Thursday, May 8, 2014

မြန်မာ့ငြိမ်းချမ်းရေး အခြေအနေ ၂ဝ၁၄ အစီရင်ခံစာ ထုတ်ပြန်

(Mizzima)

မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတကာ မြန်မာ့သတင်း (Burma News International-BNI)က ပြုစုထားသည့် အစီရင်ခံစာ တစောင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား စာနယ်ဇင်းကလပ် (FCCT)တွင် မေလ ၇ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ခဲ့သည်။

၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ အားနည်းချက်၊ အခက်အခဲ အခြေအနေများကို ဖော်ပြထားသည့် အစီရင်ခံစာအပေါ် ထပ်မံဖြည့်စွက်၍ ၂ဝ၁၃ ခုနှစ် မတ်လမှ ၂ဝ၁၄ ခုနှစ် မတ်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများ၊ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းနှင့် စစ်ပြေး ဒုက္ခသည် များပြားလာမှုများကို အဓိက ဖော်ပြထားသည့် စာမျက်နှာ (၂၁၁ )မျက်နှာပါရှိသော နောက်ဆက်တွဲ အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။


“တဖက်နဲ့တဖက် ယုံကြည်မှု အားနည်းနေတယ်။ ဆွေးနွေးတဲ့နေရာမှာ တောင်းဆိုချက်တွေ နည်းနည်း ကွဲလွဲနေတယ်။ တိုင်းရင်းသားတွေ ဘက်က လိုချင်တဲ့ ဖက်ဒရယ်တို့၊ တန်းတူညီမျှရေးတို့၊ အပြန်အလှန် အသိအမှတ် ပြုရေးတို့ ဆိုတဲ့ဟာပေါ့။ အစိုးရဘက်က ပြောနေတာက ၂ဝဝ၈ ဖွဲ့စည်းပုံ လေးစားလိုက်နာရေး အဲဒါကို အဓိက အခြေခံပြီးတော့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ရေးဆိုပြီး ပြောနေတဲ့အခါကြတော့ သူတို့ တောင်းဆိုချက်တွေက ကွဲလွဲနေတယ်။ 
ကျွန်တော်ထင်တယ်။ ဆွေးနွေးပွဲကတော့ ဆက်ပြီးရှိနေပြီး ညှိနှိုင်းရဦးမယ်။ တဖက်နဲ့တဖက် တိုက်ပွဲက ဆက်ပြီးရှိနေတော့ အဟန့်အတား ဖြစ်နေတယ်”ဟု BNI ၏ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ကိုစိုင်းလိတ်က မဇ္ဈိမကို ပြောသည်။

၂ဝ၁၂ ခုနှစ်အတွင်းက အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ မူကြမ်းတခုချင်းစီ ဆွေးနွေးမှုများရှိခဲ့ရာမှ ယခုနောက်ပိုင်း နှစ်ဖွဲ့လုံး၏ မူကြမ်းများကို တခုတည်း (Singal Text)ဖြစ်ရေး လုပ်ဆောင်ခဲ့ သော်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်းသည် ယုံကြည်မှုများ နည်းပါးစေပြီး ဆွေးနွေးပွဲကို နှောင့်နှေးစေသည့် အနုတ်လက္ခဏာ ဖြစ်စေသည်ဟု သူက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့၏ လိုလားချက် တူညီမှုမရသေးသဖြင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဖြောင့်ဖြူးခြင်း မရှိသေးဘဲ  အကွေ့အကောက်များစွာဖြင့် ဆက်လက် ဆွေးနွေးညှိနှိုင်းရန် လိုအပ်နေသည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။

မေလ ၇ရက်က ထုတ်ပြန်လိုက်သော ၂ဝ၁၄ ခုနှစ် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစီရင်ခံစာတွင် တိုက်ပွဲများ၊ ဖွံ့ဖြိုးကိစ္စများ၊ တွေ့ဆုံဆွေးနွေးမှု ကြန့်ကြာခြင်း၊ ယနေ့ထိ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သည့် အခြေအနေများနှင့် စီးပွားရေး ရပ်တည်မှုများ ဒေသအရင်းအမြစ်ဖော်ထုတ်မှုများနှင့် ပတ်သက်၍ ထပ်မံ ဖြည့်စွက် ထားသည်ဟု BNI၏ Development Officer ဒေါ်နန်းဖောဂေက ပြောသည်။

BNI သည် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း “ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများ ဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေများ”ဟူသော အစီရင်ခံစာတစောင်လည်း ထုတ်ဝေ၍ ရန်ကုန်မြို့ ကုန်သည်လမ်း မြန်မာနိုင်ငံ သတင်းသမားများ စာကြည့်တိုက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

BNIသည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစတင်၍ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်များကို စောင့်ကြည့်လေ့လာခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလက အစီရင်ခံစာများကို ရေးသားထုတ်ဝေကာ အင်တာနက်ဝက်ဘ်ဆိုက် http://www.mmpeacemonitor.org/တွင် ထုတ်လွင့်ခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။