Wednesday, May 14, 2014

ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေးကို UPWC နှင့် KIO တို့ သဘောတူ

(Eleven Media Group)



အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ တတိယအကြိမ် မြစ်ကြီးနားဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဟန့်တားစေနိုင်သည့် ဖြစ်စဉ်ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရေးကို ဦးစားပေးဆွေးနွေးခဲ့ကြပြီး ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေးကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။


နှစ်ရက်ကြာပြုလုပ်ရန် ရည်မှန်းခဲ့ပြီး တစ်ရက်တည်းဖြင့် အပြီးသတ်သွားသည့် ထိုဆွေးနွေးပွဲအပြီးတွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အချက်ငါးချက်ဖော်ပြခဲ့သည်။



"စစ်ဘက်ဆိုင်ရာအနေနဲ့ တိုက်ပွဲတွေ ထပ်မဖြစ်ပွားဖို့ ကျွန်တော်တို့ဦးတည်ပြီး ဆွေးနွေးတာက တိုက်ပွဲတွေလျှော့ချဖို့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဆိုပြီး ဖွဲ့စည်းဖို့ ဒီအပေါ်မှာပဲ နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ပါတယ်။ ဒီအဖွဲ့မှာ တပ်မတော်ဘက်ကလည်းပါတယ်။ သူတို့ဘက်ကလည်း ငါးယောက်၊ ကျွန်တော်တို့ဘက်ကလည်း ငါးယောက်ပေါ့လေ။ အသေးစိတ်တော့၊ အဖွဲ့ဝင်တွေဘယ်သူပါမလဲဆိုတာတော့ ညှိနှိုင်းရဦးမှာပေါ့" ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က ဆွေးနွေးပွဲအပြီးတွင် ပြောကြားသည်။


ထုတ်ပြန်ကြေညာချက်၌ပါဝင်သော အချက်ငါးချက်အနက် ထူးခြားသောအချက်နှစ်ချက်ပါဝင်ခဲ့ပြီး ပထမအချက်သည် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖွဲ့စည်းရန် သဘောတူညီမှုမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက် သဘောတူညီချက်တွင်ပါရှိသည့် "ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးယန္တရား" ကို ပထမအဆင့်ကို အကောင်အထည်ဖော်ခြင်းအနေဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။


ထူးခြားချက်နောက်တစ်ရပ်မှာ "နှစ်ဦးနှစ်ဖက်နားလည်မှုကို ပျက်ပြားစေသော မီဒီယာများ၏ လွဲမှားစွာရေးသားဖော်ပြနေမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်" ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။


ထိုအချက်ထည့်သွင်းခြင်းနှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ်များက မှတ်ချက်မပေးခဲ့သော်လည်း KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကမူ ထိုအချက်ထည့်သွင်းရခြင်းအကြောင်းကို ရှင်းလင်းခဲ့သည်။


"ဒီလိုပြောတဲ့အခါမှာ မီဒီယာတစ်ခုကို ကျွန်တော်တို့က နာမည်တပ်ပြီး ပြောတာမဟုတ်ပါဘူး။ မီဒီယာလို့ပြောရင် အားလုံးပါပါတယ်။ ကျွန်တော်တို့ KIO မှာတော့ Kachinnet ကျွန်တော်တို့ဝက်ဘ်ဆိုက်ရှိပါတယ်။ လိုင်ဇာ FM အသံလွှင့်အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့သတင်းဌာန ကျွန်တော်တို့ မီဒီယာတွေကိုလည်းပြောပါတယ်။ ကိုယ့်ဘက်က အသုံးအနှုန်းတွေ၊ လွဲမှားတဲ့အယူအဆတွေ ကျွန်တော်တို့လည်း သတိထားပြီး ညွှန်ကြားနေတာဖြစ်ပါတယ်။ ထို့အတူ အစိုးရမှာလည်းရှိပါတယ်။ တစ်သီးပုဂ္ဂလအနေနဲ့သော်လည်းကောင်း၊ မိမိတို့ရဲ့ယုံကြည်ရာ၊ မိမိတို့ရဲ့ဝါသနာအရသော်လည်းကောင်း၊ နိုင်ငံ့အကျိုးကို တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်နေတဲ့အတွက်သော်လည်းကောင်း မီဒီယာများရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ မီဒီယာများရဲ့ လွဲမှားစွာဖော်ပြချက်လို့ ပြောတဲ့အခါမှာ အားလုံးကိုခြုံပြီးပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မီဒီယာတွေလည်းပါပါတယ်လို့ ကျွန်တော်ပြောလိုပါတယ်" ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆွေးနွေးပွဲအတွက် ကျေးဇူးတင်စကားပြောရာတွင် ထည့်သွင်းရှင်းလင်းသည်။


UPWC နှင့် KIO တို့၏ တတိယအကြိမ် မြစ်ကြီးနားဆွေးနွေးပွဲတွင် ယခုလအတွင်းထွက်ရှိသော သတင်းစာ၊ ဂျာနယ်အချို့၌ သတင်းများ၊ သတင်းဆောင်းပါးများ၊ အင်တာဗျူးများအကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆွေးနွေးပြီးနောက် ဆွေးနွေးချက်ကို ပူးတွဲထုတ်ပြန်ချက်၌ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။