Tuesday, January 14, 2014

KIA ဌာနချုပ် ဒုက္ခသည် စခန်းများသို့ ကုလ အကူအညီများ ထပ်မံရောက်ရှိ

(ကချင်သတင်းဌာန)

ယခုနှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် ကုလသမဂ္ဂ ကူညီထောက်ပံ့ မှုများ လိုင်ဇာ အနီးရှိ ကချင် ဒုက္ခသည် စခန်းများ သို့ ရောက်ရှိ လာသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဗဟိုဌာနချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းလေးခု သို့ ဆား၊ ပဲအမျိုးမျိုးနှင့် အဟာရမှုန့်များ ကို ယနေ့ ဇန္န၀ါရီ ၁၃ ရက် တနင်္လာနေ့တွင် ကုလသမဂ္ဂ အကူ အညီပေးရေး အဖွဲ့များက လာရောက် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒုက္ခ သည် စခန်း တာဝန်ခံများ က ပြောသည်။


အဆိုပါကုလသမဂ္ဂ (UN) အကူအညီပေးရေးအဖွဲ့သည် ယမန်နေ့ညတွင် လိုင်ဇာသို့ ရောက်ရှိပြီး ယနေ့ နံနက် ၈ နာရီခွဲချိန် ကုလသမဂ္ဂ (UN) ယာဉ်တန်း ၇ စင်းဖြင့် ဂျေယန့်ဒုက္ခသည်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဂျေယန့် ဒုက္ခသည်ကော်မတီအတွင်းရေးမှူး ဆလန်လဘန်နော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

“ပစ္စည်းတွေကိုတော့ သန်ဘက်ခါမှ ဝေမယ် ပစ္စည်းတင်တဲ့ ကားကြီး ၃ စီး ဟုတ်တယ်။ မနက်ကအဖွဲ့အစည်း တွေစီး တဲ့ကား ၄ စင်းနဲ့ လာကူညီတယ် လိုင်ဇာမှာအနီးမှာရှိတဲ့စခန်း ၄ ခုမှာ ရောက်တယ် ကျနော်တို့ ဒုက္ခသည်စခန်းတွေကို ဆက်လက် ကူညီမှုတွေ ပေးမယ်လို့ပြောလို့ စိတ်ချမ်းသာတယ် ကျနော်တို့ အရမ်းပျော်ပါတယ်”

ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အကူအညီတွင် အဓိက ရိက္ခာဖြစ်သည့် ဆန် မပါဝင်သော်လည်း ဒုက္ခသည်များ အတွက် လိုအပ်သော ဆန်၊ ဆီနှင့် တလလျှင်ဟင်းဖိုး ၆၀၀၀ ကို ဗန်းမော်ရှိ ‘ဂရုဏာ’ ရိုမင်ကက် သလစ် လူမှုရေးအကူညီပေးအဖွဲ့မှ မတ်လအထိ ကူညီမည်ဖြစ်ကြောင်းသိရသည်။

ယခုအခါ စခန်းများတွင် ထင်းနှင့် သောက်ရေ၊ သုံးရေများခက်ခဲမှုကြောင့် အိမ်သာအချို့ ပိတ်ထားရခြင်း ပြည့်သွားသည့် အိမ်သာများနှင့် ခက်ခဲမှုများဆိုင်ရင်နေရကြောင်း သိရသည်။

ပျက်ဆီးလာသော ဒုက္ခသည်စခန်းနေအိမ်များကို ဒုက္ခသည် ကော်မတီမှ ၁၁၇ အိမ် အိမ်ထောင်စု ၇၀၀ အတွက်ဆောက်လုပ်ပေးသော်လည်း အိမ်ထောင်စု ၈၀၀ အတွက်နေအိမ်များ ခက်ခဲနေကြောင်းသိရသည်။

ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ ဒုက္ခသည် နေအိမ်များကို ပြန်လည်တည်ဆောက် ပေးမည်ဖြစ်ပြီး လိုင်ဇာ ဈေးအမှတ် (၃) ဒုက္ခသည်များ အိမ်ခြေ ၁၂၀ ကို ဂျေယန့်စခန်းသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး UNDP အဖွဲ့မှလည်း ထင်းသက်သာသည့် မြေကြီးဖြင့်ပြုလုပ်ထားသော မီးဖို ကိုလည်း ၂ ရက် ၃ ရက်အကြာတွင် ဂျေယန့် ဒုက္ခသည်စခန်းသို့ ကူညီပေးမည်ဖြစ်ကြောင်းသိရသည်။

လိုင်ဇာဗဟိုဌာနချုပ်အတွင်းရှိ ဒုက္ခသည်စခန်း ၄ ခုတွင် ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၈၂၇၂ ရှိပြီး လူဦးရေ အများဆုံး စခန်းဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လ တိုက်ပွဲများ ဖြစ်ပွားချိန်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းများသို့ ကုလသမဂ္ဂ ကူညီထောက်ပံ့မှုများ တတိယ အကြိမ် ရောက်ရှိခြင်း ဖြစ်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရပြီး ဒုက္ခသည်များ အဖြစ် ရောက်ရှိနေသူပေါင်း ၇ သောင်းကျော် ရှိကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။