Friday, December 13, 2013

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ ၄ နေရာ ဖြစ်ပွား

(ကချင်သတင်းဌာန)

ယနေ့ ဒီဇင် ဘာ ၁၃ ရက် မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့များအကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေ အရာရှိများက ပြောသည်။

တိုက်ပွဲများသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေများဖြစ်သော KIA တပ်ရင်း ၉ နှင့် တပ်ရင်း ၈ ဒေသများ တွင် တနေရာစီ နှင့် တပ်ရင်း ၂ ဒေသတွင် ၂ နေရာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


ယနေ့ နံနက် ၈ နာရီကျော်ချိန် ကွတ်ခိုင်မြို့နှင့် မူဆယ်လမ်းမတွင်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၉ ဒေသ ဟူနောင် (Hu Nawng) တွင် ကွတ်ခိုင်ဘက်မှလှုပ်ရှားလာသော အစိုးရစစ်အင်အား ၄၀ ခန့်နှင့် KIA တပ်ရင်း (၉) ကြား ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း တပ်ရင်း ၉ မှ ကေအိုင်အေ အရာရှိ တဦးက ပြောသည်။

ဆက်လက်ပြီး ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ KIA တပ်ရင်း ၂ ဒေသတွင် ယနေ့ နံနက် ၈ နာရီချိန် မုန်ဂျီ ဘက်မှ လှုပ်ရှားလာသော အစိုးရစစ်အင်အား ၈၀ ကျော်နှင့် KIA တပ်ရင်း (၂)ကြား မုန်ဂျီ နောင်ဂန် တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၉ နာရီချိန်တွင် မုန်ဂျီ မန်ဂန် (Mung Ji Mungkang) ဘက်တွင် ပြန်လည် ပစ်ခတ်တိုက်ခဲ့ကြောင်း တပ်ရင်း (၃၆) ပြည်သူ့စစ် (MHH) တပ်ခွဲ (၅) မှူး ဗိုလ်ဇော်ဆိုင်းက KNG ကချင်သတင်းဌာန ကိုပြောသည်။

“အစိုးရတပ်က လမ်းမတိုင်းမသွားပဲ ကျနော်တို့ KIA၊ MHH (ပြည်သူ့စစ်) တွေ အမြဲရှိတဲ့နေရာမှာ လမ်းမှားပြီး ဝင်လာသလိုလိုနဲ့ ကျနော်တို့နေရာထဲ ရုတ်တရက်ဝင်လာတော့ တိုက်ပွဲတွေဖြစ်လာတာ”

ယနေ့တိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ အစိုးရတပ်မှ ကျဆုံး ဒဏ်ရာရရှိမှုစာရင်းကိုမှု မသိရှိရကြောင်း ကေအိုင်အေ တပ်မှူးများက ပြောသည်။

ထို့ပြင် ယနေ့နံနက် စောစောပိုင်းကလည်း မန်တုံမြို့နယ် မန်တုံနှင့် နမ္မတူကြား ကားလမ်းအနီးရှိ မန်ဓါတ်ရွာ ရဲစခန်းအား တပ်ရင်း (၈) ကချင်ပြည်သူ့စစ် (MHH)တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

၎င်းစခန်းတွင် ရဲတပ်သား ၁၅ ယောက်ခန့်ရှိသော စခန်းဖြစ်ပြီး ယနေ့နံနက်တွင် ပစ်ခတ်တိုက်ခိုက်ရာတွင် အစိုးရတပ်မှ ၄ ယောက်ကျပြီး သေနတ် ၆ လက်ရရှိခဲ့ကြောင်း ကျန်အစိုးရရဲသားများသည် မန်တုံမြို့ဘက်သို့ ထွက်ပြေးသိမ်းရှောင်သွားကြောင်း KIA တပ်မဟာ (၄) အရာရှိပြောသည်။

ထိုစခန်းသည် ဒေသခံ ပြည်သူများအား စစ်ဆေးမေးသည့် စခန်းဖြစ်ပြီး KIA သတင်းများယူသော စခန်းဖြစ် သောကြောင့် အခုလို ၀င်တိုက်ရခြင်းဖြစ်သည်ဟုအဆိုပါ အရာရှိက ပြောသည်။

ယခုအချိန်တွင် အစိုးရတပ်ဖွဲ့များသည် ရွှေဂက်စ် ဓါတ်ငွေ့ ပိုက်လိုင်း တည်ရှိရာ KIA တပ်မဟာ (၄) နယ်မြေ ဒေသအသီးသီးတို့ စစ်အင်အားများဖြင့် လှုပ်ရှားလာခြင်းကြောင့် KIA မှ ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲများ ဖြစ်ပွားခြင်းလာခြင်း ဖြစ်သည်ဟု ကေအိုင်အေ အရာရှိများက ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။