Monday, February 3, 2014

ငြိမ်းချမ်းရေးစစ်တမ်း (၃) ဧကဒဿမပိုင်း လူထုပါဝင်ခွင့်အခြေခံမှ ငြိမ်းချမ်းရေးကို ချဉ်းကပ်ခြင်း

(Aung Htoo)

"တိုင်းရင်းသားပေါင်းစုံ လူထုတရပ်လုံး ပါဝင်ခွင့်ရစေရေး အခြေခံမှ ငြိမ်းချမ်းရေးကို ချဉ်းကပ်ခြင်း"

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် "အားလုံးပါဝင်ရေး" ဟူသည်ကို အစိုးရဘက်ကရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဘက်ကပါ သဘောတူကြကြောင်းကြားရသည်။ ဤသည်မှာ သတင်းကောင်းပင်။ သို့ ရာတွင် လက်တွေ့အရ "အားလုံးပါဝင်ရေး" ဟူသည်မှာ မည်သည့်အရာမှန်းအတိအကျ မသိရပါ။ မည်သို့ပါဝင်ကြမည် ဟူသည်ကိုလည်း မှန်းဆ၍ မရပါ။ ၁၉၉၃ ခုနှစ်က ကျင်းပသွားခဲ့သည့် အမျိုးသားညီလာခံတွင် ပါဝင်မှုမျိုး မဖြစ်သင့် တော့ပါ။ စစ်အစိုးရက ၄င်းမွေးမြူထားသည့် အင်အားစုများအား ဟိုအဖွဲ့သည်အဖွဲ့အမည်များတပ်၊ ထည့်သွင်းကာ ၄င်းကို ဆန့်ကျင်နိုင်သည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအား လူအင်အားအရ ဖိထားရုံသာမက ညီလာခံ လုပ်ထုံးလုပ်နည်းများနှင့် ထိန်းချုပ်ကာ မိမိလိုချင်သည့် မူများကျသွားအောင် လုပ်သည့် ပါဝင်မှုမျိုး မဖြစ်သင့် တော့ပါ။


ယခုလတ်တလောတွင် လွှတ်တော်နိုင်ငံရေးမှာ အလုပ်မဖြစ်ကြောင်း အတော်များများ သတိပြုမိလာ ကြပြီဖြစ်သည်။ မတရားသည့် ဥပဒေများ၊ လူထု၏ အခြေခံအခွင့်အရေးများကို မကာကွယ်နိုင်သည့် ဥပဒေများ ဟော တခု ဟောတခု ဆက်လက်ထွက်လာနေသည်။ သို့ဖြစ်၍ နိုင်ငံရေးလှုံ့ ဆော်သံ အသစ်လိုလို အသံတခု ထွက်လာ သည်။ ယင်းမှာ လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေး လှုပ်ရှားမှုများကို ပေါင်းစပ်ရမည် ဟူ၍ဖြစ်သည်။ လွှတ်တော် တွင်း နိုင်ငံရေးဟူသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းကာ စစ်အာဏာရှင်စနစ်ကို ကာကွယ်ရေးဖြစ်သည်။

လွှတ်တော်ပ နိုင်ငံရေးတွင် အဓိကကျသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနက် အများစုမှာ ၂၀၀၈ ဖွဲ့ စည်းပုံ အပြင်ကနေ၍၊ အထူးသဖြင့် ဖယ်ဒရယ်ဖွဲ့ စည်းပုံအခြေခံဥပဒေအသစ်တရပ်ရေးဆွဲ၍ ပြည်ထောင်စု နိုင်ငံသစ်တည်ဆောက် ရေးဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို ပယ်ရှားမှသာ ဖက်ဒရယ်အောင်မြင်နိုင် ပေသည်။ ရေနှင့် ဆီ ကဲ့သို့ဖြစ်နေသော ဤနှစ်ခုကို မည်သို့ပေါင်းစပ်မည်နည်း။ လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေး လှုပ်ရှားမှုများကို ပေါင်းစပ်ရမည် ဟူသည်မှာ လက်တွေ့တွင် လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားသည့် အင်အား စုများအား လွှတ်တော်အောက်သို့ဆွဲသွင်းရေး၊ ချုပ်၍ဆိုရလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အောက်သို့ ပြန်လည်ဒူးထောက် ရေးသာဖြစ်သည်။ ဤသည်ကို လက်ခံနိုင်ဘွယ်မရှိပါ။

