Tuesday, May 20, 2014

NCCT ခေါင်းဆောင် နိုင်ဟံသာရဲ့ မေ ၁၅ မြစ်ကြီးနား လူထုအစည်းဝေး မိန့်ခွန်း

(ကချင်သတင်းဌာန)

ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ရှိတဲ့ ထဲမှာ ဘာကြောင့် လူမျိုးတိုင်း လက်နက် ကိုင် တော်လှန်ရ သလဲဆိုတာက စဉ်းစား သုံးသပ်စရာဖြစ် ပါတယ်။ တစ်ဖွဲ့၊ နှစ်ဖွဲ့တည်း မဟုတ်ပဲ လူမျိုးတိုင်းလိုလို ထတော် လှန်နေရတယ် ဆိုတာ ကတော့ အာဏာရ ထားတဲ့ အစိုးရရဲ့ အားနည်း ချက်၊ မှားယွင်းချက်ပဲ လို့ ကျနော်ကတော့ အဲ့လိုပြောလို ပါတယ်။ ပြည်ထောင် စုမြန်မာနိုင်ငံဟာ သမိုင်းကြောင်း အရ သူ့မြေနဲ့ သူဧရိယာနဲ့ သူ့လူမျိုးနဲ့ နေထိုင်လာတဲ့ ဧရိယာကြီး ပဲဖြစ်ပါ တယ်။ တောင်ပိုင်းမှာ မွန်နိုင်ငံဖြစ်သလို၊ အနောက်ပိုင်းမှာ ရခိုင်နိုင်ငံ၊ အရှေ့မြောက်ပိုင်းမှာဆိုရင်လည်း ရှမ်းနိုင်ငံ၊ အလယ်ပိုင်းမှာပဲ ဗမာနိုင်ငံကြီးဖြစ်သလို ကချင်တို့၊ ချင်းတို့၊ ၀တို့ ဆိုရင်လည်း သူတို့နယ်မြေကို သူတို့ပဲကိုယ်ပိုင် အမြဲတမ်း ကိုယ်ပိုင်အုပ်ချုပ်လာခဲ့တာကို တွေ့ရပါတယ်။ ပဒေသရာဇ်ခေတ်မှာ အာဏာကြီးတဲ့ တပ်အင်အားကြီးတဲ့ သူကတော့ နယ်မြေသိမ်းလိုက်လုပ်ခဲ့ပါပြီ။ အဲ့ဒီနောက်မှာ အင်္ဂလိပ်တွေအားလုံးကို သိမ်းလိုက်တဲ့ အချိန်မှာ မြန်မာနိုင်ငံတွင်းရှိလူမျိုးအားလုံးဟာ အင်္ဂလိပ်ရဲ့ ကျွန်ဖြစ်၊ ဂျပန်ရဲ့ကျွန်တွေ ဖြစ်ခဲ့ကြတယ်။

ပြည်တွင်းစစ်ဆိုတာ ကျနော်တို့တိုင်းရင်းသားလူနည်းစုတွေက တမင်တကာကို လက်နက်ကိုင်ချင်လွန်းလို့၊ သွေးဆူလို့ လက်နက်ကိုင်တာမဟုတ်ပါဘူး။ ကျနော်တို့လိုချင်တဲ့ အခွင့်အရေးကို ဥပဒေဘောင်ထဲက ဒီမိုကရေစီနည်း အရ တောင်းဆိုလို့မရလို့ ကျနော်တို့ကို အရေးယူလာလို့ မလွှဲမရှောင်သာဆက်လက်ပြီးတော့ အလုပ်လုပ်နိုင်ဖို့ ကျနော်တို့ လက်နက်ကိုင်လာတာဖြစ်တယ်။ ၁၉၅၈ ခုနှစ်မှာ ဖဆပလ နှစ်ခြမ်းကွဲသွားတယ်။ ဦးနု ဦးဆောင်တဲ့ သန့်ရှင်း ဖဆပလ က အာဏာရလာတယ်။ ဦးနုက အတိတ်က ဘယ်သူ့အမှားပြော မနေကြပါနဲ့တော့လို့ ဒီအချိန်ကစပြီးတော့ သူ့အစိုးရအနေနဲ့ ဒီမိုကရေစီအခွင့်အရေး အပြည့်ပေးမယ် လာပါ လက်နက်တွေကို အပ်လိုက်ကြပါလို့ ကြေညာလိုက်တယ်။ ဒီမိုကရေစီနည်းအရ တိုက်ပွဲဝင်ပါလို့ ကမ်းလှမ်း လိုက်တယ်။

