Friday, February 14, 2014

အစိုးရစစ်တပ်များနှင့် ကေအိုင်အိုတို့ သုံးရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကေအိုင်အေ တပ်စခန်းသုံးခု သိမ်းပိုက်ခံခဲ့ရကြောင်း ကေအိုင်အိုအဖွဲ့ ရှင်းလင်း

(Eleven Media Group)



သစ်မှောင်ခို လမ်းကြောင်းများကို လိုက်လံရှင်းလင်းရာမှ အစိုးရစစ်တပ်များနှင့် ကေအိုင်အေတပ်များ သုံးရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ကေအိုင်အေ တပ်စခန်းသုံးခု သိမ်းပိုက်ခံခဲ့ရကြောင်း ကေအိုင်အို အလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။


တပ်မတော်စစ်ကြောင်းများ အနေဖြင့် ကချင်ပြည်နယ်ဒေသရှိ တစ်ဖက်နိုင်ငံနှင့် ဆက်စပ်နေသော နယ်မြေများတွင် တရားမဝင် သစ်ခိုးထုတ်မှုများစွာကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး အဆိုပါသစ်များနှင့် လုပ်ငန်းသုံး ယန္တရားများကို ဖမ်းဆီးရာမှ လက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် အစိုးရဘက်က လိုက်လံရှင်းလင်းမှုများ ပြုလုပ်ရာတွင် အဆိုပါလက်နက်ကိုင် တပ်ဖွဲ့များ ဆုတ်ခွာသွားကြောင်း ဖေဖော်ဝါရီ ၁၃ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ကေအိုင်အို အလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး က “အစိုးရစစ်ကြောင်းက သစ်မှောင်ခို ရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုလုပ်တယ်။ သူတို့ရဲ့ လှုပ်ရှားမှုက သစ်မှောင်ခို ရှင်းလင်းရေး လုပ်ဖို့လိုတဲ့ အင်အားထက်များတယ်။ ဆိုတော့ စစ်ကြောင်းပုံစံနဲ့ လှုပ်ရှားတော့ ကျွန်တော်တို့ဘက်က ရှေ့တန်းစခန်း လေးတွေက ဖယ်ပေးလိုက်ရတယ်”ဟု ဖေဖော်ဝါရီ ၁၃ ရက်က  အတည်ပြုပြောကြားသည်။

ကေအိုင်အိုအနေဖြင့် ကိုယ်တိုင် သစ် ထုတ်လုပ်ခြင်းကို မလုပ်ကြောင်း၊ သို့သော် ၎င်းတို့ကို လာညှိနှိုင်းပြီး ခွင့်ပြုချက်တောင်းသည့် စီးပွားရေး သမားများရှိပြီး ယင်းအပေါ်၎င်းတို့က အခွန်ကောက်ကြောင်း၊ ၎င်းတို့နယ်မြေတွင် ထုတ်စရာသစ် မရှိတော့ကြောင်း၊ ယခုလိုက်လံ ရှင်းလင်းသည့် သစ်များမှာ အစိုးရအုပ်ချုပ်နယ်မြေမှ သယ်ယူလာသည့် သစ်များသာ ဖြစ်ကြောင်းနှင့် ယင်းနယ်မြေများတွင် ရှင်းလင်းခဲ့ခြင်းမရှိဘဲ ၎င်းတို့နယ်မြေ ရောက်မှသာ လိုက်လံရှင်းလင်း ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

“အစိုးရဘက်ကို သတင်းမပို့၊ အခွန်မဆောင်ဘဲလုပ်လို့ သစ်မှောင်ခိုလို့ သူတို့က သုံးနှုန်းတယ်။ ဒါပေမဲ့ အနေအထားက ဖြတ်လေးဖြတ်က တစ်ဖြတ်ပေါ့။ စီးပွားရေးအရ ကေအိုင်အေရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ရှင်းတဲ့သဘောလို့ပဲ မြင်ပါတယ်”ဟု ဦးဒေါင်ခါးက ပြောကြားသည်။

သစ်လုပ်ငန်း သဘောသဘာဝအရ ၎င်းတို့နှင့်သာ ညှိနှိုင်းရခြင်းမဟုတ်ဘဲ အစိုးရပိုင်းနှင့်လည်း ညှိရကြောင်း၊ ယခု လုပ်နေသည့် လုပ်ငန်းများမှာ အစိုးရ အုပ်ချုပ်နယ် မြေဘက်က သစ်များကို နယ်စပ်ဒေသများသို့ ရောက်အောင် ကူးခြင်းဖြစ်ကြောင်း၊ အစိုးရကသာ ၎င်းတို့နယ်မြေထဲတွင် ရှင်းလင်းမှုများ ပြုလုပ်မည်ဆိုပါက ၎င်းတို့နယ်မြေသို့ ရောက်လာစရာ မရှိကြောင်း ဦးဒေါင်ခါးက ပြောကြားသည်။

တိုက်ပွဲများသည် ဖေဖော်ဝါရီ ၁ဝ ရက် မှ ၁၂ ရက်အထိ သုံးရက်ကြာ ဖြစ်ပွားခဲ့ပြီး တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၈) ၏ အုပ်ချုပ်ရေးနယ်မြေဖြစ်သည့် ဂျာအင်ယန် တပ်စခန်းနှင့် ခါအူတပ်စခန်း၊ မိုးမောက်မြို့နယ်ရှိ ဒကော်တပ်စခန်းများ အသိမ်းခံခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများဖြစ်ပွားသည့် နယ်မြေများအားလုံးသည် ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် တိုက်ပွဲကြီးမားသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ သစ်ရှင်းလင်းရေးလုပ်ရင်း တိုက်သည့်ပုံစံသာဖြစ်ပြီး ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခြင်း မဟုတ်ကြောင်း ဦးဒေါင်ခါးက ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။