Friday, December 6, 2013

စစ်ဆင်ရေး ပြင်ဆင်နေမှု အပေါ် (KIA) တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်နှင့် ဆက်သွယ် မေးမြန်းချက်

(ရွှေဟင်္သာသတင်းဌာန)

ကချင် လွတ် လပ်ရေး တပ်မတော် (KIA)၊ တပ်မဟာ (၃) လက် အောက်ခံ တပ်ရင်း (၁၂)ဧရိယာတွင် (၃) ရက်ခန့် တိုက်ပွဲများ ရပ်တန့်နေ ပါသည်။ ပြီးခဲ့ သည့် အောက်တိုဘာလ ဆန်းကတည်းက ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် အစိုးရ အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ နည်းဗျူဟာ များက စစ်ဆင်နေခဲ့ခြင်း ဖြစ် ပါသည်။

ဤစစ်ဆင်ရေးကို နေပြည်တော်မှ ကကကြည်း ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှ ဦးဆောင်ပြီး ကန့်သတ်စစ် ဆင်ရေးမျိုးကို ဆင်နွှဲနေကြောင်း ဖမ်းမိသော စစ်သုံ့ပန်း တဦးက (KIA) အား ပြောကြားခဲ့ပါသည်။


အောက်တိုဘာလ ဒုတိယအပတ် လောက်တွင် (KIA) တပ်ရင်း (၁၂)တပ်ဖွဲ့ များကသည် အမှတ် (၂၁)စကခမှ နည်းဗျူဟာ (၂)အား ၀ိုင်းဝန်းပိတ်ဆို့ ထားခဲ့ပါသည်။ http://www.burmese.phophtawnews.org/index.php/news/internal-news/item/826-2013-10-29-10-01-35.html

ထို့အပြင် အ၀ိုင်းခံ ထားရသော နည်းဗျူဟာ (၂)အား လာရောက် အကူအညီ ပေးလာသည့် နည်းဗျူဟာ (၃)ကိုပါ ထပ်မံ ၀ိုင်းခဲ့ ပြန်ပါသည်။ ဤကဲ့သို့ ရိက္ခာပြတ် လူနာများနှင့် ပိတ်မိသော အစိုးရ တပ်များအား လမ်းကြောင်း ဖွင့်ပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် (KIA)  ဗဟိုဌာနလိုင်ဇာ စစ်ရုံးချုပ်အား တောင်းဆို ခဲ့ရပြန်ပါသည်။ 

ဤသို့ကြောင့် (KIA) သည် ငြိမ်းချမ်းရေး အတွက် ရည်စူးပြီး တောင်းဆိုမှုကို အောက်တိုဘာလ တတိယ အပါတ်တွင် လမ်းကြောင်းဖွင့် ပေးခဲ့ပါသည်။ သို့သော် အစိုးရတပ်ဖွဲ့  များသည်ဖွင့်ပေးသော လမ်းကြောင်းမှ ဆုတ်ခွာပြီး ၄င်းတို့တပ်များ ရိက္ခာ၊ လက်နက်ခဲ ယမ်းမီးကျောက်များ ဖြည့်တင်းကာ (KIA) တပ်ရင်း(၁၂) အားထပ်မံ စစ်ဆင် ခဲ့ပြန်ပါသည်။ 

ဤစစ်ဆင် ရေးကြောင့် ကချင်ပြည်နယ် မံစီမြို့နယ် နန်းလင်းပါ ဒေသတခုလုံးမှ ထောင်ချီသော ပြည်သူများ စစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်း ရှောင်ခဲ့ရ ပါသည်။ ပြည်သူများသည် ဗန်းမော်မြို့ နှင့် ဆက်စပ်ဒေသများ အပါဝင် တရုတ် ပြည်နယ်စပ်သို့ ထွက်ပြေးခဲ့ ရပါသည်။ အစိုးရတပ် များသည် ပြည်သူများ ကင်းမဲ့နေသည့် ဇုံတွင် ခြေကုတ်စခန်း ပြုပြီး (KIA)  တပ်ရင်းအားဆက်လက်စစ် ဆင်နေခဲ့ပါသည်။

