Thursday, December 12, 2013
ဆောင်းတမနက်ရဲ့ အလှည့်အပြောင်းတကွက်...
(Kayin Lay)
ထိုင်ပြီးရင် ထ လို့ မရ။ ထပြီးရင် လည်း ပြန်ထိုင် လို့  မရ။ ဖြောင့် ထားပြီးရင် ကွေး ဖို့ ခက်သလို ကွေးပြီးရင် လည်း ပြန် ဆန့် တန်းဖို့ ခက်လှချည်ရဲ့။
အပေါက် ကလေး က သေးသေးလေးနဲ့  ကြည့် လိုက်ရင် ဆူးခြစ်ထား တာလောက် ရှိတဲ့ သွေးစို့ ရုံ တင်လေး ဒဏ်ရာ ထင်ရပေမယ် ခုတော့ ကျနော့်ဒူးခေါင်းဟာ အချိန်နဲ့ အမျှယောက်ကိုင်းတက်လာပြီး နီညိုရောင်သမ်း နေတယ်။ ဒူးခေါင်းဟာ ခရမ်းရောင်သမ်းတဲ့ ဆင်ခေါင်းတခုနဲ့ ခပ်ဆင်ဆင်ပါပဲ။ M 79 ဗုံးပစ်လောင်ချာရဲ့ ၄၀ မမကျည်ကွဲစဟာ ဘယ်လောက်အထိအဆပ်ပြင်းတယ်ဆိုတာ ဘ၀မှာငါတွေ့ ကိုယ်တွေ့  လက်တွေ့ ခံစား နေရပြီ။
Ambush ခြုံခုံတိုက်ပွဲအပြီး လူစိစစ်ပြီးပြန်အဆုတ်မှာ ဒဏ်ရာရသူတွေကို ထမ်းစင်နဲ့ သယ်ထုတ်ဖို့ လုပ်တဲ့ အခါ ရဲဘော်တွေကကျနော့်ကိုမေးပေမယ့် ကျနော်ငြင်းလိုက်တယ်။ ကျနော့်ကိုထမ်းထုတ်ဖို့ အနည်းဆုံး ရဲဘော်လေးယောက်လိုမယ်။ ကျနော်တို့ ကလက်ရှိ ရန်သူ့ နယ်မြေထဲမှာပဲရှိသေးတယ်။ ရန်သူဟာ အချိန်မ ရွေး နောက်က ထပ်ချပ်လိုက်လံပစ်ခတ်နိုင်သေးတယ်။ အကယ်လို့ များ ထိတွေ့ မှုဖြစ်ပါက ရဲဘော်လေး ယောက်စာပစ်အား လျော့နည်းသွားမှာကို မလိုလားမိခဲ့တာအမှန်ပါ။
ကျနော်တို့ တို့ လယ်ကွင်းကိုဖြတ်လျှောက်တော့ ကောက်ရိုးပုံနားမှာ ဆေးဆရာတွေ၊ ကျနော်တို့ ရဲဘော်နဲ့  မဟာမိတ်ကေအိုင်အေက တပ်မဟာမှူးတို့ ရပ်နေကြည့်နေတာကိုတွေ့ ရတယ်။ ကျနော်စိတ်ဝင်တစားသွား ကြည့်တော့ မြင်မြင်ချင်း ရင်ထဲစို့ သွားတယ်။
ကျနော်တို့ စစ်ကြောင်းမှူး ကိုသံချောင်း ညာဖက်လက်ဖမိုးတ ခုလုံး ပြတ်ထွက်လုနီးပါးဒဏ်ရာနဲ့ တွေ့ လိုက်ရတယ်။ ကိုယ့်စစ်ကြောင်းမှူးခုလို ဒဏ်ရာပြင်းပြင်းထန်ထန်ရ တာကိုတွေ့ တော့ စိတ်ထဲငိုချင်မိတဲ့အထိ ထိခိုက်ခံစားမိတယ်။ ဘာပဲဖြစ်ဖြစ်လေ…ကျနော်တို့ စစ်တိုက်နေ ကြတာ။ ပန်းနဲ့ ပေါက်နေကြတာမှမဟုတ်။
