Monday, December 2, 2013

KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံမေးမြန်းခြင်း

(Mizzima)

တရုတ် -မြန်မာနယ် စပ် လိုင်ဇာမြို့တွင် အခြေစိုက်ထားသည့် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်သည် ခုနစ်နှစ်ကြာ ကာလအတွင်း ပြီးခဲ့သည့်နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဘုံသဘောတူညီချက် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ် အခတ်ရပ်စဲရေး မူကြမ်းအပေါ် သုံးသပ်ရန်အတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ရောက်ရှိနေစဉ် ငြိမ်းချမ်း ရေးဆိုင်ရာများ၊ တိုင်းရင်သားများ၏ လိုလားချက်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံ မေး မြန်းထားသည်များကို ထုတ်နုတ် ဖော်ပြလိုက်ပါသည်။


ချင်းမိုင်မှာ သုံးရက်ကြာလုပ်ခဲ့တဲ့ တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ဆွေးနွေးပွဲ ရလဒ်က ဘာတွေလဲရှင်။

NCCT အဖွဲ့ ဆွေးနွေးခဲ့တဲ့ ရလဒ်က စာချုပ်မူကြမ်း ပြုစုရေးပါပဲ။ စာချုပ်ကို ရေးနေတယ်။ ပြီးတော့ အဖွဲ့တိုင်းရဲ့ဌာနချုပ်ကို ဒီလ(နိုဝင်ဘာ) ၃၀ ရက် ဒီနေ့မှာ ပို့မယ်။ ပြီးမှ အဖွဲ့အသီးသီးရဲ့ အမြင် သဘော ထားတွေကို ဒီဇင်ဘာလ ၁၀ ၀န်းကျင်လောက်မှာ ပြန်စုလိုက်မယ်။ ဒါတွေကို ပြန်စုပြီးတော့ မူကြမ်းကို ဆက်ရေးဆွဲမယ်။ ရေးပြီးရင် ကရင်အမျိုးသား အစည်းအရုံး(KNU)ကျင်းပမယ့် အစည်းအဝေးမှာ အတည် ပြုဖို့ဖြစ်ပါတယ်။

ဗိုလ်ချုပ်နဲ့ ဦးတေဇ တွေ့ဖို့ ဘယ်သူက ဖိတ်ခေါ်တာလဲ။ သူနဲ့တွေ့ဆုံပြီး ဘာတွေများဆွေးနွေး ခဲ့လဲ။

အဓိက ဦးတေဇက ကချင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်နေတဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်တဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ တွေ့ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ဘက်က ပြောစရာတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့ အမြင်တွေ သူ့ကို ပြောရမယ်။ သူ့လုပ်ငန်းတွေလည်း ကျွန်တော်တို့ သိ ထားဖို့လိုတယ်။ ဒါကြောင့်မို့ တွေ့တာ။ အခုမှ သူတို့ ပထမအကြိမ်တွေ့တာ မဟုတ်ဘူး။ သူနဲ့တွေ့တာ လေး၊ ငါးကြိမ် ရှိပါပြီ။

ဒီတစ်ခေါက်လည်း သူက တွေ့ဖို့ တောင်းဆိုတာ မဟုတ်ဘူး။ ကေအိုင်အိုက သူ့ရဲ့လုပ်ငန်းအခြေအနေကို သိဖို့ရယ်၊ ကျွန်တော်တို့ဘက်က သဘောထားများကို သူ့ကို အသိပေးဖို့ လိုအပ်တဲ့အတွက် တွေ့တာဖြစ် တယ်။

ရန်ကုန်ရောက်တဲ့အချိန် ကချင်လူထုတွေက စည်စည်ကားကား ကြိုဆိုတဲ့အပေါ် ဘယ်လိုခံစား ရလဲ။

