Friday, April 25, 2014

မြစ်ကြီးနားမြို့  ညအချိန်တွင် လုယက်မှု ပိုမို များပြားလာ။

(Kachin waves)

မြစ်ကြီးနားမြို့ တွင် လွန်ခဲ့သည့် ဧပြီ(၂၀)ရက်ညတွင် ရွှေလမ်းမ တံတားတွင် လူအုပ်စု(၈)ယောက်ဖြင့် ပစ္စည်များ လုယက်ကာ၊ဓား ဖြင့် ၀မ်းဗိုက်တွင် ထိုးသွားသောကြောင့် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“ရွှေလမ်းမကြီးတံတားကျော်တာနဲ့ လူ(၈)ယောက်လောက်က ကျွန်တော်တို့ စီးလာတဲ့ ဆိုင်ကယ်ကို ချက်ခြင်းကန်လှဲလိုက်ပြီး ပိုက်ဆံတောင်းတယ်။ဘာမှမပါဘူးပြောတော့ ငါတို့မှာဓားပါတယ် ဆိုပြီး ကျွန်တော့်ဗိုက်ထောက်လိုက်တော့ ဓားကဗိုက်ထဲထိုးမိသွားတယ်” ဟုအသက်(၁၉)နှစ်အရွယ် လုယက်ခံရသူ ကပြောသည်။

ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး ၀မ်းဗိုက်(၃)ချက်ချုပ်လိုက်ရကြောင်းနှင့် ဆရာဝန်များ ဆေးရုံမဆင်းခိုင်းသေးကြောင်းသိရသည်။
ဧပြီ(၂၀)ရက်နေ့တွင် တစ်နာရီသာ ခြားပြီး အဆိုပါနေရာနှင့် စီတာပူ ငွေပျော်ကောင်လမ်းတွင် လုယက်မှု နှစ်နေရာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငွေပျော်ကောင်လမ်းတွင် လုယက်ခံရသူမှာ ၀ိုင်းဝန်ထိုးကြိတ်ခံရပြီး လက်ကိုင်ဖုန်းလုယက်ခံရကြောင်း ၄င်းက “ကျွန်တော့်မှာ ဘာမှမပါတော့ ရှိတဲ့ ဖုန်းလုပြီး ကျွန်တော့်ကို သတ်မယ်ဆိုပြီး နောက်စေ့မှာ ဓားနဲ့ ထောက်နေတဲ့အချိန် ဆိုင်ကယ်တစ်စီးလာနဲ့ အဲဒီဆိုင်ကယ်ကို ပြန်လုဖို့ သူတို့သွားတဲ့အချိန် ကျွန်တော် ထွက်ပြေးခဲ့ရတယ်” ဟုပြောသည်။

မူယစ်ဆေးစွဲနေသူများနှင့် ဆယ်ကျော်သက် ကလေးများဖြစ်ကြောင်း နှင့် ညအချိန် လုယက်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာသည်ဟု မြစ်ကြီးနားမြို့  အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖမ်းဆီးခံထားရသူတစ်ဦးက “ သူတို့က အချိန်မတော်လျှောက်သွားနေတော့ အရက်မူးနေတဲ့ ကျွန်တော်တို့ က ပိုက်ဆံလိုချက်နေတာနဲ့ လုပ်လိုက်မိတာ။ဒါပေမဲ့ နောက်တော့ သူတို့ကို ပြန်သနားတယ်” ဟု လုယက်မှု ကျူးလွန် ရခြင်းကိုပြောသည်။

အသက်(၁၅)နှစ်အရွယ် ကျူးလွန်သူနှစ်ဦးကိုဖမ်းဆီး ထိန်သိမ်းထားသော်လည် လုယက်မှုများ ကျူးလွန်သည့် သူများကို ဖမ်းဆီးပေးရုံကလွဲပြီး ပြည်သူများအတွက် လုံခြုံရေးယူပေးရန်နှင့် အခြားကိစ္စများ ဆောင်ရွက်ပေးရန်အတွက် ရဲစခန်းများတွင်လည်း လူအင်အားမရှိသည့် အခက်အခဲရှိနေကြောင်း စခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။