ဝေလီဝေလင်းမှာ အားတင်းပြီးဆက်လျှောက်နေရင်း ခြုံခိုပစ်ခတ်မယ့်ကျနော်တို့ ပစ်မစစ်ကြောင်းကြီးကို ဖြတ်တိုက်လာနိုင်တဲ့  ရန်သူကိုကြားဖြတ်စောင့်ကြိုပစ်ခတ်မယ့် cut out အဖွဲ့ ဖက်က  ပစ်ခတ်သံတွေ စကြားနေရပြီ။ စက်ထဲဝင်လာတဲ့သတင်းအရ ကျနော်တို့ တိုက်ပွဲဖြစ်သံကြားလို့ မိုးမောက်ဖက်ကနေ ရန်သူ့  စစ်ကူကားတွေနဲ့ တက်လာတယ်လို့ သိရတယ်။ cut out အဖွဲ့ မှာ အတွင်းရေးမှူး ကိုအောင်နိုင်ဦးဆောင် တဲ့ ရဲဘော်တပ်စုတစုနဲ့ ရဲမေတပ်စုရယ် မဟာမိတ်ကေအိုင်အေက တပ်ကြပ်ကြီးတဦး ဦးစီးတဲ့  တပ်စုတစု ရှိတယ်။
ကပ်တောက်အဖွဲ့ ရန်သူနဲ့ ထိတွေ့ တိုက်ပွဲစဖြစ်နေပြီ။ ကျနော်တွေးပူမိလိုက်သေးတယ်။ အဲ့ဒီအဖွဲ့ မှာ ရဲ ဘော်အင်အားထက် ရဲမေအင်အားကပိုများနေလို့ ပဲ။ ဒါပေမယ့် သူတို့ ကတော့ ပစ်နေကြပြီ။ အရင်တုံးက ကျနော်တို့ မြောက်ပိုင်းကျောင်းသားတပ်မတော်က ရဲမေတွေဟာ ရဲဘော်များနည်းတူ ရှေ့ တန်းလိုက်ပြီး တိုက်ပွဲဝင်ခဲ့ကြတာကို ပြန်သတိရရင်း သူတို့ ရဲ စိတ်ဓာတ်နဲ့ သတ္တိကို ချီးကျူးလေးစားဂုဏ်ယူမိတယ်။ ရတဲ့ လက်နက်ကိုင်ပြီး မကြောက်မရွံ့တမ်း ရှေ့ တန်းမှာသူတို့ ပါဝင်ခဲ့ကြတယ်။
ဒီနေ့ မနက် ခြုံခိုပစ်ခတ်မှုဖြစ်စဉ်ကတော့ မိုးမောက် မံစီကာလမ်းပိုင်းပေါ်မှာလှုပ်ရှားနေတဲ့ စစ်အစိုးရတပ် ကချင်ပြည်နယ် ဟိုပင်အခြေစိုက် ခလရ (၄၀)က တပ်ခွဲမှူးဗိုလ်ကြီး ၀င်းထွန်း (ထွန်းဝင်း) ဦးစီးတဲ့  လှုပ်ရှား စစ်ကြောင်းကို သွားရောက်ပစ်ခတ်ခြင်းဖြစ်တယ်။ ဖြစ်စဉ်မှာ တပ်ခွဲမှူးအပြင် ရဲဘော်အချို့ ကျပြီး လက်နက် ငယ် (၆)လက်ကျနော်တို့ သိမ်းဆည်းရမိတယ်။ တပ်ခွဲတခုလုံး ဖွဲ့ စည်းပုံပျက် လူစုကွဲသွားကြတယ်။ ဆ က်သွယ်ရေးစက်ကအစ တိုက်ပွဲဖြစ်စဉ်နားက ရေကန်ထဲဝှက်ပြီး ထွက်ပြေးသွားကြတယ်။
