Thursday, June 5, 2014

ကချင်ဒုက္ခသည်သုံးဦးကို ဖောက်ခွဲမှုဖြင့် ထောင်ဒဏ် ၁၄ နှစ်အထိ အမိန့်ချ

(Mizzima)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေစက်ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းမှ ဒုက္ခသည် သုံးဦးကို ဖောက်ခွဲမှု ၆ မှုဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၁၄ နှစ်အထိ ထပ်ဆင့် အမိန့်ချမှတ်လိုက်သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

မြစ်ကြီးနားမြို့ ခရိုင်ရုံးနှစ်ခုမှ တရားသူကြီး ဒေါ်နီနီအေးနှင့် တရားသူကြီး ဦးနေလင်းတို့က ဦးဘရန်ရုန်ကို ထောင်ဒဏ် ၁၄ နှစ်၊ ဦးလဖိုင်ဂမ်ကို ၁၃ နှစ်၊ ဦးလရိန်ကို ၃ နှစ်စီ ဇွန်လ ၅ ရက်က အသီးသီးချမှတ်ခဲ့သည်။


“အဓိကတော့ စရဖ စစ်ကြောရေးက အသေးစိတ် ဖော်ပြထားတယ်။ သဘောဝ ကျတယ်။ တရာခံဘက်ကလည်း အပစ်မရှိကြောင်း ခိုင်လုံစွာ တင်ပြနိုင်ခြင်း မရှိဘူးဆိုပြီးတော့ တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တယ်”ဟု ရှေ့နေ ဦးဂျီမာခါးက မဇ္ဈိမကို ပြောသည်။

၎င်းသုံးဦးကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ပြီး ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်တို့ကိုမူ ထိုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ဖောက်ခွဲမှုတို့ဖြင့် ထောင်ဒဏ် ၅နှစ်စီ စုစုပေါင်း ၇ နှစ် အသီးသီး ချခံနေရပြီး ယခု ထပ်ဆင့် ချမှတ်ခံရခြင်းဖြစ်သည်။

ယခင် ချမှတ်ခဲ့သော မတရားအသင်း ဆက်သွယ်မှုနှင့် ဖောက်ခွဲမှုတမှုတို့ဖြင့် ထောဏ်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်ကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ် တရားလွှတ်တော်ရုံးများသို့ အဆင့်အဆင့် အယူခံတင်ခဲ့သော်လည်း ပယ်ချခံခဲ့သဖြင့် ပြီးခဲ့သည့် မေလ ၅ ရက်က နေပြည်တော် တရားလွှတ်တော်ချုပ်သို့ ထပ်မံ အယူခံ ဝင်ခဲ့သေးသည်။

၎င်းအယူခံကို လာမည့် ဇွန်လ ၁၇ ရက်တွင် အပြီးသတ်လျှောက်လဲချက်ပေးသွားမည် ဖြစ်ပြီး ယခုချမှတ်လိုက်သည့် ပြစ်ဒဏ်များကိုလည်း အယူခံ ဆက်လက် လျှောက်လဲသွားမည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

“ဒါက လုံးဝ မတရားဘူး။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ထောင်ချတာ ဖြစ်တယ်။ သူတို့ လွတ်မြောက်ဖို့ ဆက်ကြိုးစားမယ်။ ဒီမြစ်ကြီးနား ခရိုင် တရားရုံးရဲ့ ဆုံးဖြတ်ချက်က အပြင်းအထန်ရှုံ့ချတယ်”ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ် ဇွန်လ ၁၂ ရက်က သူတို့ သုံးဦးသည် ရှေ့စက်ဒုက္ခသည်စခန်းမှ ကျွဲ၊ နွား မောင်းပေးရန် အကူလိုက်သွားစဉ် လမ်းတနေရာ တာလောကြီး ကျေးရွာအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) လက်အောက်ခံ တပ်ရင်း ၂၇ စစ်ကြောင်းမှ ဗိုလ်ကြီး စိုးမိုင်နှင့်တပ်ဖွဲ့က KIA အဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။