Tuesday, March 18, 2014

ကျေးရွာအုပ်ချုပ်ရေးမှူးမှ သဲကျောက်ထုတ်လုပ်ရေး အမည်ခံပြီး စက်ယန္တယားဖြင့် တရားမဝင်ရွှေတူး

(Kachin Waves)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နှင့် အာလမ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ မြစ်ကြီးနားမြို့နှင့် ၁၁ မိုင်အကွာ အာလမ်ကျေးရွာအုပ်စု လမုန်ဇွပ် ကျေးရွာအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ၎င်းမှ သဲကျောက်ထုတ်လုပ်ခွင့် ရရှိထားသော လုပ်ကွက်မြေပေါ်တွင် သဲကျောက်ထုတ်လုပ်သည်ဟုအမည်ခံကာ စက်ယန္တရားဖြင့် တရားမဝင်ရွှေတူးဖော်လျက်ရှိကြောင်း လမုန့်ဇွပ်ကျေးရွာ ဒေသခံများထံမှ သတင်းရရှိသည်။


အာလမ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလာမာတားမှာ လမုန့်ဇွပ်ကျေးရွာအတွင်း ဧရာဝတီမြစ်ကမ်းဘေး တစ်လျောက်တွင် သဲကျောက် ထုတ်လုပ်ရန်အတွက် လုပ်ကိုင်ခွင့်ရရှိထားရာ အမှန်တကယ် သဲကျောက်ထုတ်လုပ်ခြင်းမရှိဘဲ မြေတူးစက် (ဘက်ဟိုး) ဖြင့် တရားမဝင် ရွှေတူးဖော်မှု လုပ်ကိုင်နေကြောင်း လမုန့်ဇွပ် ကျေးရွာ ဒေသခံတစ်ဦးမှ ပြောကြားသည်။

" ဦးလာမာတားက မနှစ်ကတည်းက လုပ်နေတာ။ သူများတွေ ရွှေတူးရင်တော့ ဖမ်းတယ်။ သူကျတော့ ဒီနေရာအကုန်လုံးကို လုပ်ကွက်ယူထားပြီး သဲကျောက်ထုတ်တယ်ဆိုပြီး ရွှေတူးတယ်။ ရဲက ဘယ်နှစ်ခါလာဖမ်းလည်း သူ့စက်တွေက မဖမ်းမိဘူး။ ကြိုတင်သတင်းရတာနေမှာပေါ့။ သူက စည်ပင်ဝန်ကြီးနဲ့လည်း အရမ်းခင်တယ်လေ။ ဘယ်တော့မှ အဖမ်းမခံရဘူး။ သူများတွေကိုကျတော့ လက်ထိပ်တောင် ခတ်ပြီးဖမ်းတယ်။ ရွေတူးတာကို ဒေသခံတွေက သဘောမတူလဲ ဘာမှ မတတ်နိုင်ဘူး။ နောက်ဆိုရင် ကမ်းပါး ရေတိုက်စားပြီး ရွာအနားကို ရေရောက်လာမှာ စိုးရိမ်ရတယ်။ "ဟု အဆိုပါ လမုန့်ဇွပ်ရွာသားမှ ဆိုပါသည်။

အဆိုပါ သဲကျောက်ထုတ်လုပ်ခွင့် ရရှိထားသည့် လမုန့်ဇွပ်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးတွင် အုပ်ချုပ်ရေးမှူး ဦးလာမာတားမှ ဘတ်ဟိုးတစ်စီးနှင့် ရွေကျင်သည့် စက်ဆိုင်း ၄ ဆိုင်းကို အသုံးပြုကာ ရွှေတူးဖော်လျက်ရှိကြောင်းကို ယင်းရွှေတူးဖော်သည့် နေရာတွင် ဦးစီးလုပ်ကိုင်လျက်ရှိသူ အင်္ကျီအဖြူဝတ်ဆင်ထားသည့် အသက် ၅၀ ကျော်ခန့်ရှိ လီဆူအမျိုးသားကြီး တစ်ဦးက မတ်လ ၁၈ ရက်နေ့ ပြောကြားသည်။

" လောပန်းကတော့ အုပ်ချုပ်ရေမှူး ဦးလာမာတားပါ။ ဘတ်ဟိုးနဲ့ ရွှေကြောနှိုက်နေတာ။ အရင်နေ့ကတော့ ရွေး ၆၀ လောက်ဘဲရတယ်။ တစ်ရက်ကို ၁၀၀ ကျော်လောက်ရမှ အဆင်ပြေတယ်။ ဒီမှာ ရွေကျင်မယ်ဆိုရင်တော့ လောပန်း ဦးလာမာတားကို ပြောရမယ်။ " ဟု ၎င်းက ဆိုသည်။

သဲနှင့် သဲကျောက် ထုတ်လုပ်ခွင့်အတွက် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ကိုင်ခွင့် လိုင်စင်ချထားပေးရာတွင် မြစ်နှင့် ပေ ၃၀၀ အတွင်း ကျောက်ထုတ်လုပ်ခြင်း၊ အုတ်ဖုတ်ခြင်းနှင့် အခြားသတ္ထုတူးဖော်ခြင်းများကို မပြုလုပ်ရန်၊ ထုတ်လုပ်ခွင့်ရသည့် မြေနေရာတွင် လိုင်စင်ပါ ခွင့်ပြုထားသော မြေနှင့် မြေထွက်ပစ္စည်း (သဲ၊ သဲကျောက်) မှအပ အခြား လုပ်ငန်းများကို လုံးဝဆောင်ရွက်မပြုရန် စသည့် စည်းကမ်းချက်များကို ချမှတ်ထားသည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးမှ သဲကျောက်ထုတ်လုပ်ခြင်းနှင့် အတူ စက်ယန္တယားဖြင့် တရားမဝင်ရွှေတူးဖော်နေမှုကို စစ်ဆေးကာ လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ရုံးမှ သိရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။