ကချင်လူထုကတော့ ကေအိုင်အို ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူတို့ ဆန္ဒတွေကို ဖော်ပြချင်တယ်။ ကေအိုင်အို တွေရဲ့ လုပ်ဆောင်မှုတွေကို သိချင်တဲ့အတွက်ကြောင့် ကြိုဆိုကြတာ ဖြစ်တယ်။ ကျွန်တော် လည်း ၀မ်းသာပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာမူကြမ်းက ဘာတွေ ကွဲနေလဲ။

လိုင်ဇာဆွေးနွေးပွဲမှာက ခေါင်းစဉ် ဒီတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဖို့အတွက် တိုင်းရင်းသား ဘက်ကနေ ညှိနှိုင်းချင်တဲ့ခေါင်းစဉ်တွေ ထုတ်ထားတယ်။ အစိုးရဘက်က တင်ပြတာကတော့ စာတမ်း ပေါ့နော်။ ဘာတွေကွဲလွဲတာလဲ ဆိုတော့ ပုံစံကွဲတယ်။ တိုင်းရင်းသားတွေဘက်က လိုချင်တဲ့ပုံစံနဲ့ အစိုးရ ကပေးတဲ့ ပုံစံက ကွဲပြားတယ်။ တိုင်းရင်းသားတွေ ဖြစ်စေချင်တဲ့ သဘောဆန္ဒနဲ့ အစိုးရ ဘက်ကဆန္ဒ နည်းနည်းကွဲလွဲမှု ရှိတယ်။

ဥပမာ တိုင်းရင်းသားတွေဘက်က ဖြစ်စေချင်တာကတော့ တစ်ဖက်နဲ့ တစ်ဖက် ဆွေးနွေးတဲ့အခါမှာ ခေါင်းစဉ်တွေကို အရင်ချပြီး ဆွေးနွေးမယ်။ ပြီးမှ နောက်ပိုင်း စာချုပ်မူကြမ်းကို အတူတူ ရေးမယ်ပေါ့။ ဒါပေမဲ့ အစိုးရဘက်က ပေးတာကတော့ စာချုပ်မူကြမ်းကို တစ်ခါတည်း ရေးပြီးသားပါလာတယ်။

အစိုးရဘက်ကပေးတဲ့ မူကြမ်းအပေါ် ဘယ်လိုမြင်လဲ။

အဲဒီမူကြမ်းမှာပါတာကတော့ လက်နက်ကိုင်လမ်းစဉ်ဟာ မှားတယ်။ ဒါကြောင့် ဒီလက်နက်ကိုင်လမ်းစဉ် ကို စွန့်လွှတ်ရမယ်ဆိုတဲ့သဘော ဖြစ်နေတယ်။ အဲတော့ တိုင်းရင်းသားဘက်ကနေ စဉ်းစားတာက လက် နက်ကိုင်ထားတယ် ဆိုတာက ကိုယ့်ရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒီလမ်းစဉ်က မမှားဘူး။ ဒီအယူအဆအပေါ်မှာ ကွဲလွဲမှုတွေ ရှိနေတယ်။

တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်နဲ့ အစိုးရပြောနေတဲ့ ငြိမ်းချမ်း ရေးဆွေးနွေးမှု ဘာတွေကွာခြားနေလဲ။

အခုအချိန်ထိတော့ ဖက်ဒရယ်စနစ် ပုံစံနဲ့ ဆွေးနွေးမလား။ သေချာမညှိရသေးတော့ ဘာတွေ ကွာခြားနေ တယ်ဆိုတာ မသိသေးဘူး။ တိုင်းရင်းသားတွေက ဖက်ဒရယ်ပုံစံနဲ့ ဆွေးနွေးချင်တယ်။ အစိုးရဘက် ကတော့ ဖက်ဒရယ်စနစ်နဲ့ ဆွေးနွေးမယ်ဆိုတဲ့ အယူအဆကို သူတို့ ဘက်က တုံ့ပြန်မှုမရှိသေးဘူး။

လိုင်ဇာ ညီလာခံကနေ သဘောတူညီချက်မှာပါတဲ့ အခြေခံမှုတွေထဲက ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးဆိုတာကို ရှင်းပြပေးပါလား။