အမှတ်(၂၁) နည်းဗျူဟာ (၃)ခုအပါဝင် မြောက်ပိုင်းတိုင်း တပ်စစ်ဗျူဟာများ ဖြင့်စုစုပေါင်း ဗျူဟာ (၆)ခု ထက်မနဲ ကချင်ပြည်နယ် မံစီဒေသရှိ (KIA) တပ်ရင်း (၁၂) အား စစ်ဆင် နေခဲ့ပါသည်။ ဤစစ် ဆင်ရေးသည် ယခု(၃)ရက်ခန့် တိုက်ပွဲများ ရပ်တန့် နေခဲ့သည်ဟု (KIA) တပ်ရင်း (၁၂)မှူး ဗိုလ်မှူးဂျွန်းအောင် က ဆိုခြင်း ဖြစ်ပါသည်။

ဤသို့ကြောင့် (KIA) တပ်ရင်း (၁၂) ဧရိယာရှိ စစ်ရေး အခြေအနေများ နှင့် ရှေ့အလား လာများ အားသိရှိနိုင်ရန် ဗိုလ်မှူး ဂျွန်းအောင်အား ဆက်သွယ် မေးမြန်း ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် ဆက်လက် စစ်ဆင်ရေးအတွက် စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း မီးကျောက်များနှင့် အင်အား  တိုးလာနေကြောင်း ဗိုလ်မှူး ဂျွန်းအောင်မှ ဆိုထားသည်။ ဤကဲ့သို့ စစ်ရေး ပြင်ဆင် နေကြောင်းကို မည်သို့ မည်ပုံ သိရပါသလဲ ဟုဆိုပြီး စတင်မေးမြန်းခဲ့ပါသည်။

ဖြေ။       ဟုတ်ပါတယ်။ ဒီဒေသမှာ လူထုမရှိအောင် မောင်းထုတ် ထားတယ်။ ပြီးတော့နယ်မြေ စိုးမိုးရေးအတွက် အဲဒီရွာတွေကို အခြေခံစခန်း အဖြစ် နေရာ ယူထား တယ်။ အဲဒီတော့ သူတို့ဆုတ်ဖို့ နေနေသာသာ မနေ့ကဆိုရင် လား ရှိုး (စကခ ၁၆)က ခလရ (၆၈) (၆၉) နဲ့ မိုးကောင်းကခမရ (၃၈၃) တပ်ဖွဲ့တွေ ထပ်ရောက် လာတယ်။ အဲဒီအဖွဲ့တွေနဲ့ ရိက္ခာတွေ လက်နက်ခဲ ယမ်းတွေ အပြင်ဗန်းမော် ကနေ ဗျူဟာမှူး တဦးပါ နန့်လင်းပါ ဖက်ကို ထပ်ရောက်လာ တယ်လေ။ ဒီတော့ ဒါဟာ နောက်ထပ် စစ်ဆင်ဖို့ ပြင်တာဘဲ မဟုတ်လား။ လူထုလည်း မရှိတော့ဘူး ဆိုတော့ စစ်မြေပြင်ဘဲလေ။ အဲဒီအတွက် ကျနော်တို့ ကလည်း  သူတို့ တိုက်လာရင် အဆင်သင့်ပြင် ထားရတာပေါ့။

မေး။      ။ အဲဒီဖြည့်လာတဲ့ တပ်အင်အားတွေက ဘယ်နေရာမှာ နေရာချထားလဲ။

ဖြေ။      ။ အထူးသဖြင့် သူတို့ကလာရှိုး ကနေလာ တယ်ဆိုတော့  နမ့်ခမ်း ဖက်ကနေ မံစီနယ်ထဲက စခန်းကြီးဖက်ကို ထိုးလာတယ်။ တပ်ရင်း(၁၂) ရဲ့ နောက်ကျော လို့ လည်း ပြောလို့ ရတာပေါ့။ သဘောကတော့ ရှမ်းပြည် မြောက်ပိုင်းက ပလောင်တွေမှာလည်း အင်အားဖြည့် ထားတယ် ဆိုတော့ ပလောင်ရယ်၊ တပ်မဟာ (၄)က ကျနော်တို့ တပ်တွေနဲ့ တပ်ရင်း(၁၂)ကို စည်းခြား လိုက်တာပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့ကိုတော့ မတိုက်သေးဘူး ပြင်နေတုန်း ပေါ့နော်။ ပလောင် ဖက်ကိုတော့ စစ်ဆင်နေပါပြီး။ ဒါပေမဲ့ သူတို့စစ်ဆင်ရေး က မရှုမလှဘဲ ခံနေရတယ်လို့ ပြောသံကြားတယ်။

