Friday, June 27, 2014

မြစ်ဆုံစီမံကိန်း ထာဝရရပ်ဆိုင်းရေးအဓိက လှုပ်ရှားသူ အောင်မြင်သာဒေသခံနှစ်ဦးအား CPI မှ ဆန်ထောက်ပံ့ခြင်းရပ်ဆိုင်း

(Kachin Waves)

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသည့် အောင်မြင်သာစံပြကျေးရွာသစ်ရှိ ဒေသခံများ အား ဇွန် ၂၅ တွင် CPI ကုပ္မဏီမှ ဆန်အိတ်များပေးအပ်ထောက်ပံ့သော်လည်း မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေးအတွက် အဓိကပါဝင်လှုပ်ရှားသူ နှစ်ဦးဖြစ်သော ဒေါ်ဂျာခေါင် နှင့် ဒေါ်လုရာ တို့အား CPIမှ ဆန်အိတ်ထောက်ပံ့ခြင်းမှ ချန်လှပ်ထားခြင်းခံရကြောင်းသတင်းရရှိသည်။

“ သူတို့အမြင် ဒီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့ဆန့်ကျင်တဲ့နေရာမှာ ကျွန်မတို့နှစ်ယောက်က စည်းရုံးရေးခေါင်း ဆောင်လိုဖြစ်နေပြီ။ ဒါကြောင့်နေမှာပေါ့။” ဟုဒေါ်ဂျာခေါင်ကပြောသည်။


မြစ်ဆုံရေကာတာစီမံကိန်း အပြီးသတ်ရပ်စဲရေးအား ပြီးခဲ့သည့် မေလတွင် လမ်းလျှောက်ဆန္ဒပြခဲ့သည့်အချိန် တွင် ဒေါ်လုရာ နှင့် ဒေါ်ဂျာခေါင်တို့ လည်းပါဝင်ခဲ့သည်။

CPI ကုပ္မဏီမှ တစ်နှစ် ၄ကြိမ် အောင်မြင်သာစံပြကျေးရွာတွင် ဆန်ထောက်ပံ့လျက်ရှိသည်။ရွာရှိ ဘုရားကျောင်း ဘုန်းကြီးကျောင်း နှင့် ဆေးရုံတွင်လည်း ထောက်ပံ့ကြောင်းလည်းသိရသည်။

“ CPI ကိုပြောချင်တာက ငါတို့နှစ်ယောက်ကို ဖြတ်ပါစေ။ ဒါပေမယ့် ဒီဒုက္ခရောက်နေတဲ့ ရွာသားတွေကို ဆန်သာမကဘူး၊ အခြားဝေရာဝစ္စ အကုန်လုံးဖြည့်ဆည်းပေရမယ်။ သူတို့ဆန်မပေးလည်း ကျွန်မတို့ကမြေကြီးတော့မစားပါဘူး။ ” ဟုဒေါ် လုရာကပြောသည်။

အောင်မြင်သာစံပြကျေးရွာသစ်တွင် အိမ်သာမလုံလောက်ခြင်း နှင့်နေအိမ်အမိုးမလုံခြင်း မီးမရရှိခြင်း ပြသာနာ များကြုံတွေ့နေကြောင်း ၄င်းတို့မှ ထပ်လောင်းပြောသည်။ အောင်မြင်သာကျေးရွာတွင် အိမ်ထောင်စု (၃၂၀) ကျော်ရှိပြီး ဒုက္ခသည် တစ်ထောင်ကျော်နေထိုင်လျက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။