တပ်မတော်ကိစ္စပြောရင် နှစ်ပိုင်း ပြောရမှာပေါ့။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့အချိန်နဲ့ တော် လှန်ရေးကောင်စီမတက်ခင် အချိန်ထိ တပ်မတော်မှာကတော့ တပ်မတော်အားလုံး ပါဝင်တယ်။ နောက် ပိုင်း တိုင်းရင်းသားတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍက မရှိသလောက် ဖြစ်သွားတယ်။ အခုအချိန်မှာတော့ ပိုပြီး မှ နည်းတယ်။ ဒါကြောင့်မို့ တိုင်းရင်းသားဘက်က ပြောဆိုနေတာကတော့ တိုင်းရင်းသားများ အားလုံးက လည်း တန်းတူ ပါဝင်နိုင်တဲ့တပ်မတော် ဖြစ်ရမယ်။ အဲဒီလို ဖြစ်တယ်ဆိုလို့ရှိရင် နိုင်ငံကို ဖက်ဒရယ်စနစ်နဲ့ တည်ဆောက်မယ်။ ဖက်ဒရယ်စနစ်နဲ့ တည်ဆောက်တဲ့ နိုင်ငံမှာ တိုင်းရင်းသားအားလုံး ပါဝင်နိုင်တဲ့ တပ် မတော်က ဖက်ဒရယ် တပ်မတော်ဖြစ်သင့်တယ်ဆိုတဲ့ အယူအဆကို ပြောတာ ဖြစ်တယ်။

တိုင်းရင်းသားအဖွဲ့တွေ တောင်းဆိုနေတာက ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖြစ်သင့်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အခုတိုင်းရင်းသား အဖွဲ့တွေ တောင်းဆိုနေတဲ့ နိုင်ငံပုံစံက ဖက်ဒရယ်နိုင်ငံ ဖြစ်တယ်။ အဲတော့ နိုင်ငံကို ဖွဲ့စည်းတဲ့နေရာမှာ အခြေခံပြီးတော့ တပ်မတော်ကို ဖွဲ့စည်းမယ်။ ဒါကြောင့် မလို့ ဖက်ဒ ရယ် ပြည်ထောင်စု တပ်မတော် ဖြစ်တယ်။

နောက်တစ်ခုကတော့ တပ်မတော် ကိစ္စကို ပြောတဲ့အခါမှာ ခုနပြောသလိုပဲ အရင်တုန်းက အရင်တုန်းက တပ်မတော်မှာ အကုန်လုံး ပါဝင်ခဲ့တယ်။ အခု နောက်ဖွဲ့စည်းမယ့် တပ်မတော်မှာလည်း ဒီနိုင်ငံကိုကာ ကွယ်ဖို့ ဒီနိုင်ငံရေး အချုပ်အချာအာဏာကို ကာကွယ်ဖို့ ဆိုလို့ရှိရင် ဒီပြည်ထောင်စုထဲမှာရှိတဲ့ တိုင်းရင်း သား အားလုံး ပါဝင်သင့်တယ်။ ဒါကို ကျွန်တော်တို့က ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်လို့ ခေါ်တယ်။ တကယ်လို့သာ ဒီတပ်မတော်ကိစ္စက ခဏခဏ ပြောနေရတာက တိုင်းရင်းသားဘက်ကနေ ကိုယ့်ရဲ့လုံခြုံ မှုစိတ်ချမှုကို စဉ်းစားတယ်။ တပ်မတော်က တိုင်းရင်းသားအားလုံးကို ကာကွယ်တဲ့ တပ်မတော်ဖြစ်တယ် လို့ ယုံကြည်တဲ့အခါမှာ၊ ပြီးရင်တပ်မတော်က တကယ်ဘဲ တပ်မတော်ရဲ့ တာဝန်ကိုပဲ သေသေချာချာ တိတိကျကျ လိုက်နာ ထမ်းဆောင်တယ်လို့ ပြောတဲ့အခါမှာ ဒီတိုင်းရင်းသားဘက်ကနေ တပ်မတော် ကိစ္စကို ခဏခဏ ပြောစရာမလိုဘူး။ အားလုံးစိတ်ထဲမှာ ယုံကြည်တယ်။ ဒီလိုပဲ မြင်ပါတယ်။