အဲ့လိုကမ်းလှမ်းလိုက်တော့ စေတနာသန့်နဲ့  ကျနော်တို့ မွန်ရယ်၊ ရခိုင်ရယ်၊ ပအိုင်းရယ် လက်နက်ကိုင်ထားတဲ့ နိုင်ငံရေးပါတီတွေက အားလုံးလက်နက်တွေကို အပ်ပြီးတော့ ဒီမိုကရေစီနည်းအရ တိုက်ပွဲဝင်ခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာဘူး။ တခြားတိုင်းရင်းသားတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ ကျနော်တို့ လှုပ်ရှားပြီးတော့ တောင်းဆိုလာကြတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ် ဦးနေ၀င်းက အာဏာသိမ်းလိုက် တယ်။ အာဏာသိမ်းပြီးတော့ ကျနော်တို့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေ အားလုံးကို ထောင်ချလိုက်တယ်။ အဲ့တော့ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်များဘက်က ဘယ်လောက်ခံစားရလဲဆိုတော့ ကိုင်ထားတဲ့ လက်နက်ကိုလည်း အပ်လိုက်ရတယ်။ ရိုးရိုးသားသားနဲ့ ဒီမိုကရေစီနည်းအရ တိုက်ပွဲဝင်တယ်။ နောက်ဆုံးကတော့ ထောင်ထဲရောက်သွားတယ်။ ဘယ်လောက်နစ်နာဖို့ ကောင်းလဲ။ အဲ့တာကြောင့် ကျနော်တို့အမြင်မှာ ကျနော်တို့နိုင်ငံမှာ လက်နက်မရှိရင် နိုင်ငံရေးလုပ်လို့မရဘူး ဆိုတဲ့ အဓိပါယ် သက်ရောက်နေတယ်။

နောက်တော့ ၁၉၉၈ ခုနှစ်မှာ တပြည်လုံးလူထုအုံကြွမှုဖြစ်တော့ အာဏာသိမ်းမှုဖြစ်ခဲ့တယ်။ အာဏာသိမ်းစစ် အစိုးရတက်လာတော့ တဖန်ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေကို ပြန်ခေါ်တယ်။ အပစ်အခတ် ရပ်စဲရေးလုပ်ပြီးတော့ အချင်းချင်း ရင်းနှီးဖို့ ယုံကြည်မှုတည်ဆောက်ဖို့ ကြိုးစားပါ။ ပြီးတော့ တဖက်က ဒေသဖွံ့ဖြိုးရေးကို လုပ်ပါလို့ ပြောတယ်။ သူတို့က လူထုကရွေးကောက်လာတဲ့ အစိုးရမဟုတ်တော့ နိုင်ငံရေးအရ ဆွေးနွေးပေး လို့ မရဘူးလို့ပြောတယ်။ ဒါပေမဲ့ တချိန်မှာ ပြည်သူလူထုကို ရွေးကောက်ပွဲ လုပ်ပေးပြီးရင် လူထုရွေးချယ်တင်မြောက်သော အစိုးရတက်လာရင် နိုင်ငံရေးအရ ဆွေးနွေးကြပါလို့ ပြောခဲ့တယ်။ အဲ့လို အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့မှ နိုင်ငံရေးအရ ဆွေးနွေးမှုကမ်းလှမ်းလာတဲ့အပေါ်မှာ ကျနော်တို့ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ တော်တော်များများက ဒါကို လက်ခံပြီးတော့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ ကာလမှာ ၂၀၀၅ ခုနှစ်မှာ ပလောင် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လက်နက်အားလုံးကို သိမ်းလိုက်တယ်။ ရှမ်း(SSNA)လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း လက်နက်အားလုံးသိမ်းလိုက်တယ်။ ပအိုင်းအဖွဲ့တွေဆီကလည်း လက်နက်တွေ သိမ်းလိုက်တယ်။ ဒါဟာ လုံးဝကို မမှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်။

