက TNLA က အစီရင်ခံခဲ့ပါကြောင်း ဆိုထားသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဇွန်လ ၅၊ ၆ နှင့် ယနေ့ ဇွန်လ ၇ ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း အစိုးရ စစ်တပ်၏ လှုပ်ရှားမှုမှာ ပုံမှန်ရှိနေသည်ဟု မိုင်းအိုက်ကျော်က ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။