ဒီပြည်ထောင်စု တပ်မတော်ဆိုတာကို ဘယ်လိုဖွဲ့စည်းမှာလဲ။

အခုအချိန်ထိတော့ ဒီဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ကို ဘယ်လို ဖွဲ့စည်းမယ်ဆိုတာ သေသေချာ ချာ ဆွေးနွေးရတာ မရှိဘူး။ နောက်ပိုင်းမှာဆွေးနွေးမှာ ဖြစ်တယ်။ ဒါကြောင့် နောက်ပိုင်း ဆွေးနွေးမယ့် ခေါင်းစဉ်မှာ တပ်မတော်ဆိုင်ရာကို ဆွေးနွေးဖို့ဆိုပြီး ထည့်ထားတာ ဖြစ်တယ်။

အစိုးရဘက်က ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့အပိုင်းကို ဘယ်လိုမြင်လဲ။

အစိုးရဘက် ငြိမ်းချမ်းရေး လုပ်ဆောင်မှုအပိုင်းမှာ ကြည့်လို့ရှိရင်ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတဲ့ အပိုင်းနှစ်ပိုင်းကို သီးခြားစီ လုပ်နေတယ်လို့ မြင်တယ်။ တကယ် တော့ ဒီနှစ်ခုက အဆက်အစပ်ရှိသင့်တယ်။ ပြီးတော့ ဒီ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ဖော် ဆောင်ရေး ကော်မတီတွေ၊ လုပ်ငန်းကော်မတီတွေ ထားထားတာရှိပေမယ့် အခုအချိန်ထိ အလုပ်လုပ် တာက တစ်ဖွဲ့တည်းလို ဖြစ်နေတယ်။

ဥပမာ MPC က ပဲ လုပ်နေတယ်။ ဒါကလည်း အားနည်းမှုတစ်ခုလို့ မြင်တယ်။ ကျန်တဲ့အဖွဲ့တွေ၊ ကျန်တဲ့ ခေါင်းဆောင်တွေကတော့ အစည်းအဝေးမှာ တွေ့ကြတယ်။ အစည်းအဝေး မရှိတဲ့အချိန်မှာ ဒီကော်မတီ တွေရဲ့ လုပ်ဆောင်မှုကို ကျွန်တော်တို့ဘက်က သိပ်မတွေ့ရဘူး။ ကျွန်တော်တို့တွေ့တာတော့ MPC နဲ့ ဦးအောင်မင်းတို့ အဖွဲ့တွေကတော့ လုပ်နေတယ်။ တကယ် တော့ ဒီထက်ပိုပြီးမှ အားလုံးပါဝင်လုပ်ဆောင် သင့်တယ်လို့ မြင်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးက ဘယ်လောက်ထိ ကြာနိုင်ဦးမလဲ၊ ဘာကြောင့် ကြန့်ကြာနေတာလဲ။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ကတော့ သေချာပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ဖက်ရဲ့ အယူအဆတွေကို ညှိရမယ်။ ခုနပြောသလိုပေါ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဒီအရင်တုန်းက လက်နက်ကိုင်ပြီး တော်လှန်ခဲ့တဲ့လမ်းစဉ်က မှားပါတယ်လို့ ပြောတဲ့ အယူအဆမျိုးကို ဆက်ပြီး စွဲကိုင်ထားမယ်ဆိုရင် ဒီလိုအယူအဆတွေကို အရင်ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ် လောက်ကြာမလဲ၊ ဘယ်လောက်ထိ ဆွေးနွေးနိုင်မလဲ၊ ဘယ်လောက်ထိ ညှိနှိုင်းနိုင်မလဲဆိုတဲ့ အပေါ်မှာဘဲ အဓိက ကျမယ်။