"အားလုံးပါဝင်ရေး" အစား "တိုင်းရင်းသားပေါင်းစုံ လူထုတရပ်လုံး ပါဝင်ခွင့်ရစေရေး" ဟူ သည့် မူမှာ ပို၍ဖြစ်သင့်သည်။ အဘယ်ကြောင့်နည်း။ မြန်မာနိုင်ငံတွင် ၁၉၆၃ ခုနှစ်မှစတင်ခဲ့ သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ တွင် လူထု၏ ပါဝင်ပတ်သက် မှုကို ငြင်းပယ်ခံခဲ့ရသည်။ ယင်းမှာ ပဋိပက္ခဖြစ်နေသော ဘက်နှစ်ဘက်၏ ခေါင်းဆောင် များဆွေးနွေးပွဲများသို့လူထုကိုယ်တိုင် ၀င် ရောက်ဆွေးနွေးခွင့်ကို ဆိုလိုခြင်း မဟုတ်ပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေချိန်တွင် လူထုအား လွတ်လပ်စွာ ထုတ်ဖေါ်ပြော ဆိုခွင့်၊ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့်၊ အသင်းအဖွဲ့ဖွဲ့ စည်းလှုပ်ရှားခွင့် ဟူသည့် အခြေခံအခွင့် အရေး သုံးရပ်ကို အပြည့်အ၀ ပေး အပ်ထားရန်ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် စပ်လျှဉ်းသော အကြောင်းရပ်များအပေါ် ယင်းအခွင့်အရေး သုံးရပ်ကျင့်သုံးခြင်း ကို အစိုးရအာဏာပိုင် များက မည် သည့် နှောင့်ယှက်ဟန့် တားမှု၊ ဥပဒေကြောင်းအရ မည်သည့် အရေးယူ မှုမျှ မလုပ်ကြရန် ဖြစ်သည်။

ပြည်ထောင်စုကို ပြည်နယ်များပါဝင်မှုဖြင့် အဓိက တည်ဆောက်ပါသည်။ ပြည်နယ်များ မပါလျှင် ပြည် ထောင်စု ဟူသည် အဓိပ္ပါယ်မရှိတော့ပါ။ သို့ဖြစ်၍ ယခုကျင်းပဆဲ နှင့် ဆက်လက်ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် လူမျိုးစု တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများသည် သက်ဆိုင်ရာ ပြည်နယ်များ၌ ပြည်နယ် တ၀ှမ်းလုံး လက္ခဏာဆောင်သည် အထိ ၄င်းတို့၏ လူထုများနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ရှိရမည် ဖြစ်သည်။ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲဖြစ်စဉ်များတွင် အစိုးရသည် ယင်းလှုပ်ရှားမှုများကိုတရားဝင်အားပေးရန်လိုသည်။ အစိုးရသည် ပျော်ပွဲ ရွှင်ပွဲ ဖြစ်သော ကရင်နှစ်သစ်ကူး ပွဲများလောက်ကိုသာ အားပေးခြင်းမျိုးမဖြစ်သင့်။

ထို့ အပြင် တနိုင်ငံလုံးအတွက် လွှမ်းခြုံလှုပ်ရှားနေကြသော နိုင်ငံရေးပါတီကြီးများအချင်းချင်း၊ လူထု အသင်းအဖွဲ့များအချင်းချင်း တို့အကြားတွင်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်အလိုက် လှုပ်ရှား လုပ်ဆောင်နေ ကြသည့် နိုင်ငံရေး ပါတီများအချင်းချင်း နှင့် လူထုအသင်းအဖွဲ့များ အချင်းချင်း တို့အကြားတွင်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများကို အစိုးရက ခွင့်ပြုချက်ပေးရန်လိုသည်။ မတရားအသင်း ဥပဒေဖြင့် ကန့်သတ်ပိတ်ဆို့ ထားခြင်းမျိုး မရှိအောင် ဥပဒေအရ စီစဉ်လုပ်ဆောင် ပေးရန်လိုသည်။

နှစ်ပေါင်း ခြောက်ဆယ်ကျော်ကြာခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်သည် နာတာရှည်ရောဂါသည်ကြီးလို ဖြစ်နေသည်။ ကင်ဆာကဲ့သို့ အမြစ်တွယ်နေသည်။ လူထုကြီးတရပ်လုံးအား လောင်မြိုက် လှိုက်စားလျက် ရှိသည်။ အမျိုးသားရင်ကြားစေ့ရေး ဟူသည့် ဆေးမြီးတို လောက်ကို ကိုင်စွဲကာ အပေါ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးရုံမျှနှင့် ဖြစ်သလို ကုစား၍မရနိုင်ပါ။ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး၊ နိုင်ငံရေးအင်အားစုများ၊ လူထု အသင်းအဖွဲ့ များ၊ သတင်းဌာနများ အားလုံး ၏ စနစ်တကျ ပါဝင်ပတ်သက်မှု ကို ဖွင့်ပေးရန် လိုပါမည်။ ယင်းသို့သော ဆွေးနွေးမှု များပေါ်လာပါက အထောက် အကူဖြစ်စေရန် ဤစာတမ်းငယ်ကို ပြုစုတင်ပြခြင်းဖြစ်ပါသည်။

