Monday, December 9, 2013

လိုင်ဇာ ဝေကြိုင်ဒုက္ခသည်ကျောင်းမှ ၉ နှစ်အရွယ် ကျောင်းသူ ကျောင်းဆောင်မှ ပြုတ်ကျသေဆုံး

(ကချင်သတင်းဌာန)

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ပေါ်ရှိ ဝေကြိုင် ဒုက္ခသည် စခန်းမှ သူငယ်တန်း ကျောင်းသူ မမေရီဆွတ်ဘူ (ခ) မထက်ထက်အေး သည် လိုင်ဇာ အထက် တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်မှ ဒီဇင်ဘာ ၄ ရက် နေ့က ပြုတ် ကျသေဆုံး သွားကြောင်း စခန်း တာဝန်ရှိ သူများထံမှသိရသည်။

အဆိုပါ သူငယ်တန်းကျောင်းသူလေး အသက်(၉) နှစ်အရွယ် မမေရီဆွတ်ဘူ (ခ) မထက်ထက်အေး မှာ ပြုတ်ကျပြီးနောက် ဆေးရုံသို့ရောက်ချိန် ၂ နာရီကျော်ကြာမှ သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။


“နေ့လည်ကျောင်းဆင်းချိန်ဆိုတော့ ဆရာမတွေလည်းပြန်ကုန်တဲ့ အချိန်ဖြစ်တယ်၊ အဲဒီမှာ ကလေးက ထမင်းဘူးပါတော့ အိမ်မပြန်ပဲ ကျောင်းမှာနေပြီး အပေါ်ထပ်ကျောင်းဆောင် ဝရံတာတန်းမှာ ဆော့နေကြတယ်၊ သူ့အဖော်နှစ်ယောက်ကိုပုန်းနေရင်း ထလာတော့တခုခုနဲ့တိုက်မိပြီး အောက်ကိုထိုးကျသွားတယ်၊ သွေးထွက်မှုမရှိပဲ ဒီအတိုင်းဦးခေါင်းအတွင်းကြေပီးဆုံးသွားတာပါ” ဟု ဒုက္ခသည် စခန်းအတွင်းရေးမှူး ဆလန်ဦးလဒီး ကပြောသည်။

မိသားစုဝင် (၅)ဦး ရှိသည့် အနက် အကြီးဆုံးသမီးဖြစ်ပြီး၊ ဖခင်မှာ လွန်ခဲ့သောနှစ်ပိုင်းတွင်သေဆုံးသွားကာ၊ မောင်လေး သုံးဦးနှင့်မိခင် ကျန်ရစ်ခဲ့ကြောင်းသိရသည်။

မမေရီဆွတ်ဘူသည် ကျန်းမာရေး ကောင်းမွန်ကာ သွက်သွက်လက်လက်ရှိပြီး၊ အဆော့သန်သူတဦးဖြစ်ကာ မိသားစုအခက်ခဲကြောင့် အတန်းပညာရေးတွင် နောက်ကျသင်ယူနေရချိန်၊ နမ်ဆန်ယန် ကျေးရွာအနီး၊ ပေါင်ဆယ်ယန် (Pause Yang) ကျေးရွာ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ စခန်းသို့ လာရောက် ခိုလှုံနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကလေးငယ် ရက်လည်အား ခုနှစ်ရက်မြောက်သောနေ့တွင် စခန်းကော်မတီမှ မိသားစုဝင်များနှင့် တိုင်ပင်ကာနှစ်သိမ့် ဆုတောင်းပွဲကို ဝေကြိုင်စခန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့သို့ဖြစ်ပွားပြီးနောက် ဝေကြိုင်ဒုက္ခသည် စခန်းမှ ကျောင်းသူ/ သားများကိုလည်း KIO မှ ဖွင့်လှစ်ထားသော ကျောင်းသုံးကျောင်းသို့ ခွဲတက်စေပြီး၊ လိုင်ဇာအထက်တန်းကျောင်းတွင် ကျောင်းသား ဦးရေ (၁၀၀)ကျော်၊ အလဲန့်ဘွမ် ဒုက္ခသည်ကျောင်းတွင် (၉၀)ခန့်နှင့် ဝေကြိုင်စခန်းတွင် အခြေခံမူလတန်း ဦးရေ (၄၀၀)ကျော်ဖြင့် စခန်းတွင်း ကျောင်းသားပေါင်း (၇၀၀)ကျော် ရှိကြောင်းလည်း သိရသည်။

ဒုက္ခသည်စခန်းများအတွင်း ပညာသင်ကြားနေသော ကလေးများတွင် မူကြိုအရွယ်မှ မူလတန်းအရွယ် များအတွက် လုံခြုံရေးများ ပိုမိုစိုးရိမ်နေရခြင်းဖြစ်ပြီး ယခုနှစ် မိုးတွင်းကာလတွင်လည်း မူကြိုကျောင်းသူကလေးတဦး ရေထဲသို့မျှောပါသေဆုံးမှုဖြစ်ပွားခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။