Tuesday, May 6, 2014

စစ်တပ်မှ ငြင်းဆိုသော်လည်း ဒုက္ခသည်တဦး ဖမ်းစီးခံထားရဆဲဟု ကချင်အဖွဲ့များဆို

(Mizzima)

အစိုးရစစ်တပ်၏ ဖမ်းစီးခြင်းခံထားရသော ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မန်ဝိုင်းကြီးကျေးရွာအနီး လဂတ်ယန် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၄ဦးကို အစိုးရတပ်မှ ပြန်လွတ်ပေးခဲ့သော်လည်း တစ်ဦးကို ပြန်လည် ဖမ်းဆီးထားသည်ဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို မေလ ၅ရက်တွင် ပြောသည်။

မေလ၃ရက် ညနေ၄နာရီကျော်က အဆိုပါ လူ၁၄ဦးကို ခမရ၈၈မှ တပ်ရင်းမှူးကိုယ်တိုင် လဂတ်ယန် ဒုက္ခသည်စခန်းသို့ လာရောက်၍ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မေလ ၄ရက် ၃နာရီခွဲခန့်တွင် ပြန်လည် လွှတ်ပေးခဲ့ကာ လွတ်မြောက်လာသူများထဲမှ တစ်ဦးကို ညနေ ၆နာရီခွဲကျော်တွင် ပြန်လည် ဖမ်းစီးခဲ့ခြင်း ဖြစ်သည်။


ဦးလမိုင်ဂွမ်ဂျာက "၁၄ယောက်လုံး ပြန်လွှတ်ပေးပြီး ၁ယောက်ကို ပြန်ဖမ်းသွားတယ်ဆိုတာကို မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်ကို အကြောင်းကြား ထားပြီးပါပြီ” ဟု ပြောသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်(ကချင်ပြည်နယ်)မှ အထက်တန်း အရာရှိတဦးကို မေလ ၅ရက်တွင် မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ဖမ်းဆီးခံထားရသော ဒုက္ခသည်များအရေးကို စစ်ဌာနချူပ်ထံ သတင်းမေးမြန်းခြင်း ရှိခဲ့သော်လည်း အစိုးရစစ်တပ်မှ ဖမ်းဆီးခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။

လွတ်မြောက်လာသော ဒုက္ခသည်များနှင့် သွားရောက် တွေ့ဆုံခဲ့သော မန်ဝိုင်းကြီးရွာ ကက်သလစ် ဘုရားကျောင်း ရွှေ့ပြောင်းဒုက္ခသည်များ စခန်း၏ တာဝန်ခံ ဦးနော်အောင်က ဒုက္ခသည်များ အဖမ်းခံရခြင်းသည် ဒုက္ခသည်စခန်းတွင် နေထိုင်သူများ စာရင်းကို စစ်တပ်က ကောက်ယူရာ၌ စာရင်းမရှိသူများကို ဖမ်းဆီးခြင်း ဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

“စာရင်းမပါလို့ ဖမ်းတာလို့ပြောတယ်။ နှိပ်စက်ညှင်းပန်းတာမျိုးတော့ မလုပ်ပါဘူး။ တစ်ယောက်ကို ပြန်ဖမ်းသွားတာက ဘာကြောင့်လဲတော့ မသိရသေးပါဘူး၊ ဒီလိုမျိုး စာရင်းမပါလို့ဆိုပြီး ဖမ်းတာက ပထမဆုံး ဖြစ်စဉ်ဆိုတော့ ဒုက္ခသည်တွေ အားလုံးက ထိတ်လန့်ကြောက်ရွံ့နေကြတယ်” ဟု ဆိုသည်။

ဦးနော်အောင်၏ ပြောပြချက်အရ မန်ဝိုင်းကြီးကျေးရွာအနီးတွင် ဒုက္ခသည်စခန်း လေးခုရှိသော်လည်း လဂတ်ယန် ဒုက္ခသည်စခန်းတခုကိုသာလျှင် စစ်တပ်က လူဦးရေစာရင်း ကောက်ယူခြင်း ရှောင်တခင် ၀င်ရောက် စစ်ဆေးခြင်းများကို ပြုလုပ်နေခြင်းဖြစ်ကြောင်းနှင့် ဒုက္ခသည်များကို ကူညီပေးသော အဖွဲ့အစည်းများအနေဖြင့်လည်း အဆိုပါ စခန်းသို့ လတ်တလော သွားရောက်နိုင်ခြင်း မရှိသေးဘဲ မန်ဝိုင်းကြီး ရွာမှ ရပ်မိရပ်ဖ တာဝန်ရှိသူများသာ သွာရောက် ကြည့်ရူနေသည်ဟု သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အစိုးရစစ်တပ်တို့ ပြီးခဲ့သော ဧပြီလ ၁၀ရက်မှ ၁၈ရက်ခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒုက္ခသည်များ ထွက်ပြေးခဲ့ရာတွင် လဂတ်ယန် ဒုက္ခသည် စခန်းမှ ဒုက္ခသည်များလည်း ပါဝင်ခဲ့သည်။

တိုက်ပွဲအရှိန်လျော့ကြပြီးနောက် စခန်းသို့ ပြန်လည် ၀င်ရောက်လာသော ဒုက္ခသည်များကို စစ်တပ်က နေရပြန်ရန် ဖိအားပေးခြင်းနှင့် တိုးပွားလာသော ဒုက္ခသည်များကို နေရာချပေးရန် မြေနေရာနှင့် တဲများမလုံလောက်ခြင်းတို့ကို ရင်ဆိုင်နေရသည်ဟု ကချင်ဒုက္ခသည်များကို အကူညီပေးနေသော မေတ္တာဖောင်ဒေးရှင်း စီမံကိန်းညှိနှိုင်းရေးမှူး ကိုဂွန်ရှာအောင်က မဇ္ဈိမကို ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။