Tuesday, February 4, 2014

ဓာတုစွန့်ပစ်ရည် များကြောင့် ဒေသခံများစိုးရိမ်

(Kachinwaves)

တရုတ် လုပ်ငန်းရှင် များနှင့် ပြည်တွင်း ရှိ လုပ်ငန်းရှင် အချို့မှ ၀ိုင်းမော်မြို့ နယ် နောင်းချိန်းကျေး ရွာရှိ ပုန်ဒိန်း ကွင်းတွင် ဓာတု ပစ္စည်း များ အသုံးပြု ၍ ရွှေတူးဖော်ချက် လုပ်ရာတွင် ဓာတုစွန့်ပစ်ရည်များအား စနစ်တကျ စွန့်ပစ်ခြင်း မရှိသောကြောင့် ဒေသ ခံပြည်သူ များမှ သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြီး လုပ်ကိုင် စားသောက်ရန် အခက် အခဲဖြစ်လာ မည်ကို စိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။

ထိုဒေသတွင် ရွှေကျင်နိုင်ရန်အတွက် လဆန်အောင်ဝါပြည်သူ့စစ် အဖွဲ့အား တစ်လ လျှင် ကျပ်ငွေ(၅)သိန်း နှင့် ကေအိုင်အို အဖွဲ့များအား တစ်နှစ်လျှင်ကျပ်ငွေ(၁၀) သိန်း အခွန်ငွေပေးဆောင်ရကြောင်းလည်း ရွှေလုပ်ငန်းရှင်တစ်ဦးမှဆိုသည်။


နောင်းချိန်းကျေးရွာ အနီးတွင်ရှိသော ပုန်ဒိန်းကွင်းနှင့် ထွယ်ဆန်ယန် တောင်ကုန်းများအား လှိုဏ်ခေါင်းတူး၍ ကျောက်ခဲများအား တူးယူကာ ထိုကျောက်ခဲများအား စက်ဖြင့် အမှုန့်ကြိတ်ပြီး ဓာတုပစ္စည်းများဖြင့် ရောနောကာ ရွှေချက်ယူလျှက်ရှိသည်။

“ဟိုဘက်မှာတရုတ်တွေ လှိုဏ်ခေါင်းဖောက်ပြီး ရွှေလုပ်တာ (၅) နှစ်လောက်ရှိပြီ။ လှိုဏ်ခေါင်းထဲမှာ အလုပ်လုပ်တဲ့ တရုတ်တွေ အယောက် (၅၀) လောက်ရှိတယ်။ သူတို့ရှိတဲ့နေရာ ဘယ်သူမှ ၀င်လို့မရဘူး။ ဓာတ်ပုံသွားရိုက်လို့လည်း မရဘူး။ သူတို့မြင်ရင် ၀ိုင်းရိုက်တယ်။ ”ဟု ဒေသခံတစ်ဦးမှဆိုသည်။

တရုတ်များ လုပ်ငန်းသို့သွားပြီး ဓာတ်ပုံရိုက်ယူခဲ့သည့်အတွက် နောင်းချိန် ကျေးရွာ မြေယာစီမံခန့်ခွဲရေး ကော်မတီဝင် တစ်ဦးလည်း ၂၀၁၃ သြဂုတ်လတွင် တရုတ်အလုပ်သမားများမှ ၀ိုင်းရိုက်ခြင်းခံခဲ့ရဖူးကြောင်းလည်း ဒေသခံများမှဆိုသည်။

ရွှေချက်ယူရာတွင် ဆေးအဖြစ် ဆာရင်နိုက်၊ ကော့်စတစ်၊ အမိုးနီးယာစသည့် ဓာတုပျက်စီးများအား ဈေးကြီးကြီးပေးပြီး သုံးဆောင်ရကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးမှဆိုသည်။

ဓာတုအငွေ့ပြင်းထန်သည့်အတွက် ကျန်းမာရေးမကောင်းသည့် လူများ ရွှေချက်ဖိုအနီးသို့ သွားရောက်ရင် အန္တာရာယ်များကြောင့်လည်း လုပ်ငန်းရှင်မှဆက်လက်ဆိုသည်။

‘အရင်ကတော့ ရွှေချက်ဖို တစ်ဖိုမှာ ရွှေ (၁၀) ကျပ်သားလောက်ရတယ်။ အခုက (၃) ကျပ်သားလောက်ပဲ ရတော့တာ။ ရွှေချက်ဖိုတစ်ဖိုမှာ အရင်းက (၃) သိန်းလောက်ရှိတယ်။”ဟုရွှေလုပ်ငန်းရှင်မှဆိုသည်။

ထိုရွှေချက်ယူရာတွင် အသုံးပြီးသော ဓာတုအရည်များသည် ဒေသခံများ၏ လယ်ယာများလုပ်ကိုင်ရာတွင် အဓိက အသုံးပြုရသည့် ချောင်းငယ်များသို့ စီးဝင်ပြီး လယ်ယာလုပ်ကိုင်ရာတွင် နစ်နားဆုံးရှုံးမှုများရှိနေကြောင်းလည်း ဒေသခံတစ်ဦးဖြစ်သူ ဦးဂွမ်ဆိုင်းမှဆိုသည်။

“ဒီဒေသခံမှာ ကျွဲနွားတွေ အကောင် ၅၀၀ ကျော်လောက်ရှိတယ်။ ဒီကျွဲအားလုံးက ဒီချောင်းရည်ပဲ သောက်ကြတယ်ဟုတ်တယ်။ မနှစ်ကနွေရာသီလည်း ကျွဲအကောင် ၂၀၀ လောက်သေသွားတယ်။”ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးဂွမ်ဆိုင်မှဆိုသည်။

အဆိုပါချောင်း (၃)ချောင်းသည် ဧရာဝတီမြစ်သို့ စီးဝင်သည့် မြစ်ချောင်းများလည်းဖြစ်သည်။

ထိုရွှေကျင်းမှုအား ရပ်ဆိုင်းပေးရန် ဒေသခံပြည်သူများအား ၂၀၁၃ စက်တင်ဘာလတွင် ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ စာတင်ခဲ့ဖူးကြောင်းလည်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။