မေး။      ။ နောက်တမျိုး ကြားတာက ဒီဇင်ဘာ (၁၀)ရက်နေ့ ၀န်းကျင်လောက် စစ်ဆင်ရေးစမယ်လို့ သိရတယ် လေ ဟုတ်ပါသလား။ ဟုတ်ရင် ဘယ်ဖက်ကို စပြီး တိုက်မယ်လို့ ယူဆထားပါသလဲ။

ဖြေ။      ။ ဟုတ်တယ်လေ။ ကြားရတာပေါ့နော်။ အခုကျနော် တို့နယ်ထဲမှာ ရောက်နေတဲ့ အစိုးရ တပ်တွေက အတွင်းစည်းကို တဆင့် ထပ်ရွှေ့မယ်၊ တိုးပြီး စခန်း ထပ်ချတာပေါ့။ ပြီးတော့ နောက်ထပ် တဆင့် ရွှေ့မယ်၊ တိုးလာမယ်လေ။ အဲဒီလိုမျိုး နယ်မြေ စိုးမိုးရေးတွေ လုပ်လာ လိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီလို တိုးလာ တာနဲ့တိုက်ပွဲက ဖြစ်ပြီးလေ။ အခုတောင် တပ်တွေက ထိပ်တိုက် နေရာတွေမှာ ဖြစ်နေပြီး ဆိုတော့။ တဖက်နဲ့တဖက် မြင်နေရတယ်လေ။ ကျနော်လည်း အနီးကပ် ကွပ်ကဲဖို့ စစ်မြေပြင်မှာ ဘဲလေ။

မေး။      ။ လောလောဆယ်မှာ ပလောင်နဲ့တပ်မဟာ (၄) တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ အခြေအနေတွေ ဘယ်လိုရှိ လဲ ပြောပြနိုင်မလား။

ဖြေ။        ဟုတ်တယ်။ မနေ့က ကျနော်တို့ တပ်မဟာ (၄)က တပ်ရင်း(၈)နဲ့ ပလောင်တပ်တွေက စခန်းတခုဆုတ် ပေးလိုက်တာ သိတယ်လေ။ ဒါပေမဲ့ ကျနော်တို့ဖက် သိပ်မနစ်နာ ခဲ့ဘူးဗျ။ စခန်းအရှင် တွေဘဲလေ။ (၂၀၁၁) ခုနှစ် သူတို့ စစ်ဆင်ရေးတွေ စကတည်းက တပ်ရင်းတွေမှာက ခိုင်ခိုင်မာမာ စခန်းရယ်လို့ အတည်မထား တော့ဘူးလေ။ အဲဒါပါ။ ဒါကြောင့် လွှတ်လိုက်တယ်။ သိမ်းသွားတယ် ဆိုတာက ကျနော်တို့ရဲ့ ယာယီစခန်း တွေဘဲဖြစ်မှာပေါ့။
ပီးတော့ တပ်မ ဟာ (၄) က တပ်ရင်း (၂)လည်းဘဲ ကွတ်ခိုင်ဒေသရဲ့ လောက်ကိုင်မှာ အခြေချတဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)ပေါ့။ အဲဒီက ခလရ (၁၂၇)နဲ့ လည်း (၄)ရက်နေ့ မနက် (၁၀)နာရီလောက်မှာ ဂျောန်မျန်ဘွမ်မှာ ပြင်းပြင်းထန်ထန်ကို ဖြစ်သေးတယ်။ ဒါတွေက ဟိုဖက်ခြမ်းမှာပါ။ ဒါပေမဲ့ နီးစပ်မှုတော့ ရှိတယ်။ တောင်တန်းရဲ့ ဟိုဖက်ခြမ်း၊ ဒီဖက်ခြမ်းပေါ့ ။ ကျနော်ဖက် ခြမ်းမှာတော့ တိုက်ပွဲမဖြစ်တာ (၃)ရက်ရှိနေပြီး။တကယ်တော့ ကျနော်တို့ အဖွဲ့ အတွင်း သတင်းတွေရော ဆက်စပ် သတင်း တွေပါ အကုန်လုံးရဲ့ အခြေအနေတွေကို တပ်မဟာက သုံးသပ်ချက် အမြဲပို့ပေးပါတယ်။  အစိုးရက ဗျူဟာအရ စစ်ဆင် နေတာကို ဗျူဟာအရ သိထားဖို့တော့ လိုတာပေါ့နော်။

