Thursday, February 20, 2014

ကချင်လူငယ်များညီလာခံ ပြုလုပ်မည်

(Mizzima)

ကချင်ပြည်နယ်အတွင်းရှိ လူငယ်များ စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းရေး ရရှိစေရန်အတွက် မနက်ဖြန် ဖေဖော်ရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်လူငယ်များ ညီလာခံကို ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မကြာမီက ဖွဲ့စည်းခဲ့ထားသော ကချင်ပြည်နယ် လူငယ်ကွန်ယက်မှ ဦးဆောင်၍ ကချင်ပြည်နယ် လူငယ်ညီလာခံကို “တူညီသော လူငယ့်အသံမှ ငြိမ်းချမ်းသော အနာဂတ်ဆီ”ဆိုသော ခေါင်းစဉ်ဖြင့် ကျင်းပမည် ဖြစ်ကြောင်း ကချင်ပြည်နယ်လူငယ်ကွန်ယက်၏ ဥက္ကဌ ကိုဂျာရုံက ပြောသည်။


“လူမျိုးမတူ၊ ဘာသာမတူတဲ့လူငယ်တွေက အတူတကွ စည်းစည်းလုံးလုံးနေထိုင်ပြီး နိုင်ငံ့အကျိုး၊ ပြည်နယ်ရဲ့အကျိုး ကျနော်တို့ လူငယ်ကဏ္ဍအနေနဲ့ ဘယ်လိုပါဝင်သွားမယ်။ မတူတာကို တူအောင် လူငယ်အသံတွေ စုပြီး တူအောင်လုပ်မယ်ဆိုတဲ့ အလေ့အထ၊ အကျင့်လေးတွေ ရဖို့၊ ပြည်နယ်မှာလက်ရှိ လူငယ်ကဏ္ဍကနေ ဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လို ဝိုင်းဝန်းအဖြေရှာသွားမလဲဆိုတာကို အဖြေရှာနိုင်ဖို့ ရည်ရွယ်ထားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

 “လူငယ်နှင့် ပတ်ဝန်းကျင်၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နဲ့ အခုလက်ရှိဖြစ်နေတဲ့ ပြဿနာပေါ့ လူငယ်တွေ အလုပ်လက်မဲ့ဖြစ်နေတာတွေကို ဖြေရှင်းမယ်။ ပြီးတော့ လူငယ်နဲ့ ငြိမ်းချမ်းရေး၊ လူငယ်နဲ့ လူ့အခွင့်အရေးတွေပါတယ်”ဟု သူက ဆက်ပြောသည်။

အဓိက ကချင်ပြည်နယ်အတွင်းရှိ လူမျိုးဘာသာပေါင်းစုံမှ လူငယ်များ အချင်းချင်း ချစ်ခင်ရင်းနှီးမှု တည်ဆောက်နိုင်ရန်၊ လူငယ်များအမည် သဘောဆန္ဒများအား စုစည်း ဖော်ထုတ်နိုင်ရန်၊ လူငယ်များမှ မိမိဒေသတွင် ကြုံတွေ့နေရသော အခက်အခဲ ပြသနာများအား ဝိုင်းဝန်း အဖြေ ရှာတတ်သော အလေ့အကျင့်များ ရှိလာစေရန်၊ ကချင်ပြည်နယ် လူငယ်ဖော်ရမ်မှ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ် ဖော်ရမ်သို့ တက်ရောက်ပြီး တိုင်းနှင့် ပြည်နယ်အသီးသီးရှိ လူငယ်များနှင့်ပူးပေါင်း လုပ်ကိုင်လာနိုင်ရန် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။