Sunday, June 8, 2014

၂၄၁ တပ်ရင်းမှူး(ယာယီ) တိုက်ပွဲတွင်ကျဆုံးခြင်းနှင့်ပတ်သက်သည့် ရှင်းလင်းချက်...

(Lachid Kachin)

၎ ရက် ဇွန်လ ၂၀၁၄ ခုနှစ် ကွတ်ခိုင်မြို့နယ်. ကွတ်ခိုင်နှင့် တာမိုးညဲ အကြား ဖြတ်သန်းသွား လာလှုပ်ရှားနေသည့် TNLA တအာင်းတပ်မတော် ဗျူဟာ အမှတ်(၅) နှင့် MNDAA ကိုးကန့်တပ်မတော် တပ်ဖွဲ့ဝင်များကို စစ်ကြောင်း သုံးကြောင်းဖြင့် ပိတ်ဆို့ချေမှုန်း ရန် မြန်မာအစိုးရ တပ်ဖက်က ပြင်ဆင်ခဲ့ပါသည်။

ထိုမြန်မာစစ်ကြောင်းများတွင် တပ်မ ၈၈ လက်အောက်ခံတပ်ရင်းနှင့် စကခ ၁၆ လက်အောက်ခံတပ်ရင်းများ(၂၄၁)အပါအ၀င် စစ်ကြောင်းသုံးကြောင်းကို အဓိကဦးဆောင်သည့် စစ်ကြောင်းမှူးမှာ နယ်မြေခံ ၂၄၁ တပ်ရင်းမှူး ဗိုလ်မှူးကျော်ထင်အောင် ဖြစ်သည်။


မြန်မာစစ်ဖက်အရာရှိများ မီဒီယာတွင် ရှင်းလင်းထားသကဲ့သို့ တပ်ရင်းမှူး၏ မိသားစုနှင့်ကလေးများမပါရှိပါ။ ထိုဒေသသည် တိုက်ပွဲမကြာခဏဖြစ်သည့်ဒေသဖြစ်သဖြင့် မည်သည့်စစ်ခေါင်းဆောင်မှ မိသားစုခေါ်လာမည်မဟုတ်ပါ။ ၂၄၁ တပ်ရင်းမှူး၏ မိသားစုမှာ ကွတ်ခိုင်အခြေစိုက် ၂၄၁ တပ်ရင်း စခန်းတွင်ပင်ရှိနေပါသည်။

ပုံမှန်အားဖြင့် ကွတ်ခိုင်အရှေ့ဖက်ခြမ်း ကေအိုင်အေ တပ်မဟာ(၄) နယ်မြေတွင် သွားလာလှုပ်ရှားပါက KIA၊ TNLA၊ MNDAA ပူးပေါင်းစစ်ကြောင်းအနေဖြင့်သွားလာလေ့ရှိသော်လည်း ထိုနေ့တွင် အခြားအရေးကြီးသည့်ကိစ္စကြောင့် နယ်မြေခံ ကေအိုင်အေ တပ်ဖွဲ့ဝင်များ လိုက်ပါခြင်းမရှိပါ။

မြန်မာစစ်ကြောင်း ၃ ကြောင်းနေရာယူထားသော တိုက်ကွင်းခွင်မရောက်မှီ ကွတ်ခိုင်-တာမိုးညဲ ကားလမ်းကို TNLA၊ MNDAA တပ်ဖွဲ့စစ်ကြောင်း၏ ဦးဆောင် ပွိုင့်တပ်ခွဲ ကျော်ဖြတ်စဉ် ထိုမြန်မာစစ်ကြောင်းများကို ကြီးကြပ်ရန်ဆင်းလာသည့် ဖိုးဝီးကားသုံးစီးနှင့် မြန်မာတပ်ဖွဲ့တို့က တွေ့ရှိပြီး ဦးစွာစတင်ပစ်ခတ်ခဲ့ပါသည်။ နှစ်ဖက်အပြန်အလှန်ပစ်ရင်း TNLA၊ MNDAA ဖက်မှ ဖိုးဝီးကား ၃ စီးတွင် မြန်မာစစ်အရာရှိများပါလာသည်ကို သတိပြုမိပြီး RPG ပုခုံးထမ်းလောင်ချာဖြင့် ၂ လုံးပစ်ခဲ့ပါသည်။

တလုံးမှာ ဒုတိယကားခေါင်းခန်းတည့်တည့် ကျရောက်ပေါက်ကွဲပြီး နောက်တလုံးမှာ ရှေ့ကားတစီး၏ဘေးတွင်ကျရောက်ပေါက်ကွဲခဲ့သည်။ ကားပေါ်တွင် ဒေသခံ တရုတ်ပြည်သူ့စစ်များလည်းပါရှိပြီး ကျည်ထိမှန်သည့် ဒုတိယကားမှာ ခေါင်းပိုင်းကြေမွပျက်စီးကာ ကားခေါင်းခန်းပါ အရာရှိများပါ ထိမှန်သေဆုံးနိုင်ကြောင်း TNLA၊ MNDAA စစ်ကြောင်းမှ တိုက်ပွဲအစီရင်ခံခဲ့ပါသည်။ တပ်ရင်းမှူးပါရှိပြီး သေဆုံးကြောင်းကို ထိုအချိန်တွင်မသိရှိခဲ့ပါ။

ဖိုးဝီးကားများကို လက်နက်ကြီးဖြင့်ထုလိုက်ရာထိမှန်သွားသဖြင့် မြန်မာတပ်ဖက်မှ ပစ်အားများရပ်စဲသွားသည့်အချိန်တွင် TNLA၊ MNDAA ပူးပေါင်းတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်ခဲ့သဖြင့် တိုက်ပွဲပြီးဆုံးခဲ့ပါသည်။

PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။