ကျနော်တို့ စောင့်ကြိုပစ်ခတ်တဲ့နေရာဟာ ပင်မကားလမ်းမကြီးဖြစ်တာမို့ နစ်ဖက်ပစ်ခတ်ခဲ့ကြတာ ပေ ၃၀ထက်မပိုဘူး။ ခြုံခိုတိုက်ပွဲထဲမျာ အနီးကပ်ဆုံးပစ်ခတ်မှုကြုံခဲ့ရတာဆိုလည်းမမှားဘူး။ ပိုဆိုးတာက လမ်း သွားလမ်းလာ မပြတ်တာမို့ ကျနော်တို့ ကုတုတ်ကျင်းမတူးသာဘူး။ အကောင်းဆုံးနေရာကိုကျည်ကွယ်လုပ် ပြီး လူတရပ်ခံမြင့်ပြီး ပိန်းပိတ်နေတဲ့ ဂျာမနီပင်တွေကို မျက်ကွယ်ပြုလုပ်ခဲ့ရတယ်။ ဒီလို သဘာဝမြေပြင်အားနည်းချက်ကြောင့် ကျနော်တို့ တပ်စုရဲဘော်တွေ တော်တော်များများ ကျည်ထိမှန်ကြတယ်။
တိုက်ပွဲဟာ လက်ပစ်ဗုံးတကမ်းပစ်စာပဲရှိတာမို့ မိုးလင်းခါနီး ခြေမုန်းရေးဝင်တော့မယ့်အခါ ကျနော် လက်ပစ် ဗုံးနစ်လုံး ပစ်ခဲ့တာမှတ်မှတ်ရရ။ တရုတ်လျက်ဆားပုလင်းလက်ပစ်ဗုံးကို ဒီတိုက်ပွဲမှာပဲ့လက်တွေ့ သုံးခဲ့ဘူးတယ်။ ခြေမုန်းရေးလုပ်ဖို့ မီးကုန်ဖွင့်ပြီး အရှေ့ တက်တဲ့အခါ ကျနော်ကိုင်တဲ့  ဂျီ ၃ သေနတ်ဟာ ဂျမ်းဖြစ်ပြီး ပစ်မရ တော့ဘူး။ ကျည်အတောင့် ၁၂၀ကျော်..ကျည်ကပ်ခြောက်ကပ်ပစ်ပြီးကတည်းက ကျည်ညှပ်သွားပြီ။ ဒါပေ မယ့် တက်ဆိုတဲ့အခါ ပစ်မရတော့လည်း တက်တာပဲ။ ပါးစပ်ကပဲ..ကျားးးးးးးးးးးးး လို့ အော်ခဲ့ရတယ်။
ဒါပေမယ့် အဲ့ဒီကျား…က ကြာကြာမကျားလိုက်ရဘူး။ ခြေမုန်းရေးမျဉ်းကိုအရောက် ၀ုန်းဆိုတလုံး ကွဲ သံနဲ့အတူ ဖောက်ကနဲ့ တခုခုက ကျနော့်ဒူးခေါင်းကိုလာထိလို့ ဒူးက ညွတ်ကနဲ့ ဖြစ်သွားတယ်။ ပူကနဲ့ ခံစားလိုက်ရတယ်။ ဒူးခေါက်ကွေးကို လက်ဖ၀ါးနဲ့ စမ်းတော့ အခွက်ထဲသွေးတွေပြည့်နေပြီ။ ကျနော့်ရဲဘော် တင်ပိုကိုခေါ်ပြီး ဒဏ်ရာကိုကြည့်ခိုင်းပြီး ပေါက်ထွက်သွားလားလို့ မေးလိုက်တယ်။ တင်ပိုကလည်းအား တက်သရောဖြေရှာပါတယ်။ ပေါက်သွားတယ်ထင်တယ်ဆရာစိုးတဲ့။
