Friday, March 14, 2014

သန်းခေါင်စာရင်းကြောင့် ပယင်းမှော်ပိတ်။

(Kachinwaves)

ကချင်ပြည်နယ် တနိုင်းမြို့ နယ်ရှိ ကချင်လွှတ်မြောက်ရေးအဖွဲ့  (ကေအိုင်အို) ထိန်းချုပ်နေမြေဒေသတွင်ရှိနေသော ပယင်းမှော်များတွင် လုပ်ကိုင်နေကြသည့်သူများကို သန်းခေါင်စာရင်းထည့်ရန် မိမိနေရပ်သို့ မတ်လဆန်းပိုင်းမှစတင်ကာ ပြန်ခိုင်းနေပြီဖြစ်ကြောင်း တနိုင်းဒေသခံကိုနော်ဆိုင်းက ပြောသည်။

တနိုင်းဒေသခံ ကိုနော်ဆိုင်းက “မှော်မှာလုပ်ငန်းလုပ်နေတဲ့သူတွေ ကိုယ်ရဲ့ နေရပ်ကို ပြန်ပြီး သန်းခေါင်စာရင်းထည့်ဖို့ပြောတဲ့အတွက် ပယင်းမှော်မှာ လုပ်နေတဲ့သူတွေ အကုန်လုံးနီးပါ ပြန်ကြပြီ” ဟု ပြောသည်။


အဆိုပါမှော်များသည် ကချင်လွှတ်မြောက်ရေးအဖွဲ့  (ကေအိုင်အို) ထိန်းချုပ်နေမြေဒေသတွင်ရှိပြီး ကေအိုင်အိုဘက်မှ သန်းခေါင်းစာရင်းထည့် ရန်မိမိနေရပ်သို့ပြန်ဖို့ရန် အမိန့်ကြေငြာစာများကို စာရွက်များတွင်ရေးသားပြီး မော်နေရာ အနှံအပြားတွင် လိုက်လံ ကပ်ထားကာ ပြန်ခိုင်းခြင်း ဖြစ်ကြောင်း ပယင်းမှော်မှ ပြန်လာသူ တစ်ဦးက ပြောသည်။

“သူတို့ကပြောတယ် သန်းခေါင်စာရင်းပြန်ထည့်ပြီးမှ ပြန်လာပါလို့ ပြောတယ်” ဟု၎င်းကဆိုသည်။

တနိုင်းမြို့ နယ်ရှိ ပယင်းမှော်များမှာ ညောင်ပင်ကုန်း၊ဇီးဖြူကုန်း၊ဖားအိုင်၊ပိန္နဲကုန်း၊အောင်ဘာ မှော်နှင့် စုစုပေါင်း ပယင်းမှော်(၇)ခုခန့်ရှိကြောင်း၊အဆိုပါ ပယင်းမှော်တွင် လုပ်ကိုင်နေသူများမှာ မြန်မာနိုင်ငံနေရာ အနှံအပြားမှ လာရောက်လုပ်ကိုင်နေသူများဖြစ်ကြောင်းပြောသည်။

ကေအိုင်အေဘက်မှလည်း “ကျွန်တော်တို့ရ တဲ့သတင်းအချက်အလက်ကတော့ သန်းခေါင်စာရင်း ထည့်ဖို့ မှော်မှာရှိတဲ့သူတွေကို ပြန်ခိုင်းတယ် လို့ဘဲသိထားပါတယ်” ဟုပြောသည်။ကေအိုင်အေ ထိန်းချုပ်နေရာဒေသ များတွင် သန်းခေါင်စာရင်းကောက်ခံမှု မပြုလုပ်ကြောင်းပြောသည်။

အဆိုပါ ပယင်းမှော်တွင် ပယင်းတူးဖော်ခြင်း၊ဈေးရောင်းခြင်း၊ပယင်းလာရောက် ၀ယ်ယူသူများ စုစုပေါင်း (၂)သိန်းခန့်ရှိကြောင်းလည်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရခြင်းသည် နိုင်ငံတော်၏ ဖွံ့ဖြိုးရေးမူဝါဒများ ချမှတ်နိုင်ဖို့အတွက် ရည်ရွယ်ချက်ဖြင့် ကောက်ယူနေသော်လည်း ကချင်ပြည်နယ်တွင် အစိုးရမှ သတ်မှတ်ထားသည့် လူမျိုးကုတ်သင်္ကေတများ မှားယွင်းနေသည့် အတွက် ပြည်သူများကြား ရှုတ်ထွေးမှု များစွာရှိနေကြောင်း ကချင်ပြည်နယ်လူမှုအခြပြုအဖွဲ့ အစည်းများက ထောက်ပြပြောထားပြီး မှားယွင်းနေသည့်မေးခွန်းပုံစံအတိုင်းသာ ဆက်လက်အသုံးပြုကောက်ခံခြင်းနှင့် ဒေသအားလုံးခြုံငုံမှုမရှိဘဲ ကောက်ခံခြင်း တို့ကြောင့် ရရှိလာသော ကိန်းဂဏန်း၊အချက်အလက်များအားယုံကြည်မှု မရှိသည်သာမက အသိအမှတ်မပြုကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို လာမည့် မတ်လ(၃၀)မှ စတင်ကာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ကောက်ယူမည်ဖြစ်ပြီး အဆိုပါ သန်းခေါင်စာရင်း ရလဒ်အကြမ်းဖျင်းကို ၂၀၁၄ သြဂုတ်လတွင် ကြေငြာသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။