Monday, March 10, 2014

ကချင် ကျောက်မျက်အချောထည်ဈေး ဧပြီလကုန်မှသာ ဖွင့်လှစ်နိုင်မည်

(Mizzima)

ကုန်ချောထုတ်လုပ်ရန် အခက်အခဲ များစွာရှိနေခြင်းကြောင့် ကချင်ပြည်နယ်မှ ကျောက်မျက် အချောထည် ဈေးကို ဧပြီလကုန်ပိုင်းမှသာ စတင်ဖွင့်လှစ်နိုင်မည်ဟုကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးသောင်းကြည်က မတ်လ ၆ ရက်တွင် မဇ်္ဈိမကို ပြောကြားလိုက်သည်။

အဆိုပါ ကျောက်မျက်အချောထည် ဈေးမှာ တည်ဆောက်မှုပိုင်းတွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်သည်ဟု ယင်းက ပြောသည်။ ဦးသောင်းကြည်က “ဧပြီလကုန်မှာတော့ တကယ် ဖွင့်လှစ်နိုင်တော့မှာပါ။ ပြခန်း လုပ်ငန်းရှင်တွေအနေနဲ့ ဈေးမှာ တင်သွင်းရောင်းချမဲ့ ကုန်ချောတွေကို ထုတ်ဖို့ ကုန်ကြမ်းရရှိမှုက လေလံ အောင်တဲ့ ကျောက်မျက်တွေကိုပဲ အဓိကထားနေရတော့ ဖွင့်လှစ်ဖို့ မှန်းထားတဲ့အချိန်ထက် နောက်ကျနေ တာပါ” ဟုပြောသည်။


လက်ရှိတွင် ကျောက်မျက်သယ်ယူပို့ဆောင်ရေးဆိုင်ရာ မူဝါဒ သတ်မှတ်ချက်များအရ ကချင်ပြည်နယ် ဖားကန့်ဒေသထွက် ကျောက်မျက်များကို မြစ်ကြီးနားသို့ သယ်ယူခွင့်မရှိဘဲ နေပြည်တော်နှင့် မန္တလေး မြို့များကိုသာ သယ်ယူခွင့်ပေးထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ မြစ်ကြီးနား ကျောက်မျက်ဈေးတွင် အချော ထည်အဖြစ် ထုတ်လုပ်ရောင်းချမည့် ကျောက်မျက်များကို မန္တလေးကျောက်မျက်ဈေးနှင့် နေပြည်တော် ကျောက်မျက်ပြပွဲများမှတစ်ဆင့် ပြန်လည် ၀ယ်ယူစုဆောင်းနေရခြင်း ဖြစ်သည်ဟု ယင်းက ဆက်လက် ပြောသည်။

ထို့အပြင် ကျောက်မျက်ကုန်ချော အဖြစ်ထုတ်လုပ်ရောင်းချသည့် အခွန်နှုန်းထားများကို ကျောက်မျက်အရိုင်း တုံးများ ထုတ်လုပ်ရောင်းချသော အခွန်နှုန်းထားထက် သုံးဆခန့် ပိုမိုကောက်ခံခြင်းကြောင့် လုပ်ငန်းငန်း ရှင်များအနေဖြင့် ကုန်ချောထုတ်လုပ်ရန် အခက်အခဲများစွာရှိသည်ဟု ဦးသောင်းကြည်က ပြောသည်။

ယင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတေဇကလည်း “ကျောက် မျက်ကုန်ကြမ်း ရောင်းချတဲ့အခွန်ကို ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ကုန်ချောအဖြစ် ထုတ်လုပ်တဲ့ အခွန်ကိုတော့ ၃၃ ရာခိုင်နှုန်းအထိ ကောက်တဲ့အတွက် ကုန်ချောထုတ်လုပ်ဖို့ လုပ်ငန်းရှင်တွေမှာ အများ ကြီး အခက်အခဲရှိပါတယ်” ဟု ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် နိုင်ငံတော်သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံစဉ် သမ္မထံ တင်ပြထားသည်။

ကျောက်မျက်အချောထည်ဈေး ဖွင့်လှစ်နိုင်ခြင်းသည် ပြည်တွင်း၌ ကုန်ချောထုတ်လုပ်မည့် လုပ်ငန်းများမှ ဒေသခံများအတွက် အလုပ်အကိုင်  အခွင့်အလမ်းများရရှိခြင်းနှင့် အချောထည်ရောင်းချခြင်းက ဈေးနှုန်းပိုမို ရရှိသဖြင့် နိုင်ငံတော်ဝင်ငွေ ပိုမိုရရှိခြင်းများကို နောက်ဆက်တွဲ အကျိုးများအဖြစ် ခံစားရနိုင်သည်ဟု ဦးသောင်းကြည်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကျောက်မျက်အချောထည်ထုတ်လုပ်ခြင်းကို လက်လီလုပ်ငန်းများအနေဖြင့်သာ ဆောင်ရွက်နိုင်သေးခြင်းဖြစ်ပြီး အကြီးစားလုပ်ငန်းများအဖြစ် ဆောင်ရွက်ရန်မှာ ရင်းနှီးမြှုပ်နှံမှု ငွေကြေး အခက်အခဲ ၊ နည်းပညာနှင့် နိုင်ငံ တော်မှသတ်မှတ်ထားသော ကျောက်မျက် လုပ်ငန်းနှင့်သက်ဆိုင်သည့် အခွန်နှုန်းထား မူဝါဒ ၊ ကုန်ကြမ်းသယ်ယူပို့ဆောင်ရေး မူဝါဒများကဲ့သို့သော အခက်အခဲများစွာ
ရှိနေသည် ဟု ကျောက်မျက်လုပ်ငန်းရှင်များက ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။