ဘေးနားကို ကိုသိန်းလွင်တပ်စိတ်က ကိုမြင့်ကိုကျနော်လှမ်းခေါ်ပြီး ဒဏ်ရာကိုဆေးပတ်တီးစည်းပေးဖို့  အကူအညီတောင်းလိုက်တယ်။ ကျန်တဲ့ရဲဘော်တွေဆီက ပစ်သံရောအော်သံရော ဆက်ကြားနေဆဲ။ ဒီမှာဘယ်နစ်လောင်..ဟော့ဒီမှာ သေနတ် ဘယ်နစ်လက် စသဖြင့်။ ကိုမြင့်ပတ်တီးစည်းပေးတော့ ငိုအား ထက်ရယ်အားသန်ရပြန်တယ်။ ဆေးပတ်တီးထဲက အဓိကကျတဲ့ ဆေးအုပ်ထဲတဲ့ အထပ်ကိုလွင့်ပစ်လိုက်ပြီး ကျနော့်ကိုပတ်တီးချည်စည်းပေးတယ်။ အော်.. ပြန်စဉ်းစားတော့ ပတ်တီးတောင်အသုံးပြုပုံမသိခဲ့ကြပါလား။
ပတ်တီးစည်းပြီးတော့ ကျနော်လဲရှင်းလင်းရေးဆက်လုပ်တယ်.။ တိုက်ပွဲဖြစ်တုံးက ကျနော်နေရာနဲ့  တည့်တည့်မှာ တပ်ခွဲမှူးက ခွေခွေလေးသေဆုံးနေတယ်။ ခေါင်းတခုလုံး သွေးတွေရွှဲနေတယ်.။ ရင်ပတ်နဲ့ ဗိုက်မှာ အပေါက်ကလေးတွေအများကြီးနဲ့ ညိုငမ်းနေတာတွေ့ တော့ လက်ပစ်ဗုံးအစအနတွေ ထိထားမှန်း သိတာတယ်။ ကိုယ်ကတောင် ကြံကြံဖန်ဖန်စိတ်ကူးထဲမှာ ငါ့ပစ်လိုက်တဲ့ လက်ပစ်ဗုံးမိသွားတာလားဆိုပြီး ဂုဏ်ယူမိနေသေးတယ်။ အမှန်တော့ လက်ပစ်ဗုံးက ကိုယ်တယောက်တည်းပစ်တာမဟုတ်။ ကျန်ရဲဘော်တွေ လည်းပစ်ကြတာပဲ။
ကျနော်လည်း ကျဆုံးနေတဲ့တပ်ခွဲမှူးကိုသေသေခြာခြာကြည့်တော့ အမယ်ကိုယ်တော်ဝတ်ထားတာ စစ် ဆွယ်တာအသစ်ကြီးပါလား။ လက်မနှေးဘူး ကျနော်ချွတ်ယူလိုက်တယ်။ ဗန်းမော်ခရိုင်ဒီဇင်ဘာက အေးတယ်လေ။ ကျည်မှန်ထားတဲ့ အပေါက်ကလေးတွေနဲ့အတူ သူ့ လည်ပင်းစွတ်နားမှာ ဆံပင်ပြတ်စတွေနဲ့ ခေါင်းက ကျထားတဲ့  ဦးနှောက်အစဖြူဖြူနဲ့ သွေးရောပြီးကပ်ပေနေတယ်။ ဒါပေမယ့် ဆောင်းတွင်းက အေးတယ်လေဗျာ။ ဆွယ်တာလေးကိုယူပြီး ကျနော့်လည်ဂုတ်ပေါ်စည်းလိုက်တယ်.။ အဲ..နံမည်မမှတ်မိ တော့တဲ့ရဲဘော်တယောက်ကလည်း သူ့ ရဲ့ အသစ်စက်စက် စစ်ဖိနပ် jungle boot ကိုလာချွတ်ယူတယ်။သူကလည်း ဆောင်းတွင်းက အေးတယ်လေဗျာနေမှာပေါ့။
ကျနော်တို့ အခြေခံစစ်သင်တန်းယူကတည်းက ဆောင်ပုဒ်တခုသင်ခဲ့ရတယ်မဟုတ်လား။ ရန်သူ့ လက်နက် ကိုယ့်လက်နက်တဲ့။ တော်လှန်ရေးတပ်ရဲ့ ဆောင်ပုဒ်တခု။ အဲ့သလိုပဲ အခုလည်း ရန်သူ့ အ၀တ်ငါ့အ၀တ်။ ရန်သူ့ ဖိနပ်ငါ့ဖိနပ်ပဲပေါ့။ ကျုပ်တို့ လခရကြတဲ့ စစ်သားကြေးစားမဟုတ်ဘူးလေ။ ရတဲ့ဟာနဲ့ ဆက်ချီတက်ရမှာ မဟုတ်လား။ သွေးပေပေ ချေးပေပေ ချေးများမနေနိုင်ဘူး။ အအေးဒဏ်ကာကွယ်ဖို့ အခုချိန်မှာ ဆွယ်တာ တထည်ရတာဟာ ကျနော့်အတွက်အမြတ်။
