Tuesday, March 18, 2014

ဗိုလ်ချုပ်ဂွန်မော် ချင်းမိုင်မြို့တွင် ဆေးကုသမှုခံယူနေ

ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆေးဝါး ကုသမှု ခံယူ နေရကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တွဲ ဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ဗိုလ်ချုပ်ဂွန်မော်သည် ပြီးခဲ့သည့် တစ်လခန့်ကပင် ချင်းမိုင်မြို့တွင် ရောက်ရှိနေပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူနေသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာကဆိုသည်။
         


‘‘ဆရာဝန်ရဲ့ စောင့်ရှောက်မှုအောက်မှာ ပုံမှန်လုပ်ဆောင်နေတဲ့ အခြေအနေပါ။ အကြီးအကျယ်တော့ မဟုတ်ပါဘူး’’ ဟု ပြောသည်။
         
ယင်းကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဂွန်မော်သည် လိုင်ဇာမှထွက်ခွာစဉ် ပုံမှန်ကျန်းမာရေး အခြေအနေ အတိုင်းဖြစ်ပြီး အလုပ်များ၍ ပင်ပန်းကာ အားနည်းသည်ဟု ထင်မြင်ကြောင်း ကေအိုင်အေထိပ်တန်းအရာရှိ တစ်ဦးကပြောသည်။
         
ဆေးဝါးစောင့်ရှောက်မှုခံယူနေသော ကေအိုင်အေဒုတိယစစ်ဦးစီးချုပ်သည် ချင်းမိုင်မြို့တွင် မတ်လ ၁၉ ရက်၌ ပြုလုပ်မည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။
         
‘‘သူက အဓိကပါ။ ရန်ကုန်မှာ အစိုးရနဲ့တွေ့တုန်းက သူ မပါဘူး။ ရန်ကုန်သွားခဲ့တဲ့သူတွေက မပါတဲ့သူကို အဓိကရှင်းပြရမှာပါ။ NCCT အဖွဲ့ဝင် ၁၆ ယောက်စလုံး တက်မှာပါ’’ဟု  ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။
         
မတ်လ ၉ ရက်မှ စတင်၍ နိုင်ဟံသာဦးဆောင်သော NCCT နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့တွင် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲသို့ NCCT ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွန်မော် တက်ရောက်နိုင်ခြင်း မရှိပေ။

Author: အောင်ခိုင် / မရန်
7day Daily

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။