မေး။      ။ ဒါဆိုရင် လောလောဆယ်မှာ (KIA) တပ်ရင်း (၁၂) ဧရိယာနဲ့ တပ်မဟာ (၄) ဂွင်လောက်ဘဲ တိုက်ပွဲဖြစ်နေ တာလား။ တခြား(KIA) ဒေသ နဲ့ နေရာတွေ မှာရော တိုက်ပွဲဖြစ်ကြ တာရှိသေးလား။

ဖြေ။      ။ တခြား ဒေသမှာတော့ မဖြစ်ဘူးဗျ။ ဒီတပ်ရင်း(၁၂) ရဲ့ဧရိယာ နေရာကတော့ ကချင်ပြည်နယ်ရယ် ရှမ်းပြည် နယ် နဲ့ စစ်ကိုင်းတိုင်းရဲ့ နယ်အစပ်လောက် မှာ ဖြစ်နေတာပေါ့နော်။ ဒီကနေ စတိုက်နေတယ်လို့ ထင်ပါတယ်။ ပြီးရင် တပ်မဟာ(၃)ရဲ့ တောင်တန်း တလျှောက်ကနေ တခုလုံးကို ဆက်တိုက် စစ်ဆင် သွားမယ့် သဘော တော့ ရှိတယ်လို့ ယူဆနိုင်ပါတယ်။

မေး။      ။ တကယ်လို့ တပ်ရင်း(၁၂)နဲ့ပလောင်ဒေသက တပ်တွေဘဲ စစ်ဆင်နေတယ်ဆိုရင် အဲဒီ စစ်ဆင်ရေးအပေါ် ဘယ်လိုမြင်ပါသလဲ။ ဘာကြောင့်ကွက်ပြီးစစ်ဆင်တယ်လို့ ထင်ပါသလဲ။

ဖြေ။      ။ နောက်တမျိုးစဉ်း စားလို့ရတာက KIA တပ်တွေကို ကချင်ပြည် နယ်မှာဘဲ ရှိနေဖို့၊ တခြားတိုင်းရင်း သား တပ် တွေက လည်း သူ့ပြည်နယ်အတွင်းထဲမှာဘဲ ရှိနေဖို့ဆိုတဲ့ ပေါ်လစီ အစိုးရ တပ်မှာရှိတယ်ဗျ။ မွန်ပြည် သစ်ပါတီ ရဲ့တနင်္သာရီ တိုင်း တပ်ဖွဲ့ကို တိုက်သလိုပေါ့ဗျာ နယ်ကျွံလို့ တိုက်တယ်ပေါ့။ အဲဒီပေါ်လစီလည်းဖြစ်နိုင်ပါတယ်။

ပြီးတော့ နောက်တခု ဖြစ်နိုင်တာ ကတော့ KIA တပ်မဟာ (၄)ဟာ ရှမ်းပြည်နယ်မှာဖြစ်နေတယ်။ အဲဒီနေရာထဲမှာ ရှိ နေတယ်ဆိုတော့ အဲဒါပါတိုက် နေတယ်ဆိုတော့ KIA တွေရှိတဲ့နေရာတိုင်းမှာအားလုံးဝင်တိုက်မဲ့ သဘောပါဘဲ။ ပ လောင် တွေကျတော့ သူတို့လည်း အပစ်အခတ် မရပ်ရသေး ဘူးလေ။ဆိုတော့ အဲဒီအတွက် ဖိ အားပေးတဲ့ သ ဘော လည်း သက်ရောက် နိုင်ပါတယ်။ ပြီးတော့ အဲဒီနှစ်ဖွဲ့ကပေါင်းတိုက် နေတာလေ၊ ဆိုတော့ တချက်ခုတ် နှစ်ချက် ပြတ် အနေနဲ့ တိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။တွက်ဆကြည့်တာပါ။

 ပြီးတော့ အစိုးရဟာ KIA နဲ့ လည်းအပစ်မရပ်ထားဘူးလေ။ ဒီတော့ တပ်မဟာ (၄)တို့ တပ်ရင်း (၁၂) တို့ဆိုတာက  KIA ဧရိယာရဲ့ အစွန်းဆုံး နေရာမှာရှိကြတဲ့ တပ်တွေမဟုတ်လား။အဲဒီကနေ ပြန်ပြီး စတိုက်နေတဲ့ သဘောလည်း ဖြစ် နိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အစွန်းနေရာမျိုးဆိုတာကအင်အားနည်းပြီး အားပျော့နိုင်တဲ့ ဧရိယာလည်း ဖြစ်နိုင်တယ် မဟုတ်လား။ အဲဒီလိုဘဲ ယူဆပါတယ်။