၂၀၀၄ ခုနှစ်မှာ အမျိုးသားညီလာခံကို ပြန်ခေါ်တယ်။ ကျနော်တို့ အပစ်ရပ်ထားတဲ့ အဖွဲ့ကိုပါဖိတ်တယ်။ အဲ့ဒီမှာ အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့တော်တော်များများတက်ခဲ့ကြတယ်။ ညီလာခံတက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်များက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တောင်းဆိုခဲ့တယ်။ တောင်းဆိုတော့ ဒီတိုင်းရင်းသားတွေရဲ့တောင်းဆိုမှုကတော့ အမျိုးသားညီလာခံနဲ့ မကိုက်ညီဘူးလို့ဆိုပြီး အားလုံးကို အမှိုက်ခြင်းထဲမှာ ပစ်ထည့်လိုက်တယ်။ ဘာမှ အသိအမှတ်မပြုဘူး။ နိုင်ငံရေးအရ ဘာမှပြောဆိုခွင့်မရခဲ့ပါဘူး။ ၂၀၀၉၊ ၂၀၁၀ ကြတော့ သူတို့ဘာတွေပြောလာလဲဆိုတော့ သူတို့လက်ထက်မှာ လုပ်ကိုင်လာတဲ့ နိုင်ငံရေး အရှုပ်အရှင်းတွေကို နောက်တက်လာမဲ့ အစိုးရသစ်တွေဆီကို မလွှဲအပ်ချင်ဘူး။ ကျနော်တို့ကိုဘဲ အပြီးရှင်းမယ် ဆိုပြီးမှ လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရမယ် ဆိုပြီး အတင်းဖိအားပေးတယ်။ လက်မခံရင်ပြန်တိုက်မယ်လို့တောင် ပြောခဲ့တယ်။  အဲ့တာကြောင့် လက်ခံလိုက်တဲ့ အဖွဲ့အစည်းတွေလည်း ရှိခဲ့တယ်။ လက်မခံတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ အဲ့တာကြောင့် နောက်ဆုံးမှာ ကျနော်တို့ တပ်ပေါင်းစုကို ဖွဲ့ပြီးမှ အတူတကွတိုက်ပွဲဝင်ခဲ့ကြတယ်။ ကျနော် ဆိုလိုတာက ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့အခါမှာ အာဏာရထားတဲ့ အစိုးရက ရိုးရိုးသားသားဘယ်တော့မှ မဖြေရှင်းခဲ့ဘူးလို့ ကျနော်မြင်တယ်။

သမ္မတသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်တက်လာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ ပြဿဖြေရှင်းဖို့ ပြန်လည်ကမ်းလှမ်းလာတဲ့အပေါ်မှာ UNFC ကလည်း ဆွေးနွေးဖို့ အဖွဲ့တွေဖွဲ့စည်းခဲ့တယ်။ အစပိုင်းမှာ သူတို့ကတော့ တစ်ဖွဲ့ချင်းစီနဲ့ပဲ အပစ်အခတ်ရပ်စဲရေးလုပ်တယ်။ တစ်ဖွဲ့ချင်းစီနဲ့ပဲ နိုင်ငံရေးဆွေးနွေးမယ်။ ဒါသူတို့ရဲ့မူ။ ကျနော်တို့ကတော့ အပစ်အခတ်ရပ်စဲရေးကိုတော့ လက်ခံလိုက်တယ်။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးမှုကိုတော့ တိုင်းရင်းသားတွေအားလုံး စုပေါင်းပြီးမှ ဆွေးနွေးမယ်လို့ဆိုတဲ့ မူအပေါ်မှာ UNFC ကနေပြီးတော့ တိုက်ပွဲဝင်ခဲ့တယ်။ နောက်ဆုံးကတော့ အစိုးရကလည်း ဒါကို လက်ခံခဲ့တယ်။ အဲ့ဒီမူကို အစိုးရကလက်ခံလာတော့ ၂၀၁၃ မှာ ကျနော်တို့ စတွေ့တယ်။ နောက်ဆုံးမှာ ၂၀၁၃ အောက်တိုဘာလ အကုန် နိုဝင်ဘာလဆန်းမှာ လိုင်ဇာမှာ တိုင်းရင်းသားလက်နက်ကိုင် အားလုံး ညီလာခံလုပ်ခဲ့တယ်။