ဒီလို အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ ကြာနေတာက တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးမှုအပိုင်းမှာ နားလည်မှု အားနည်းနေတုန်းဖြစ်လို့ ဒီလိုကြာနေတာ ဖြစ်တယ်။ နောက်တစ်ခုကတော့ ပုံစံပေါ့။ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးကို ဘယ်လိုပုံစံလုပ်မလဲ။ အပစ်အခတ် ရပ်စဲရေးပြီးရင် နိုင်ငံရေးဆွေးနွေးတဲ့အပိုင်းမှာ ဘယ်လိုပုံစံနဲ့ ဆွေးနွေးမလဲဆိုတဲ့ အဓိက အချက် သုံးချက်ကို သေသေချာချာ မဆွေးနွေးရသေးဘူး။ မပြီး ပြတ်သေးဘူး။ ဒါကြောင့် ကြာနေတာ ဖြစ်တယ်။

ဗိုလ်ချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ဘာတွေလိုအပ်နေပြီး ဘယ်လို ဆက် လက်လုပ်ဆောင်သင့်တယ်လို့ ထင်လဲ။

အဓိကတော့ တိုင်းရင်းသားများ အပြန်အလှန် လေးစားမှု အသိအမှတ်ပြုရေး အရေးကြီးပါတယ်။ ဥပမာ တိုင်းရင်းသားအချင်းချင်းကတော့ တန်းတူဖြစ်တယ်။ အားလုံးက တန်းတူ အခွင့်အရေး ရှိရမယ်။ အပြန် အလှန် အသိအမှတ်ပြုရမယ်။ အပြန်အလှန် လေးစားရမယ်ဆိုတဲ့ အချက်အပေါ်မှာ အခြေခံပြီးလုပ်ဖို့ လိုအပ်ပါတယ်။

ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်သင့်ပြီလား။ သူပါဝင်လာခြင်း မရှိသေး တဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။

ဒေါ်အောင်ဆန်းစုကြည်လည်း တစ်ချိန်မှာ ပါဝင်လာဖို့လိုပါတယ်။ ဘယ်အချိန်မှာ ပါဝင်လာမလဲဆိုတာ ကတော့ ဒီဆွေးနွေးမှုရဲ့ အရေးပါမှု၊ ပြီးရင်အားလုံး ပါဝင်နိုင်တဲ့ အခြေအနေတွေကို ဘယ်လောက်ထိ ဆွေးနွေးနိုင်ပြီလဲဆိုတဲ့အပေါ်မှာ အဓိက ကျပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားအရေး ကြီးတဲ့ ခေါင်းဆောင်တွေ အကုန်လုံး ပါဝင်ဖို့ လိုအပ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို တွေ့ဆုံဆွေးနွေးလိုတဲ့ မေတ္တာရပ်ခံစာကို လက်မခံတဲ့အပေါ် ဘယ်လို ရှုမြင်လဲ။

ဒီဟာကတော့ အစိုးရရဲ့ သူ့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အချိန်ဇယားအရ ပြောတာ ဖြစ်ပါလိမ့်မယ်။ အခြေခံ ဥပဒေကိုပြင်ဖို့ အချိန်မတန်ဘူးလို့ ပြောတာ မဟုတ်ဘဲ။ ပြင်ဖို့အတွက် သူ့ရဲ့ အချိန်ဇယားအရပြောတာ ဖြစ်နိုင်ပါတယ်။ ဒီအခြေခံဥပဒေကိစ္စက လူတိုင်း ပြောနေတာ ဖြစ်တယ်။ အဲတော့ လွှတ်တော်အနေနဲ့ ရော အစိုးရအနေနဲ့ရော သူတို့ရဲ့ လုပ်ငန်းအစီအစဉ်ကိုကြည့်ပြီး ဒီ အချိန်ဇယားကိုပြောတာ ဖြစ်ပါလိမ့် မယ်။