မေး။      ။ ဒါဆိုရင် ဒီစစ်ပွဲတွေဟာဘယ်လိုနည်းနဲ့ အဆုံးသတ်လိမ့်မယ် လို့ ဗိုလ်မှူး ထင်ပါသလဲ။

ဖြေ။      ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတခုခု မလုပ်နိုင်တော့ဘူး။ မလုပ်ဖြစ်ဘူး၊ အစိုးရဖက်က တနည်းနည်းနဲ့ အ လျှော့အတင်း မလုပ်ဘူးဆိုရင်တော့ စစ်ရေးကတော့ တောက်လောင် နေဦးမှာပေါ့နော်၊ ငြိမ်းမှာတော့ မဟုတ်ပါဘူး။

မေး။       အစိုးရက KIA အပေါ် ဘာကြောင့် တိုက်ခိုက်နေတယ်၊ ဘာရည်ရွယ်ချက်နဲ့တိုက်ခိုက်နေတယ်လို့ ဗိုလ် မှူး ယူဆပါသလဲ။

ဖြေ။      ။ ပြောရမယ်ဆိုရင်တော့သယံဇာတနဲ့လည်းဆိုင်တယ်။ ပြီးတော့ စီးပွားကိစ္စပေါ့နော်။ ကချင်မြေမှာ သံယံဇာ တပေါတယ်။ပြီးတော့ တရုပ်ပြည်နဲ့ နယ်ချင်းစပ်တယ်။ ဒီတော့ သယံဇာတ ထုတ်ယူတာ ဘဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်တာဘဲ ဖြစ်ဖြစ် KIA ရှိနေရင် မလွတ်လပ်ဘူးပေါ့။ စီးပွားရေး လုပ်မဲ့လမ်း ကြောင်းဘဲဖြစ်ဖြစ်၊လျှပ်စစ်မီးတို့ဂက်တို့ အစုံ ပေါ့နော်။ ကချင်မြေမှာ လုပ်နိုင်ပါတယ်။ အဲဒါတွေကြောင့် သူတို့ ထင်သလိုလုပ်နိုင်ဖို့အတွက် တိုက်တယ်လို့ ယူဆနိုင် ပါတယ်။

မေး။      ။ ဒီစစ်ဆင်ရေးတွေ စစ်ပွဲတွေကြောင့်ပေါ့လေ။ ပြည်သူတွေ ဘယ်လိုမျိုး ရင်ဆိုင်နေရတယ်ဆိုတာ ရှင်းပြ ပေးပါလား။

ဖြေ။      ။ကချင်လူထုကြီး မှာတော့အကြီးအကျယ် ဆုံးရှုံးခဲ့ပါတယ်။ မနေ့တနေ့က ထွက်ပြေးသွားတဲ့ နန့်လင်းပါ ဧရိ ယာဆိုရင်စပါးတောင် မရိတ်ရဘူးလေ။ ဆိုတော့ ဧကသောင်းနဲ့ချီပြီး ဆုံးရှုံးခဲ့ပြီးလေ။ ယူမသွားနိုင်တဲ့ကျွဲနွားတွေက အစ ခြံထွက်တွေ၊ တခြားစီးပွားရေးတွေဟာ ဆုံးပြီးပေါ့။
၂၀၁၁ခုနှစ်ကတည်းက အစိုးရက စစ်ဆင်ခဲ့တာလေ။ လူထုသိန်းနဲ့ချီပြီး ရှိတယ်။အထူးသဖြင့် ပြောရရင် တောတန်းနဲ့ တောင်တန်းမှာ အခြေချတဲ့ ကချင်ရွာတွေ ဆိုလို့ မရှိတော့ဘူးလေ။ထွက်ပြေး ကုန်ကြပြီးလေ။ အဲဒီနေရာမှာ ခရိုနီ တွေလည်း ၀င်လာနိုင်ပါတယ်။ ဆုံးရှုံးမှုအနေနဲ့ပြောရရင်  စဉ်းစားကြည့်ပေါ့ဗျာ။ ဘယ်လောက်ထိ နစ်နာခဲ့လဲဆိုတာ။