ကျနော်တို့ ပင်မစစ်ကြောင်းနဲ့ ကပ်တောက်အဖွဲ့ တွေ ပြန်ဆုံတဲ့ စုရပ်အရောက်မှာ ကျနော်အပါအ၀င် ဒဏ်ရာရသူများကို နောက်တန်းပို့ ဖို့ အမိန့် ပေးတော့ တပ်မဟာဌာနချုပ်ကိုပြန်ခဲ့ရတယ်။ ကျနော်တို့ နဲ့ အတူ ရဲမေတပ်စုလည်းပြန်လိုက်ပါခဲ့ရတယ်။မှတ်မှတ်ရရ ကျနော့်အနောက်မှာရဲမေမစိန်။ လမ်းလျှောက်နေ ရင်းက ကျနော်ယူလာခဲ့တဲ့ ဆွယ်တာက သွေးညီနံ့ ကို အရမ်းဆိုးတယ်လို့ ပြောခဲ့သေးတယ်။ ကျနော်ဆေး ရုံတက်နေတော့ သူမကပဲ လျှော်ပေးပြီး လာပေးရှာပါတယ်။
ဆေးဆရုံမှာ ကျနော်ရယ် ကိုခင်မောင်လွင်ရယ် ကေအိုင်အေကပ်တောက်အဖွဲ့ အက တပ်ကြပ်ကြီးရယ် နောက်ထပ် ရဲဘော်တယောက်ရယ် လေးယောက်။ ကိုသံချောင်း (စီအက်စ်)ကတော့ ဒဏ်ရာအရမ်းကြီးပြီး တပ်မဟာဆေးရုံမှာကုလို့ မဖြစ်နိုင်လို့ တရုပ်ပြည်ဖက်ကိုပို့ လိုက်တယ်။ အဲ့ဒီအချိန်က တပ်မဟာဆေးဆရာ မတွေဖြစ်တဲ့ ဆရာမဒွဲလိမ်၊ ဆရာမထုနန်တို့ ဟာ တကယ်စိတ်ရှည်ပြီး လူနာပြုစုတကယ်တော်ကြတာ တွေ့ ရတယ်။ ကျနော်သူတို့ ကိုအရမ်းကျေးဇူးတင်တယ်။
အား…ကျွတ်ကျွတ်..အီး…အား..ဆိုတဲ့ ညည်းညူသံတွေဟာ မနက်ဆယ်နာရီ လူနာသန့် ရှင်းရေးနဲ့ ဒဏ်ရာ ဆေးကြောရေးလုပ်နေကြအချိန်တိုင်းကြားနေကြပါ။ ကျနော့်အလှည့်ရောက်ရင်လဲ ကျနော်ညည်းမိတယ်။ အဲ့လို့ ညည်းသံတွေကို ကြားရတဲ့မနက်ခင်းတွေများလာရင်း ကျနော့်ရင်မှာ အလင်းတန်းတခုပေါ်လာခဲ့ တယ်။ ငါတို့ လို ပဲ ဟိုဖက်က ထိတဲကောင်တွေ ဖြစ်နေကြမှာပဲ။ ဒီလောက်ဒဏ်ရာသေးသေးလေားတောင် ဒီလောက်ခံစားနေရရင် ပိုအနာတရဖြစ်တဲ့သူကပိုခံရမှာပဲ။ နောက်ပြီး နစ်ဖက်စလုံးထိခိုက်တဲ့သူတွေဟာ တနိုင်ငံတည်းသားတွေ။ ငါတို့ ဒီစစ်ပွဲကို ရပ်မှဖြစ်မယ်..ဆိုတဲ့အတွေးတခုပါပဲ။
