Friday, April 4, 2014

ယုံကြည်မှုအားနည်းသည့် ကိစ္စများရှိသော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်အား ရှေ့ဆက်သွားရန် ကေအိုင်အိုအဖွဲ့နှင့် တွေ့ဆုံစဉ် မစ္စတာနမ်ဘီးယား တိုက်တွန်း

(Eleven Media Group)



ယုံကြည်မှု အားနည်းသည့် ကိစ္စများရှိသော်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်အား ရှေ့ဆက်သွားရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဘီးယားက တိုက်တွန်းပြောကြား ခဲ့သည်ဟု ကေအိုင်အိုနှင့် ကုလအထူးကိုယ်စားလှယ်တို့ တွေ့ဆုံသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ဆိုသည်။


ကေအိုင်အိုအဖွဲ့နှင့် မစ္စတာဗီဂျေးနမ်ဘီးယားတို့သည် ဧပြီ  ၂ ရက်က ကေအိုင်အို အဖွဲ့၏ ဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာဒေသ၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် လာတာပါ။ ကေအိုင်အိုဥက္ကဋ္ဌ အပါအ၀င် ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ပါတယ်။ ကေအိုင်အိုဘက်ကတော့ ယုံကြည်မှု တည်ဆောက်တာနဲ့ အရင်က သဘောတူညီချက်တွေကို သဘောတူ အကောင်အထည်ဖော်တဲ့ နေရာမှာ အားနည်းနေတဲ့အကြောင်း အဲဒါကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို မြန်မြန်ဖြစ်စေချင်တဲ့ အကြောင်းတွေ ပြောတာရှိပါတယ်။ မစ္စတာနမ်ဘီးယား အနေနဲ့ကလည်း ယုံကြည်မှု အားနည်းနေတယ် ဆိုပေမယ့် ရှေ့ကိုဆက်သွားဖို့အတွက် တိုက်တွန်းတဲ့ စကားတွေ ပြောသွားပါတယ်” ဟု ၎င်းက ပြောကြားသည်။

မစ္စတာနမ်ဘီးယား၏  ယခုသွားရောက်ခဲ့သည့် လိုင်ဇာဒေသ ခရီးစဉ်မှာ ဒုတိယ အကြိမ်မြောက် ဖြစ်ကြောင်းနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များ ယခုကဲ့သို့ သွားရောက်ခြင်းမှာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထောက်အပံ့ ဖြစ်စေသည်ဟု ဦးဆန်းအောင်က ပြောကြားသည်။

“ဆွေးနွေးပွဲက ကောင်းပါတယ်။ သူတို့အနေနဲ့လည်း တောက်လျှောက်ပါဝင်မယ့် အကြောင်းတွေပြောတော့ ကေအိုင်အိုဘက်က အားရတာတွေရှိတယ်။ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်လည်း အထောက်အပံ့ ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးဆန်းအောင်က ဆိုသည်။      

ယခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း ကေအိုင်အိုအဖွဲ့ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားတို့ လိုင်ဇာဒေသ၌ပင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ အနေဖြင့် ကူညီပေးရန် ကေအိုင်အိုဘက်မှ တောင်းဆိုခဲ့ကြောင်း သိရသည်။

ကေအိုင်အို အဖွဲ့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မပြုလုပ်ရသေးသော်လည်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် အဖွဲ့ဝင်ဖြစ်ပြီး ကေအိုင်အိုအဖွဲ့၏ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်သည် လာမည့် ဧပြီ ၅ ရက် နှင့် ၆ ရက်များတွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် အစိုးရနှင့် NCCT တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။