မေး။      ။ ပြည်တွင်းမီဒီယာတခုကနေသတင်းတပုဒ်ဖတ်ရတယ်။ မြောက်ပိုင်းတိုင်းတပ်ရဲ့ အကူအညီနဲ့ စစ်ပြေးဒုက္ခ သည်တွေ နေရပ်ပြန်ပို့တယ်လို့ဖတ်ရတယ်။ ဒီတော့ အဲဒီလို ပြန်ပို့တာရှိပါလား။

ဖြေ။      ။ မရှိပါဘူးဗျ။ အခုလိုမျိုးစစ်ဆင်ရေးတွေ ပြန်စနေမှတော့ ဘယ် ပြန်ပါ့မလဲ။ မကြားပါဘူး။ ဒုက္ခသည်ဆိုတာ စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်တခုဆိုတာ မမှာဘူး။ အဲဒါကို နိုင်ငံရေးအရပါ အသုံးချကြပါတယ်။ အခုလိုမျိုးရေးသားမှု တွေက အစပေါ့နော်။ ပြီးတော့ ခက်တာက အစိုးရ စကားတွေဟာ ယုံရတာ အင်မတန်ခက်ပါတယ်။
ဒုက္ခသည်ဆိုလို့ နှစ်ပိုင်းရှိပါတယ်။ အစိုးရဖက်ခြမ်း အထူးသဖြင့် မြို့ပေါ်ကိုထွက်ပြေးကြတဲ့ လူတွေပေါ့၊ အဲဒါကအ နည်း စုပါ။ ပြီးတော့ ကျနော်တို့ဖက်ကို ရောက်လာတဲ့လူတွေပေါ့။ ဒါကအများစု။
စဉ်းစားကြည့်ရင် ဒုက္ခသည် ဖြစ်လာအောင် စစ်ဆင်ရေးကြောင့် ဖြစ်လာတယ်။ မနေနိုင်၊မခံနိုင်အောင် အစိုးရတပ်က လုပ်ကြတယ်။ အဲဒါက ပေါ်လစီ။ ဖြစ်လာတဲ့ ဒုက္ခသည်တွေကြောင့် စိတ်ဆင်းရဲရတယ်။အဲဒါက စိတ်ဓါတ်စစ်ဆင်ရေး ။ ဆုံးရှုံးမှုနဲ့ ပြန်လည်နေရာ ချထားမှုတွေက နိုင်ငံရေးကစားကွက်ဆိုတော့ ချုပ်လိုက်ရင် အစိုးရရဲ့ အကြံအစည်ဘဲ ဖြစ်ပါတယ်။
ကျနော်တို့ကတော့ ကချင်လူမျိုးတွေ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်မရသရွေ့တော့ ဒီထက် ဆုံးရှုံးနေဦးမယ် ဆို တာ ယုံပါတယ်။ သဘောကတော့ အခုပြသနာကိုဘဲကြည့်ပါ။ရလာတဲ့ စီးပွား အခွင့်အရေးတွေ ကချင်လူမျိုး တွေခံ စားခွင့်ရမှာတော့ မဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ်လုပ်ချင်လို့ အခွင့်ထူးရချင်လို့ KIA ကို တိုက်နေတာဘဲ။



5 comments:

  1. မြန်မာနိုင်ငံမှာမြန်မာ့တပ်မတော်ပဲရှိတယ်
    KIA ဆိုတာသောင်းကျန်းသူပါပဲ

    ReplyDelete
    Replies
    1. မြန်မာ့တပ်မတော်ဆိုတာ မုဒိမ်း ဓားပြသူခိုး တပ်ကိုပြောတာလား

      Delete
  2. လ ဘန်​ ​လေ လုံး ထွား ​နေ ပြန်​ ပြီ ခံ ထား ရ တာ မ မှတ်​ ​သေး ဘူး ဘယ်​ ​ချောင်​ က​နေ ​အော်​ ​နေ လဲ

    ReplyDelete
  3. ကချင် တမျိုးသား လုံးပါဝင်ပြီး မတရားကျူးကျော် ဗမာစစ်တပ် ကိုတိုက်ထုတ်သင့်တယ်။

    ReplyDelete
  4. အချင်းချင်းတိုက်နေတာဘယ်ကောင်းပါ့မလဲ ထိပ်ပိုင်းကစစ်
    ခေါင်းဆောင်တွေရဲ့လောဘလွန်ကဲမှု့ကြောင့်ပါပဲ

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။