Thursday, May 22, 2014

လိုင်ဇာညီလာခံကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ထပ်မံတွေ့ဆုံနိုင်ရေး အစိုးရမှ ခွင့်ပြုကူညီပေးရန် NCCT မေတ္တာရပ်ခံ

(Eleven Media Group)



လိုင်ဇာညီလာခံကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ထပ်မံတွေ့ဆုံနိုင်ရေး အစိုးရမှ ခွင့်ပြုပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ မေတ္တာရပ်ခံထားကြောင်း မေ ၂၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင်ပြုလုပ်သော အစိုးရနှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းရေးဆွဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် NCCT ခေါင်းဆောင်များက ပြောကြားသည်။


အစိုးရ၏ ခွင့်ပြုချက်ဖြင့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၂ ရက် အထိ ကေအိုင်အိုဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ တက်ရောက်သော လိုင်ဇာညီလာခံ ကို ကျင်းပခဲ့ရာ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များပါဝင်သော NCCT အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။



တိုင်းရင်းသားခေါင်းဆောင်များ၏ လိုင်ဇာညီလာခံမှ ဖွဲ့စည်းခဲ့သည့် NCCT အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရရှိလာရေးအတွက် ညှိနှိုင်းသည့်အဖွဲ့သာဖြစ်ပြီး အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသော အဖွဲ့အစည်း မဟုတ်သောကြောင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆောင်ရွက်ရန် အဆုံးအဖြတ်ပေးနိုင်သည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီး၏ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲတစ်ခု လိုအပ်သည်ဟု NCCT အဖွဲ့မှ အစိုးရထံသို့ တင်ပြခဲ့ကြောင်း သိရသည်။


NCCT အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျွန်တော်တို့ ဘက်ကကျတော့ တကယ်တမ်း စာချုပ်လက်မှတ်ရေးထိုးလာမယ့်သူတွေက ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးက ထိပ်သီးခေါင်းဆောင်တွေပေါ့။ မွန်ဆို မွန်ဥက္ကဌ၊ ကချင်ဆို ကချင်ဥက္ကဌ တွေပေါ့။ ဆိုတော့ ဒီလိုထိပ်သီးခေါင်းဆောင်တွေကို ဆွေးနွေးဖို့က ကျွန်တော်တို့ တာဝန်ဖြစ်တယ်။ အဲဒီလို သူတို့ကို ထိပ်သီးအစည်းအဝေးတွေခေါ်ယူပြီးတော့ ကျွန်တော်တို့ NCCT အနေနဲ့ အကျေအလည် ဆွေးနွေးနိုင်မှ အဲဒီခေါင်းဆောင်တွေက အိုကေ အဆင်ပြေလောက်ပြီဆိုရင်တော့ အလားအလာကောင်းနိုင်တာပေါ့” ဟု ပြောကြားသည်။


NCCT အဖွဲ့အနေဖြင့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှု အခြေအနေများ၊ နှစ်ဖက်ကိုယ်စားလှယ်များ ပူပေါင်းဆောင်ရွက်နေသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းတစ်ခုတည်းဖြစ်အောင် ရေးဆွဲရာတွင် နှစ်ဖက်အကြား ကွဲလွဲနေသည့် အချက်အလက်များ၊ စကားလုံး အသုံးအနှုန်းဆိုင်ရာများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီး၏ ထိပ်သီးခေါင်းဆောင်များကို ပြန်လည်ရှင်းပြရန် ထိပ်သီးခေါင်းဆောင်များ၏ တွေ့ဆုံမှု အမြန်ဆုံးဖြစ်ပေါ်လာပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဟု ၎င်းကဆိုသည်။


NCCT အဖွဲ့မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းကလည်း“လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ကြည့်ရင်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်က အမြန်ဆုံး ချုပ်ဆိုဖို့လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမြန်ဆုံးသဘောထားတွေ ဆုံးဖြတ်ညှိနှိုင်းမှသာ ဒါဟာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တဲ့အတွက် နောက်ထပ် ထိပ်သီးဆွေးနွေးပွဲနဲ့ ထပ်မံတွေ့ဆုံတိုင်ပင်ဖို့ကလည်း လိုအပ်နေပါတယ်” ဟု   ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။