အဲ့ဒီညီလာခံမှာ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းတိုင်ပင်ပြီး NCCT (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့) ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ အခုဆိုရင် NCCT အနေနဲ့ အစိုးရနဲ့ တရားဝင်ဆွေးနွေးမှု (၃) ကြိမ်ရှိခဲ့ပါပြီ။ အစိုးရတွေနဲ့ ဆွေးနွေးတဲ့အခါမှာ တပ်မတော်ရဲ့ တောင်းဆိုမှုကတော့ ညှိနှိုင်းလို့ မလွယ်တဲ့ အရာမျိုးဖြစ်နေတယ်။ ကျနော်တို့ အဓိက တောင်းဆိုတာကတော့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းကာလမှာ ကျနော်တို့ကတော့ တန်းတူညီတူနဲ့ တရားမျှတမှုရှိရှိနဲ့ အပစ်အခတ်ရပ်စဲရေးကိုလုပ်ဖို့ ညှိနှိုင်းရေးလုပ်တော့ တပ်မတော်ဘက်က သဘောထားကတော့ တော်တော်လည်းကို ကွာတယ်။ တပ်မတော်ဘက်ကဆိုရင် ကျနော်တို့ကို လက်နက်ချခိုင်းတဲ့ ပုံစံနီးနီးလောက်ကို ဖြစ်သွားတယ်။ ကျနော်တို့ကို တပ်ဘက်ဆိုင်ရာပြုပြင်မှု၊ တပ်အင်အားတိုးချဲ့မှု၊ လူသစ်စုဆောင်းမှု၊ လက်နက်အင်အားတိုးချဲ့မှု၊ အကောက်အခွန်တွေ ဘာမှ မလုပ်ရဘူးလို့ ပြောလာတော့ ကျနော်တို့က လက်ခံလို့မရပါဘူး။

အခု ရန်ကုန် MPC ရုံးမှာ (၂) ကြိမ်တွေ့ဖြစ်တယ်။  ကျနော်တို့တွေ့ဆုံတဲ့ အခါမှာ ထူးခြားတာကတော့ အစည်းအဝေးမှာ အစိုးရကိုယ်စားလှယ်လည်းတက်တယ်။ လွှတ်တော်ကိုယ်စားလှယ်လည်းတက်တယ်။ တပ်မတော်ဘက်က ကိုယ်စားလှယ်လည်းတက်တယ်။ အဲ့ဒီလို အစိုးရဘက်က အုပ်စု (၃)စုက ကိုယ်စားလှယ် အသီးသီးတက်လာတဲ့ အခါ အစည်းအဝေးမှာ စကားပြောတဲ့ အခါမှာကတော့ တပ်မတော်ဘက်ကကြီးပဲ စကားပြောတယ်။ ကျန်တဲ့ အုပ်စုတွေကတော့ တိတ်နေတဲ့ ပုံစံမျိုး။ အဲ့ဒါကလည်းထူးခြားတယ်။ သဘောကတော့ အားလုံးကို ကိုယ်စားပြုပြီး တပ်မတော်ကပဲ စကားပြောခွင့်ရှိတယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။ ဒါမှ မဟုတ်ရင် တပ်မတော်ကို မထိန်းချုပ်နိုင်ဘဲနဲ့ တပ်မတော်ကပြောတဲ့ဟာကိုပဲ တိတ်ပြီးတော့ နားထောင်နေရတာလားတော့ မပြောတတ်ဘူး။ ဒါကြောင့် တပ်မတော်နဲ့ ညှိနှိုင်းတဲ့နေရာမှာ မပြေလည်ဘူး။

ကျနော်တို့ တစ်လျှောက်လုံးတောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တပ်မတော်ဘက် လက်မခံဘူးဖြစ်နေတယ်။ လက်မခံရင် ဒီကိစ္စကို ပြည်တွင်းစစ် (၆၅) နှစ်ဖြစ်နေရတဲ့ အဖြစ်ကို တန်းတူမှုတွေ မရလို့ တိုင်းရင်းသားဆိုင်ရာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မရလို့ ပြည်တွင်းစစ်ဖြစ်နေရတယ် ဆိုတာကို နိုင်ငံသားတွေအားလုံးလည်း သိနေပြီ။ သမ္မတကြီးကလည်း တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ လွှတ်တော်ထဲမှာလည်း ဖက်ဒရယ်မှုကို ဘယ်လိုဖွဲ့စည်းရမလဲကို တော်တော်လည်းကို လေ့လာနေပြီ။ ဒါပေမဲ့ လက်တွေ့ဆွေးနွေးတဲ့ အခါမှာကြတော့ တပ်မတော်ဘက်က ဒါတွေကို လုံးဝလက်မခံဘူး။ ဒါတွေက ထူးခြားမှုပါ။

