Monday, April 21, 2014

ကေအိုင်အိုနယ်မြေတွင် ကုန်သွယ်ရန် လုံခြုံရေး ယူထားခြင်းဟုဆို

(Mizzima)

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ တွင် ဒေသတွင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုများ ပြန်လည်လုပ်ကိုင်နိုင်ရန် လုံခြုံရေး အခြေအနေ များကို ထိန်းချုပ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ပန်ခမ်းနယ်မြေအနီးတစ်ဝိုက် မန်စီမြို့နယ်တွင်း ဧပြီ ၁၀ ရက်မှ ၁၂ ရက်အထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ ကြောင့် မန်စီမြို့ နယ်တွင်းရှိ ပန်ခမ်းဒေသ၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-စိန်လုံ-လွယ်ဂျယ် ကားလမ်းပတ် လည်တစ်လျှောက်တွင် အစိုးရတပ်မတော်မှ ၀င်ရောက် ထိန်းချုပ်ထားသဖြင့် ကုန်စည် ကူးသန်းမှု၊ ရောင်းဝယ်မှုများ ပုံမှန်ပြန်လည် ဆောင်ရွက်နေပြီဟု ၎င်းက ပြောသည်။


တိုက်ပွဲများဖြစ်ပွားခဲ့သည့်ဒေသသည် တရုတ်နိုင်ငံ နယ်စပ်မျဉ်းနှင့် မီတာ ၄,၀၀၀ အထက် ကွာဝေးသည့် နေရာတွင် ရှိသော် လည်း နှစ်နိုင်ငံ သံတမန်ရေးရာကိစ်္စရပ်များ အပေါ် ထိခိုက်မှုမရှိဟုလည်း ဆိုသည်။

တိုက်ပွဲများကြောင့် ဒေသခံများ၏ လမ်းပန်းဆက်သွယ်ရေး၊ ဒေသတွင်း ကုန်သွယ်ရေးများနှင့် နယ်စပ် ကုန်သွယ်မှုများ ပြန်လည်ပြုလုပ်နိုင်ရန် အစိုးရတပ်မတော်မှ လုံခြုံရေးကို ထိန်းချုပ်ထားသည်ဟု ဧပြီ လ ၁၉ ရက်က ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။


ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံတို့အကြား ကျောက်စိမ်း ၊ အ၀တ်အထည်၊ ဆေးဝါး၊ ကုန်ကြမ်းပစ္စည်း စသည်တို့ အဓိက အပြန်အလှန် ကုန်သွယ်မှုပြုနေသည်ဟုလည်း ဗန်းမော်မြို့နယ်တွင် နေထိုင်သည့် ကုန်သည် ဦးဇော်စိုင်းက ပြောသည်။

“ကုန်သွယ်ရေးလုပ်ဖို့ ပြန်ပြီးလမ်းသွားရတာ အဆင်ပြေနေပြီ၊ ကျွန်တော်တော့ ပြန်သွားနေတယ်”ဟု ၎င်းက ပြောသည်။

ဗန်းမော်မြို့နယ်၊ မန်စီမြို့နယ်တွင်း၌လည်း ကုန်သွယ်မှုများ ပြန်လည်လုပ်ကိုင် နိုင်ပြီဖြစ်သည်ဟုလည်း ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက ဆိုသည်။

လက်ရှိဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများ ကြောင့် မန်ဝိုင်းကြီးကျေးရွာ စစ်ပြေးကယ်ဆယ်ရေးစခန်းတွင် လူပေါင်း ၃,၆၀၀ကျော် ခိုလှုံခဲ့ရပြီး စစ်ဘေးသင့်ပြည်သူ ၄,၀၀၀ ၀န်းကျင်အထိရှိကြောင်း ကချင်အရပ်ဘက် အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။