Thursday, February 13, 2014

ချီဖွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းမှ (၂)ထပ်ဆောင်ပြိုကျ

(Kachinwaves)

ချီဖွေမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၀၆ ခုနှစ်တည်ဆောက်ခဲ့သည့် (၂)ထပ်ကျောင်းဆောင် အကုန်ပြိုကျလာသဖြင့် စာသင်ဆောက်အဖြစ် အသုံးမပြုနိုင်တော့သည့် အတွက် ဖျက်သိမ်းခွင့်တင်မည် ဖြစ်ကြောင်း ထိုကျောင်းမှကျောင်းအုပ်ဆရာမ ဒေါ်ဂျီဘောမ်နမ် မှဆိုသည်။

ထို (၂)ထပ်ဆောင်အား ၂၀၀၆ ခုနှစ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် မှ ယခင်မြောက်ပိုင်းတိုင်း တိုင်းမှူးလက်ထက်တွင် တည်ဆောက်ပေးခဲ့သည့် ကျောင်းဆောင်ဖြစ်ကြောင်းလည်း ချီဖွေမြို့ရှိ ဘာသာရေးဆရာတစ်ဦးမှဆိုသည်။


အဆိုပါ (၂)ထပ်ဆောင်အား အပေါ်မှပြိုလာသဖြင့် အပေါ်ထပ်ရှိအခန်းများတွင် ၂၀၁၃ သြဂုတ်လမှ စာမသင်တော့ပဲ မီဒီယာခန်းနှင့် သိပံ္ပခန်းများအဖြစ်သာ အသုံးပြုတော့ကြောင်းလည်းသိရသည်။

အောက်ထပ်ရှိအခန်းများကိုလည်း စာသင်ဆောင် မလုံလောက်သည့်အတွက် တိုင်များ ပြန်လည်ထောက်ယူကာ စာသင်ခန်းအဖြစ်အသုံးပြုလျက်ရှိသည်။

“ဒီဆောင်က ဖျက်သင့်နေပြီ။ စာသင်ဆောင်မလောက်လို့သာ သုံးနေရတာ။ အကုန်ပြိုကုန်ပြီ။အောက်ထပ်တွေလည်း မလုံခြုံတော့ဘူး။ဖျက်သိမ်းခွင့်တင်မယ်။”ဟု ဆရာဒေါ်ဂျီဘောမ်နမ်မှဆိုသည်။

ထိုအထက်တန်းကျောင်းတွင် ကျောင်းသားပေါင်း ၄၂၃ ယောက်ရှိသည့် ကျောင်းဖြစ်သည်။

ယခုအထက်တန်းကျောင်းရှိ ကျောင်း ခန်းမဆောင်လည်း အိုဟောင်းနေပြီ ဖြစ်တဲ့အတွက် ဖျက်သိမ်းခွင့် တင်ပြီး အသစ် ပြန်လည်တည်ဆောက်ရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း ဆရာမကြီးမှဆိုသည်။

‘ဒီခန်းမဆောင်လည်း ဖျက်သင့်ပြီ။ ဒီအဆောင်က တမြို့လုံး အသုံးပြုတဲ့ အဆောင်ဟုတ်တယ်။ အခုက တိုင်တွေလည်း မကောင်းတော့ဘူး။ အထဲမှာလည်း အကုန်ပျက်စီးကုန်ပြီ။”ဟု ဆရာမကြီးမှဆိုသည်။

ချီဖွေမြို့တွင် မြို့တော်ခန်းမဆောင် သီးသန့်မရှိသည့်အတွက် လွတ်လပ်ရေးနေ့အခမ်းအနား၊ ပြည်ထောင်စုနေ့ အခမ်းအနား၊ ယဉ်ကျေးမှုနှင့် ဆိုင်သည့် အခမ်းအနားတိုင်းလည်း ယခုအဆောင်ကိုသာ အသုံးပြုနေကြကြောင်းလည်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။