             ငြိမ်းချမ်းရေးစာချုပ်များတွင် ဥပဒေစိုးမိုးရေးကို အုတ်မြစ်ချနိုင်ရန် ဥပဒေပညာအကူအညီ

အစိုးရအဆိုပြုစာချုပ်ကို ဥပဒေသဘောဆန်စွာရေးသားထားသဖြင့် ပုံသဏ္ဍာန်အရ ကောင်းမွန်သည် ဟု ပြောနိုင်သော်လည်း  အနှစ်သာရအရမူ ပြောင်းပြန်ဖြစ်နေသည်။ စာချုပ်(မူကြမ်း) ဟူ၍ ဖေါ်ပြကာ ညှိနှိုင်းမှုကို ဖိတ် ခေါ်သင့်ပါလျက် ယင်းသို့မဖေါ်ပြဘဲ အပြီးသတ်စာချုပ်သဘောမျိုး နှင့် အသင့်ရေးသားထားပြီးသည့် အပေါ်လက်မှတ် ထိုးခိုင်းခြင်းမှာ အထက်စီးမှ ဖိအားပေးရာ ရောက်သည်။ ထို့ အပြင် စာချုပ်တခုလုံးသည်လည်း ဥပဒေအရရော နိုင်ငံရေး အရပါ "မတရား ပြု၊ အနိုင်ကျင့်လိုက်ခြင်း" ဖြစ်ကြောင်း တွေ့နိုင် သည်။

စင်စစ်အားဖြင့်မူ မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တလျှောက်လုံးတွင် အစိုးရဘက်၌ ဒုတိယ ရှေ့ နေချုပ်ဦးထွန်းထွန်းဦး ပါဝင်တက်ရောက်ခဲ့သဖြင့် ၄င်း၏ရှေ့နေချုပ်ကိုယ်တိုင်လည်း အနီးကပ်ပံ့ပိုးနေမည်မှာ မုချ ဖြစ်သည်။ သို့ရာတွင် ဥပဒေအရ အမြီးအမောက် မတည့်၊ ရှေ့ နောက် မညီညွတ်၊ တည်ဆဲဥပဒေများကို မျက်ကွယ်ပြု၊ ဥပဒေစိုးမိုးရေးအခြေခံကို ဆန့်ကျင်သည့် ရေးသားချက်များ စာချုပ်တွင်ပါနေခြင်းမှာ မသင့်လျော်ပါ။ ယင်းသို့ဖြစ်နေ မှန်း သိပါလျက် ရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်ကြီး များသည် အစိုးရငြိုငြင်မည်ကြောက်သဖြင့် ထောက်မပြရဲဖြစ် နေ သည်ဆိုလျှင် မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေးအခြေအနေသည် သုညတွင် ရှိနေပါမည်။ အစိုးရ ရှေ့ နေချုပ် ကြီးများ သည် ဥပဒေစိုးမိုးရေး၏ သစ္စာခံဘက်တော်သားများဖြစ်သင့်သည်။ အစိုးရ၏ လက်ကိုင်တုတ်များ မဖြစ်သင့်ပါ။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံမှာ အသွင်သဏ္ဍာန်အရ ပြည်ထောင်စု ဖြစ်သော်လည်း အနှစ်သာရအရ တပြည်ထောင် ဖြစ်နေကြောင်း (ယင်းဖွဲ့စည်းပုံဆွဲစဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ အကြံပေးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ရှေ့ နေချုပ်ဖြစ်လာသည့်) ဦးချန်ထွန်း က ပွင့်ပွင့်လင်းလင်း ပြောခဲ့ဘူးသည်။ ယင်းကို ထောက်ပြကာ မြန်မာလူမျိုး ဥပဒေ ပညာရှင်သည် ၄င်းကိုယ်တိုင်သိပါလျက်နှင့် တပြည်ထောင်နိုင်ငံ[1] ဖြစ်အောင် ဥပဒေအရ ပံ့ပိုးဖြည့်ဆည်းပေး ခဲ့သည်ဟု မြန်မာ မဟုတ်သည့် တိုင်းရင်းသားခေါင်းဆောင် အတော်များများ တွင် ခံစားချက်များ ရှိကြသည်။ ဤသမိုင်း ကို ပြောင်းပြန်လှန်စေချင်သည်။ မြန်မာမဟုတ်သည့် တိုင်းရင်းသားခေါင်းဆောင်များ ကိုယ်တိုင် ဖက်ဒရယ်ပြည်ထောင် စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ဦးဆောင်ရေးဆွဲကြခြင်းဖြင့် စစ်မှန်သည့် ငြိမ်းချမ်းမှု ရစေချင်သည်။

