Wednesday, March 26, 2014

ပဋိပက္ခဒေသကို လေ့လာရန် The Elders အဖွဲ့ ကချင်ပြည်နယ် ရောက်

(Mizzima)

ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာများကို ဆောင်ရွက်ပေးသည့် အင်္ဂလန်နိုင်ငံအခြေစိုက် ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ (The Elders) အဖွဲ့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့  မတ်လ ၂၆ရက်တွင် သွားရောက်ခဲ့ပြီး ပဋိပက္ခဒေသရှိ အခြေခံလူတန်းစားများနှင့် တိုင်းရင်းသားများကို လေ့လာလို၍ လာရောက်ခြင်းဖြစ်သည်ဟု The Elders ၏  သတင်းထုတ်ပြန်ရေး ပြောရေးဆိုခွင့်ရှိသူ ကိုစိုးသူထွန်းက မဇ္ဈိမကို ပြောသည်။

 
“ပထမခရီးစဉ်တုန်းက အခြေခံလူတန်းစားတွေ၊ တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းတွေ အပါအဝင် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းက ပိုမိုကျယ်ပြန့်တဲ့ အလွှာပေါင်းစုံ၊ လူပေါင်းစုံနဲ့ တွေ့ဆုံလိုတယ်၊ အဲ့ဒါကြောင့်ပါ ကချင်ပြည်နယ်ကို ရွေးချယ်လိုက်တာပါ” ဟု ကိုစိုးသူထွန်းက ပြောသည်။

The Elders အဖွဲ့အနေဖြင့်  မြန်မာနိုင်ငံ၏ ပွင့်လင်းကာစ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း၊ အကြံဥာဏ်ပေးခြင်းတို့ကို ဆောင်ရွက်ရန် စီစဉ်ထားပြီး လတ်တလော ဖြစ်ပျက်ပြောင်းလဲလာသည့် နိုင်ငံတွင်းစီးပွားရေး တရားမျှတမှု၏ အကျိုးရလာဒ်နှင့် ဆိုင်သည့် အချက်တို့ကိုလည်း မီးမောင်းထိုးပြလိုသည်ဟု The Elders ၏ သတင်းပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။

The Elders အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ပြီး နံနက် ၉နာရီတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်လဂျွန်ငန်ဆိုင်းနှင့် အစိုးရအဖွဲ့ရုံးတွင် တစ်နာရီကြာ တွေ့ဆုံခဲ့သည်။

“ကျွန်တို့ကို အစိုးရဝန်ကြီးချုပ်နဲ့ တွေ့ဆုံတာတော့ ရှိတယ်။ ကျန်တဲ့ဥစ္စာ သူတို့ ဘယ်သွားတယ်။ 
ဘယ်လာတယ်ဆိုတာ သူတို့ ဖာသာသူတို့ လွတ်လပ်စွာပါပဲခင်ဗျာ"ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ သို့သော် ထိုသို့တွေ့ဆုံစဉ် ဆွေးနွေး ခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ၎င်းကဖြေကြားခြင်းမရှိပေ။

The Elders အဖွဲ့ကလည်း ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို သောကြာနေ့မှပင် ထုတ်ပြန်မည်ဟု မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့သည့် The Elders အဖွဲ့သည် ကချင်ပြည်နယ်၏ ပဋိပက္ခအခြေအနေများနှင့် အခြေခံ လူတန်းစားများအကြောင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍများကို သိရှိရန် ကချင်လူမှုရေးအဖွဲ့များနှင့်လည်း မြစ်ကြီးနားမြို့ Palm Spring Resort တွင် တွေ့ဆုံခဲ့သေးသည်။

“ကျွန်မတို့ကတော့ အမျိုးသမီးအဖွဲ့အနေနဲ့ တွေ့တာပါ။ နောက်နိုင်ငံရေးစိတ်ဝင်စားသူ၊ သူတို့ကတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မေးပါတယ်။ ဘယ်လိုအခက်အခဲတွေ ရှိလဲဆိုတာတွေမေးတော့ ကျွန်မတို့လည်း အဲဒါတွေ ဆွေးနွေးတယ်။ နောက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဖြစ်လိုဖြစ်နေတာလဲ။ အဲဒီအပေါ်မှာ ယုံကြည်မှု ရှိရဲ့လား။ အခက်အခဲတွေ ရှိရင် ဘယ်လို ကျော်လွှားဖို့ မြင်သလဲ ဆိုတာတွေ ဆွေးနွေးတယ်"ဟု ကချင်အမျိုးသမီးစည်းအရုံးမှ တာဝန်ခံ မဂျာဆိုင်းခေါန်က မဇ္ဈိမကို ပြောသည်။

The Elders အဖွဲ့၏ ဒုဥက္ကဋ္ဌဟောင်း (ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်) နော်ဝေဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ် ဘရန့်တ်လန်းနှင့် ဖင်လန်နိုင်ငံသမ္မတဟောင်းနှင့် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မာတီအာတီဆရာရီတို့သည် မတ်လ ၂၄ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်နှစ်ရပ်မှ တာဝန်ရှိသူများနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

The Elders အနေဖြင့် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက်တွင် သုံးရက်တာခရီး  လာရောက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံခရီးစဉ် အပြီးတွင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ကို သွားရောက်ပြီး မြန်မာပြည်တွင်း နှစ်ပေါင်း ၆၀ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် အဓိကနစ်နာခဲ့ရသည့် တိုင်းရင်းသားများကို အကူအညီပေးနေသူများနှင့် တွေ့ဆုံမည်ဟု ထုတ်ပြန်ထားသည်။

The Elders အဖွဲ့သည် ၂၀၁၃ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း ပြည်သူများ၏ အသံကို နားထောင်ရန် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်မှ အကြီးအကဲများ၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့နှင့်လည်း နေပြည်တော်၌ တွေ့ဆုံ ခဲ့သေးသည်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် လွတ်လပ်သော ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးအတွက် ဆောက်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။