ဒါကြောင့်ဒီဆွေးနွေးမှုဟာ ရှည်ကြာနေတယ်။ တပ်မတော်ဘက်က ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထား(၆)ချက်ကို တောင်းဆိုလာတယ်။ (၆)ချက်ထဲမှာ ကျနော်တို့ လက်မခံနိုင်တာ (၂)ချက်ရှိတယ်။ ဒါကတော့ ‘လက်ရှိတည်ဆဲဥပဒေ’ တွေကို ပြည့်ပြည့်၀၀လက်ခံရမယ်လို့ ဖြစ်တယ်။ သဘောကတော့ အစိုးရကချမှတ်ထားတဲ့ ဥပဒေတွေကို ကျနော်တို့က လက်ခံရမယ်ဆိုရင် နိုင်ငံရေးအရ လက်နက်ချလိုက်သလို ဖြစ်နေတယ်။  ဒါဆိုပြီးရောပေါ့ ကျနော်တို့က ဘာမှ ပြောစရာတောင် မလိုတော့ဘူး။ နောက်တစ်ခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာက ပြင်လို့မလွယ်တဲ့ ဥပဒေ။ တပ်မတော်ဘက်က သဘောတူမှ ပြင်လို့ရတဲ့ ဥပဒေဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာကို အသေးစိတ်ပြန်လေ့လာကြည့်ရင် ဒီမိုကရေစီလည်း မဆန်ဘူး၊ ပြည်ထောင်စုစနစ်လည်းမဆန်ဘူး။ တပ်မတော် စစ်တပ်ကို အာဏာ အပြည့်အ၀ပေးထားတယ်။ စစ်တပ်ကို တောင်းပန်ပြီးမှ စစ်တပ်က ပြင်ပေးမှ ရမယ့် ပုံစံမျိုးဖြစ်နေတယ်။ ယနေ့ ပြည်သူလူထုကပါ ဖွဲ့စည်းပုံကို ပြင်ချင်နေတယ်။ နိုင်ငံရေးပါတီတွေကလည်း ပြင်ချင်နေတယ်။ အဲ့တော့ ကျနော်တို့ပါ အဲ့ဒီဘောင်ထဲကို ၀င်လိုက်ရင် ဘာမှလုပ်လို့မရတော့ဘူး။ ဒါကြောင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့ အခါမှာ တန်းတူညီတူထားပြီးတော့ ညှိနှိုင်းအဖြေရှာရမှာ ဖြစ်ပါတယ်။ တစ်ဖက်က အပေါ်စီးရပြီးတော့ တစ်ဖက်ကို ကားအောက်ကို လာပါဆိုပြီးတော့ နေရမဲ့ ပုံစံမျိုးကတော့ ဘယ်လိုမှ မတရားဘူး၊ ဘယ်လိုမှမမှန်ကန်ဘူး၊ ဘယ်လိုမှ ဖြေရှင်းလို့မရဘူးလို့ ကျနော်မြင်ပါတယ်။ တပ်မတော်ဘက်က တောင်းဆိုချက်က သိပ်ကို သဘာဝမကျတဲ့ အပေါ်စီးရည်ညွန်းတဲ့ သဘောထားဖြစ်နေတယ်။ အစိုးရနဲ့ လွှတ်တော်က လက်ခံလား လက်မခံဘူးလားတော့မသိဘူး။ ဒါပေမဲ့ တပ်မတော်က ပြောနေသလိုပဲ ဖြစ်နေတယ်။

အခု ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်လို့ နာမည်သာ သတ်ထားတာ မွန်စာတောင် တရားဝင်သင်ကြားလို့ မရဘူး။ ကချင်ပြည်နယ်လည်း ဒီလိုပါပဲ။ ကိုယ့်ပြည်နယ်မှာ ထွက်ရှိတဲ့ သယံဇာတကို ပြည်ထောင်စုအစိုးရက အားလုံးယူသွားမယ်ဆိုရင် ကျနော်တို့က ကိုလိုနီနိုင်ငံပဲ၊ ကျွန်ပဲ။ အဲ့ဒီအတွက် ကျနော်တို့ မှန်မှန်ကန်ကန်နဲ့ တန်းတူညီတူ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှ ငြိမ်းချမ်းမယ်။ ထို့ကြောင့် ကျနော်တို့ မိဘပြည်သူများအားလုံး ကျနော်တို့နဲ့ လက်တွဲပြီးမှ တိုက်ပွဲဝင်သွားကြပါဖို့လို့ နိဂုံးချုပ်အပ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။