ပြီးခဲ့သည့် နှစ်က နယ်စပ်တနေရာတွင် ဆွေးနွေးပွဲတခု၌မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ထောမွန်နှင့် ပြန်ဆုံဖြစ်ကြသည်။ ဥက္ကဌကြီးနှင့် စာရေးသူတို့မတွေ့ကြသည်မှာ နှစ်တချို့ မျှ ကြာခဲ့ပြီဖြစ်၍ အပြန်အလှန်အားရ ၀မ်းသာ နှုတ်ဆက်ဖြစ်ကြသည်။ စကားအနည်းငယ်ပြောပြီးနောက် ဥက္ကဌကြီးက “ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘက်က ဥပဒေကြောင်းအရ ပြောပေး၊ ရေးပေးနေတာ ခင်ဗျားတယောက်ဘဲ ရှိတယ်။ ဆက်ကြိုးစားပေးပါ။” ဟု အား ပေးသည်။ မိမိ၏ကြိုးစားမှုကို အသိအမှတ်ပြု ခံရသဖြင့် တဘက်တွင် ဂုဏ်ယူမိသည်။ အခြားတဘက်တွင် စစ်အာဏာ ရှင်စနစ်နှင့် ရင်ဆိုင်နေရဆဲဖြစ်သည့် ဥပဒေကြောင်း တိုက်ပွဲတွင် ဘက်မမျှဖြစ်နေပုံကို ဥက္ကဌကြီးက ထောက်ပြလိုက် ခြင်း ဟု နားလည်မိသည်။

အစိုးရအာဏာပိုင်များက တရားရုံးများကို အသုံးချကာ မတရားဖိနှိပ်သဖြင့် ခံစားနေ ရသောလူထု ဘက်မှ လိုက်ပါဆောင်ရွက်ပေး နေသည့် ရှေ့နေကြီးများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ထောက်ပြ ဝေဘန်၊ ကန့်ကွက်လှုပ်ရှား
လာကြသော ဥပဒေပညာရှင်များ၊ အခြားလိုအပ်သည့်နေရာများတွင်ဥပဒေ ပညာဖြင့်အလုပ် အကျွေးပြုနေကြသည့် ဥပဒေသမားများ ယခုအချိန်တွင် အမြောက်အများ ပေါ်ပေါက်လာ နေပြီ ဖြစ်သည်။  လူထု၏ အသိအမှတ်ပြုမှုကိုလည်း အထိုက်အလျှောက်ရနေပြီဟု ပြောနိုင်သည်။ ၄င်းတို့၏ စွမ်းဆောင် မှုများမှာ တိုင်းပြည်အတွက် အားတက်ဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြု၊ တန်ဘိုးထားရပါမည်။

 သို့ ရာတွင်အထူးသဖြင့် တိုင်းရင်းသား ပြည်နယ်များရှိလူထုများမှာ နိုင်ငံတကာ ဥပဒေ၊ ပြည်တွင်း ဥပဒေ များအရ အခွင့်အရေး များ မခံစားရဘဲ ဆုံးရှုံးနေမှု များ၊ တိုင်းရင်းသားများရသင့်ရထိုက်သည့် တန်းတူရေး နှင့် ကိုယ် ပိုင်ပြဌာန်းခွင့်၊ စုပေါင်းအခွင့် အရေး၊ ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရက်တစ် ဖက်ဒရယ်ဖွဲ့ စည်း ပုံအခြေခံဥပဒေသစ် ပေါ်ထွန်းရေးတို့နှင့် စပ်လျှဉ်း၍မူ ဥပဒေပညာရှင်ကြီးများ၊ ရှေ့နေကြီးများ၊ ဥပဒေသမားများ ၏ ပါဝင်ပတ်သက်မှု၊ ကူညီပံ့ပိုးမှု ပို၍ ရှိလာစေချင်ပါသည်။ သို့မှသာ ဥပဒေပညာမျက်နှာစာတွင် ဘက်မျှသည့်လှုပ်ရှား မှုများ ပေါ်လာနိုင်ပြီး စစ်မှန်သည့် ဥပဒေစိုးမိုးရေးကို သိသာစွာ အထောက်အကူပြုနိုင်ပါမည်။

ဦးအောင်ထူး (ရှေ့ နေ)ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ                                           ဇန်န၀ါရီလ (၉) ရက် ၂၀၁၄ ခုနှစ်            


[1] Unitary State

ဇန်န၀ါရီလ (၉) ရက် ၂၀၁၄ ခုနှစ်

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။