ကာကွယ်ရေးဦးစီးချုပ်ရော ဒီအပစ်အခတ်ရပ်စဲရေးမှာ ပါဝင်သင့်လား။

ဒီအပိုင်းက ကျွန်တော်တို့ ဆွေးနွေးရဦးမယ်။ ဒီအပစ်အခတ်ရပ်စဲရေး စာချုပ်ကို ဘယ်လောက်အဆင့် ထိမှာ ထိုးမလဲဆိုတာ ကျွန်တော်တို့ တစ်ဖက်တည်းဆုံး ဖြတ်လို့မရဘူး။ အစိုးရအဖွဲ့ ကျွန်တော် တို့ ဆွေးနွေးရမယ်။ ဒါပေမဲ့ တကယ် တာဝန်ရှိတဲ့ ပုဂ်္ဂိုများကတော့ ပါဝင်ပြီး လက်မှတ်ရေးထိုးဖို့ လိုအပ်ပါ တယ်။

လက်ရှိ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲမှာ ကေအိုင်အေတပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် ဗိုလ်ချုပ် ဘယ်လိုမြင်လဲ။

ကေအိုင်အိုနဲ့က အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးရသေးဘူးဆိုတော့ တိုက်ပွဲတွေ ဆက်ရှိနေတယ်။ ဒါပေမဲ့ အရင်လောက်တော့ မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် တိုက်ပွဲတွေကို လျှော့ချနေတယ် ဆိုပေမယ့် တိုက်ပွဲတွေက ဆက်လက်ဖြစ်နေတုန်းပါပဲ။ အဲတော့ ဆွေးနွေးမှုတွေ မပြီးပြတ်သေးလို့ တိုက်ပွဲတွေက ရှိနေတုန်းပါ။

အစိုးရဘက်က အမျိုးမျိုးပဲ။ သစ်မှောင်ခိုတွေကို လိုက်ဖမ်းတယ်လို့လည်း ပြောတယ်။ ပြီးရင် တချို့က တော့ လေ့ကျင့်ရေး လုပ်နေတာတွေ ရှိတယ်လို့ ပြောတယ်။ နောက်တချို့နေရာတွေမှာတော့ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးဆိုပြီးတော့ တပ်တွေကတော့ အများကြီး လှုပ်ရှားနေတယ်။ ဒါပေမဲ့ ဒီလိုအခြေ အနေမျိုးမှာတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကေအိုင်အိုရဲ့တပ်နဲ့ နီးတဲ့နေရာမှာ ၀င်လာရင်တော့ တိုက်ပွဲ တွေတော့ ဆက်ဖြစ်မှာပါ။ ဒီလိုရှုပ်ထွေးတဲ့အချိန်မှာ ဒီလိုလုပ်တယ် ဆိုတာကတော့ သိပ်ပြီးမှ သဘာဝ မကျပါဘူး။ ဘယ်လိုအကြောင်းပြချက်ပဲဖြစ် ဖြစ် အစိုးရဘက်က ဘယ်လိုအကြောင်း ပြချက် ဖြစ်ဖြစ် ပေါ့လေ။ ဒါက တစ်ဖက် နဲ့တစ်ဖက် နားလည်မှုနဲ့ ဒီလိုအချိန်မှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားသင့်တယ်လို့ ထင်တယ်။

ဗိုလ်ချုပ်အနေနဲ့ ဘာများ ဖြည့်စွက်ပြောစရာ ရှိမလဲ။

တခြားတော့ သိပ်မရှိပါဘူး။ ကေအိုင်အိုအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွေကို ခိုင်ခိုင် မာမာနဲ့ ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေကို ဘယ်လိုလုပ်မလဲဆိုတာ ရှင်းလင်းသိနိုင်တဲ့ အနေအထားမျိုးနဲ့ ဒီစာချုပ်များကို ဆက်လက် ဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။