Saturday, May 10, 2014

တပ်မ ၈၈ ထိန်းချုပ်ရာ သျှမ်း-ကချင် နယ်စပ် ဗုံးထပ်မံ ပေါက်ကွဲ နှစ်ဦး ဒဏ်ရာ ရ

သျှမ်းသံတော်ဆင့်သတင်း

ကချင်ပြည်နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စုအတွင်း ပန်ခမ်းရွာနှင့်ကုန်းခမ်းရွာ ကြားရှိ ဟိုတုံဈေးအနီး တွင် မေ ၉ ရက် နက်ပိုင်းက ဗုံးတစ် လုံးပေါက်ကွဲပြီး ဒေသခံ တစ်ဦးနှင့် တပ်မတော်သားတစ်ဦး ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရှိရသည်။

အစိုးရစစ်သား များ ကင်းလှည့် လာချိန် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စစ်သားတစ်ဦးနှင့် ကုန်းခမ်းရွာသား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရတပ်သားအား အနီးရှိတပ်စခန်းသို့သယ်ဆောင်သွားပြီး ဗုံးဆံထိမှန် သော ကုန်းခမ်းရွာသား၏ဒဏ်ရာမှာစိုးရိမ်မှုမရှိကြောင်း ကိုယ်တိုင်တွေ့မြင်ရသူ ဟိုတုံဈေးသည် နမ့်ခမ်းမြို့ခံတစ်ဦးကဆိုသည်။

 
“ဗုံးပေါက်တာက မနက် ၇းဝဝ နာရီ ၊ ဈေးရဲ့အပြင်ဘက်မှာပေါက်တာ၊ ဟိုတုံဈေးနေ့လည်းဖြစ်တယ် ၊ဗုံးပေါက်တော့ ဈေးပျက်သွားတာပေါ့။ ကိုယ်စီအမြန်သိမ်းပြီး အသီးသီးပြန်သွားတယ်” ဟု ၄င်းက ပြောသည်။

တပ်မဟာ (၃) နယ်မြေအား အစိုးရတပ် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ကေအိုင်အေ တပ်စခန်းအများ အပြား သိမ်းပိုက် သည့်နောက်ပိုင်း လက်သည်မပေါ်သောဗုံးများ ဆက်တိုက် ပေါက်နေကြောင်း၊ ယခုမေလ ဆန်းပိုင်း မှာပင်ဗုံး ၁၀ လုံး ထက်မနည်းပေါက်ကွဲခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန် ထိခိုက်ဒဏ်ရာ ရသူများမှာ ဒေသခံ ပြည်သူများသာဖြစ်ပြီး ဗုံးများထပ်မံပေါက်ကွဲမည်ကို ဒေသခံများ အထူးစိုးရိမ်မှုနေကြကြောင်း အမည်မဖော် လိုသူ ကုန်းခမ်းရွာသားတစ်ဦးက ပြောသည်။

“ဟိုတုံဈေးမှာ စိုင်းအောင်ညွှန့် ရဲ့သား စိုင်းအိုက်ကွမ်း မြက်ရိတ်နေတဲ့နေရာနားမှာ  ဗုံးပေါက်တာ။    ဗုံးဆံက သူရဲ့ပေါင်မှာထိတယ်၊ ဘယ်ဆေးရုံမှ မပို့လိုက်ရပါဘူး၊ ဒါပေမယ့် အာဏာပိုင် တွေလည်း လာရောက်ကူညီတာ  ကြည့်ရှုမေးမြန်းတာ မရှိဘူး။  ဒေသန္တာရဆေးမှူးနဲ့ဘဲ ကုနေရကြတယ် ” ဟု၎င်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဗုံးမကြာခဏ ပေါက်ကွဲသည့် သျှမ်း - ကချင် နယ်စပ်ဒေသတွင် အစိုးရ တပ်မ ၈၈ မှ ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ တပ်မဟာ ၃ ဒေသအား ထိုးစစ်ဆင်တိုက်ခိုက်သည့်နောက်ပိုင်း ဆက်တိုက် ပေါက်ကွဲခြင်းဖြစ်သည်။ ဒေသအတွင်း တိုင်းရင်းသားတပ်ဖွဲ့များဖြစ်သည့် ကချင် (KIA) သျှမ်း (SSA) ပလောင် (TNLA) တို့သွားလာလှုပ်ရှားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။