Saturday, March 1, 2014

ပူတာအိုမြို့ နယ် သန်းခေါင်စာရင်းကောက်ခံမည့် ရက်ရွေ့ဆိုင်း။

(Kachinwaves)

ကချင်ပြည်နယ် ပူတာအိုမြို့ နယ်တွင် ၂၀၁၄ ခုနစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံရာတွင် သန်းခေါင်စာရင်းဗဟိုကော်မတီမှ နေမြေဒေသအခြေအနေကြောင့် လာမည့် မတ်လ(၁)ရက်နေ့တွင် ကြိုတင်သန်းခေါင် စာရင်းကောက်ခံရန် သတ်မှတ်ထားသော်လည်း မကောက်ဖြစ်ကြောင်း ပူတာအိုဒေသခံ တစ်ဦးကပြောသည်။

၎င်းက “ရက်ရွေ့လိုက်တယ် ဆိုတာဘဲကြားတယ်၊ ဘာကြောင့် ရွေ့ဆိုင်းတယ်ဆိုတာ လ၀က နဲ့လည်းအဆက် အသွယ်မရသေးဘူးဆိုတော့ အတိအကျ မသိသေးဘူး”ဟုပြောသည်။


ပူတာအိုမြို့ နယ်တွင် ဝေးလံခေါင်းဖျားသည့် နေရာဒေသများရှိနေသည့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိသည့် အတွက် အထူးဒေသအဖြစ် သတ်မှတ်ကာ မတ်လ(၁)ရက်နေ့တွင် စတင်ကောက်ခံရန် စီစဉ်ထားသော်လည်း ကောက်ခံမည့် ရက်ကို ရွေ့ဆိုင်းလိုက်ကြောင်း ပြောသည်။

သို့သော်လည်း ပူတာအိုရှိ ပြည်သူများကို မတ်လ(၁)ရက်နေ့တွင် သန်းခေါင်စာရင်းကောက် ခံမည်မှာ မသေချာသော်လည်း အဆင်သင့်ပြင်ဆင်မှုများပြုလုပ်ထားရန် လိုအပ်ကြောင်း ပူတာအိုမြို့ ရှိဒေသခံ တစ်ဦးက “ ရက်ရွေ့တာတော့သေချာသွားပြီး ဒါပေမဲ့ အဆင်သင့် ပြင်ထားဖို့ လိုတယ်လို့လည်း ကြားရတယ်” ဟုပြောသည်။

မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်သူ့အင်အားဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က “မကောက်ဖြစ်တာတော့ မဟုတ်ဘူး။သူတို့ ဒေသခံအာဏာပိုင်တွေအနေနဲ့ သူတို့ စီစဉ်စရာရှိတာတွေ စီစဉ်နေတယ် ဆိုပြီး လုပ်နေကြတယ်” ဟုပြောသည်။

ပူတာအိုတွင် မတ်(၁)ရက်နေ့တွင် ကောက်ခံမည့် သန်းခေါင်စာရင်းကိစ္စနှင့် သန်းခေါင်စာရင်းကောက်ခံမည့် စာရင်းစစ် ဆရာ၊ဆရာမ များကို သင်တန်းပေခြင်းများ ပြုလုပ်ပြီးစီးသွားပြီဖြစ်ကြောင်း မချမ်းဘောမြို့ နယ် မှ ဒုမြို့ နယ်အုပ်ချုပ်ရေးမှူးကပြောသည်။

ပြည်ထောင်စုအစိုးရမှညွန်ကြားမှုကြောင့် မတ်(၁)ရက်နေ့တွင် သန်းခေါင်စာရင်း မကောက်ဖြစ်ကြောင်းကို ပူတာအိုမြို့ နယ်အုပ်ချုပ်ရေးမှူးက “ ညွန်ကြားချက် တစ်စုံတစ်ရာ မပြန်အချင်း မတတ်ရဘူးလို့ပြောတယ် အဲဒါကြောင့်မို့ မကောက်ခိုင်းတာ၊ ပြည်ထာင်စုအစိုးရအဖွဲ့ကနေ ညွန်ကြားတာ” ဟုပြောသည်။

ကချင်ပြည်နယ်ရှိ ကျန်သည့့် မြို့ နယ်များတွင် မတ်လ(၃၀)ရက်မှ ဧပြီလ (၁၀)ရက်နေ့အထိကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် ပူတာအိုတွင်လည်း တစ်ခြားမြို့ များနှင့်အတူ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံတွင် သန်းခေါင်စားရင်ကို ၁၉၈၃ ခုနစ်တွင်နောက်ဆုံးအကြိမ် ကောက်ယူခဲ့ပြီး သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည်မှာ နှစ်ပေါင်း(၃၀)ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုမှ ရရှိသည့် သတင်းအချက်အလက်များကို မြန်မာနိုင်ငံ၏ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး၊ လက်ရှိနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတတ်မှု အစီအစဉ်များနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့အတွက် များစွားအထာက်အကူဖြစ်မည် ဖြစ်သောကြောင့် သန်းခေါင်စာရင်း ကောက်ရခြင်းဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ထုတ်ဝေသည့် စာအုပ်ငယ်တွင် ဖော်ပြထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။