ဒါပေမယ့် ထိုအချိန်ကကျနော်ရင်တွင်းက ခံစားချက်အတိုင်းသည်နေ့ ထိ တိုက်ပွဲတွေမရပ်နိုင်သေးပါ။ လက် နက်ကိုင်ပြီး အနိုင်ကျင့်ဗိုလ်ကျနေသရွေ့ လက်နက်ကိုင်အံတု ခုခံတော်လှန်မှုတွေဆက်ရှိနေအုံးမယ်။ လက် နက်ကိုင်တိုက်ပွဲဟာ ဆိုးကျိုးကိုသာပိုများစေကြောင်းသိပေမယ့် လက်နက်ကိုင်တိုက်ပွဲအသွင်တွေက ရှိနေ ရအုံးမယ့်အနေအထား။ တိုက်ပွဲမများ ရန်မပွားချင်ရင်တော့ ဘယ်လုပ်ရမယ်ဆိုတာ နိုင်ငံသားတိုင်းသိနေကြ ပါပြီ။ ပြောနေဆိုနေကြပြီ။ ရေးသားနေကြပြီ။ တောင်းဆိုနေကြပြီဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၃ရက်နေ့ မနက် လေးနာရီလေးဆယ့်ရှစ်မိနစ်မှဖြစ်ပွားခဲ့တဲ့ ခြုံခိုတိုက်ပွဲတခုကို အခြေပြုပြီး ကျနော့ ရှေ့ ခရီးကိုဆက်လျှောက်တဲ့အခါ ရီပေါ့တာ( reporter ) ဆိုတဲ့အဖြေဟာ ကျနော်တမင်တကာကိုေ၇ွးချယ် ခဲ့တဲ့ ရလဒ်ဖြစ်တယ်။ ကျောင်းခန်းထဲက ဘောပင်ကို မောင်းပြန်နဲ့အစားထိုးခဲ့တယ်။ အစားထိုးတဲ့ မောင်း ပြန်ဟာ အစစ်အမှန်မပေးနိုင်တဲ့အတွက် ဘောပင်ဖက်ကိုပြန်လှည့်ခဲပြန်တယ်။ ဒီတခါဘောပင်ကတော့ တစ်..ကောင်းညင်း နစ်..ဆီထမင်းဆိုပြီး တရစ်ခြင်းမလွဲအောင် သင်ရဖြေရမယ့် မြန်မာ့ပညာရေးထဲက အလွတ် ကျက်သင်ခန်းစာတွေမဟုတ်ပဲ ဘ၀ထဲကပေးတဲ့ အညတရစာသားလေးတွေဖြစ်ခဲ့ပြန်တယ်။
စောင်ငွေလရောင်
Thursday, December 12, 2013
မှတ်ချက်။  ။ ယနေ့  ၁၃ရက်နေ့ ဒီဇင်ဘာ မလူလာရွာဆိုတဲ့ မနီးမဝေးက တိုက်ပွဲခွင်လေးမှာ အတူတိုက်ခိုက်ခဲ့ကြတဲ့ ရဲဘော် ရဲမေများနဲ့  မဟာမိတ်ကေအိုင်အေရဲဘော်များအားလုံးအား သတိတရဖြင့် လေးစား ဂုဏ်ပြုလျက်…။
1 comment:
  1. ဘယ်သူနှင့်ဘယ်သူတိုက်ပွဲဖြစ်တာလဲ
    စာရေးသူကပဲရှင်းရှင်းလင်းလင်းမရေးတတ်တာလား
    ကျုပ်တို့ဖတ်တဲ့သူကပဲညံ့လို့လားမသိဘူး
    နားမလည်ဘူး ....
    ReplyDelete
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။